ဟားခါးရှိ စစ်ကောင်စီစခန်း ၂ ခုကို CNA၊ CDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်လို့ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး၊ ထန်တလန်မြို့ပေါ်တိုက်ပွဲတွင် ချင်းတပ်သား ၁ ဦး ကျဆုံး ၂ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုအား ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်အစောပိုင်းတွင် ချင်းအမျိုးသားတပ်ဦး CNA၊ CDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီထံမှ သိရှိရသည်။
“ဒီမနက် ၄ နာရီ ၅ နာရီခန့်မှာ ဟားခါးမြို့အထွက် ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတွေ တပ်စွဲတဲ့ ဂိတ်ကို ဝင်တိုက်တာ စစ်ကောင်စီတပ်သား ၅ ယောက်သေတယ်၊ နောက် ဟားခါးက ပြည်နယ်ရဲတပ်ဖွဲ့ရုံး အပေါ်ဘက် တောင်ကုန်း စေတီနားက စခန်းကို ဝင်တိုက်တာ ရဲတပ်ဖွဲ့ဝင် ၆ ယောက်သေတယ်၊ နှစ်ခုပေါင်း ၁၁ ယောက်ပေါ့။ CNA၊ CDF ဘက်ကတော့ အကျအဆုံးမရှိဘူး၊ ထန်တလန် တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ၁ ယောက်ကျတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ စစ်ကောင်စီတပ် အကျအဆုံးတော့ မသိရသေးဘူး” ဟု ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်၌ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများပိုမိုပြင်းထန်လာသလို နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။
“လက်ရှိ ချင်းပြည်နယ်မှာ အနော်ရထာစစ်ဆင်ရေးဆိုပြီး စစ်ကောင်စီက အင်အားတွေ တိုးချဲ့လာတယ်။ ဟားခါးဗျူဟာ၊ မတူပီဗျူဟာဆိုပြီး သူတို့ အထိုင်ချလာပြီးနောက်ပိုင်းမှာ ကျနော်တို့နဲ့ တိုက်ပွဲတွေ စိပ်လာတယ်။ ချင်းပြည်နယ်က မြို့နယ် ၇ ခုမှာ တိုက်ပွဲက ဖြန့်ပြီး ဖြစ်နေတယ်။ အခုဆို တိုက်ပွဲက ၁၃ ကြိမ် ၁၄ ကြိမ်လောက် ဖြစ်နေပြီ။ ပိုပြီး များလာမယ်၊ ပြင်းထန်လာမယ်လို့ ယူဆပါတယ်” ဟု ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သို့ သုံးသပ်ပြောဆိုသည်။khit thit