Monthly Archives: Nov 2021

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား အယောက်  ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၃ ရက်က  သံချပ်ကာကား ၂ စီးအပါအဝင် စစ်ကား ၇၅ စီးကို ချင်းပြည်ကာကွယ်ရေးတပ် မင်းတပ်(CDF-MINDAT)က မတူပီ-မင်းတပ် လမ်းကြားတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးခဲ့သလို အဲဒီတိုက်ပွဲမှာ CDF-MINDAT က ၃ ယောက် ဒဏ်ရာရပြီး အသက် ၇၃ နှစ်အရွယ် ပညာရေးအငြိမ်းစား ရဲဘော်တယောက်ဟာ ဒဏ်ရာ ပြင်းထန်လို့ ကျဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ မင်းတပ်-မတူပီလမ်း ၆ မိုင်အကျော်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ပဒေသာမိုင်းကြောင့် ၅ ယောက်လောက်ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့  CDF-MINDAT ကထုတ်ပြန်ပါတယ်။

နေ့လယ်ပိုင်းမှာလည်း မင်းတပ်-မတူပီ မိုင်တိုင် ၄၃ မှာ မတူပီကနေ ပြန်ဆင်းလာတဲ့ သံချပ်ကာ ၂ စီးပါတဲ့ ယာဉ်တန်းကို CDF-MINDAT က ရှေ့နောက် ညှပ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးက ကားကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်သားက ကားကို မောင်းပြေးတာကြောင့် ကားအောက်မှာ ဝပ်နေသူတွေ အကာ အကွယ်မဲ့ပြီး အကျအဆုံးများတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာလည်း ၃၁ မိုင်ကိုရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းရှည်ကို CDF-MINDAT နဲ့ ဒေသခံရွာသားတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်သား ၈ ယောက်လောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ တပတ်က မတူပီကိုလာတဲ့လမ်းမှာ ရွာသားတွေရဲ့ နွားနောက်တွေကို သတ်စားတာ၊ အိုးအိမ်တွေကို ဖျက်စီးတာတွေကြောင့် ရွာသားတွေလည်း ပါဝင်တိုက်ခိုက်လာကြတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက မိုင်တိုင် ၂၆ ဝန်းကျင်မှာ စစ်ကောင်စီယာဉ်တန်း ရှေ့ကင်းထွက်လာသူတွေကို CDF-MINDAT က ဆီးကြိုတိုက်ခိုက်ခဲ့လို့ ၁၀ ယောက်လုံး သေခဲ့ပြီး နောက်ဘက် ယာဉ်တန်းက လက်နက်ကြီးတွေ၊ သံချပ်ကာကားက စက်သေနတ်တွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တယ်လို့ CDF-MINDAT က ထုတ်ပြန်ထားပါတယ်။

နေ့လယ်ပိုင်းမှာလည်း ယာဉ်တန်းကို အနီးကပ်ဝင်တိုက်ခဲ့ပြီး CDF-MINDAT ရဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ၈ ယောက်လောက်သေဆုံးတယ်လို့ ဆိုပါတယ်။ ၃၁ မိုင်ဝန်းကျင် လမ်းဘေးမှာ ရဲတယောက် အလောင်းကို မြေမြှုပ်ထားတာတွေ့ရပြီး စစ် ကြောင်းမှာ ရဲတွေ၊ မီးသတ်တွေလည်း ပါလာတယ်လို့ ယူဆကြောင်း CDF-MINDAT က ထုတ်ပြန်ပါတယ်။

ဒီမနက် ၁၀ နာရီဝန်းကျင်မှာလည်း ကလေးမြို့ ကနေ ချင်းတောင်ကိုတက်လာတဲ့ စစ်ကောင်စီကားတွေကို PDF Zoland နဲ့ CDM Siyin တို့ပူးပေါင်းဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်တဲ့အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က လေယာဉ်တွေသုံးပြီး တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။DVB

မုံရွာမြို့ ဆည်မြောင်းရုံးရှိ စစ်ကောင်စီတပ်ကို မြို့ပြ ပြောက်ကျား ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်

မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက် ဆည်မြောင်းရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မုံရွာ မြို့ပြပြောက်ကျားအဖွဲ့ လေးဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် PDF – South Monywa အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် PDF South Monywa ၊ Monywa Heroes Group ၊ Monywa UG Group နှင့် Monywa Night King တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးများနှင့် တိုက်ခိုက်ပြီး သေနတ်များနှင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီ တပ်သား လေးဦး သေဆုံးသွားကြောင်းနှင့် ပြောက်ကျားအဖွဲ့များဘက်တွင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း PDF South Monywa အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ ကျွန်တော်တို့ ဖောက်ခွဲ ပစ်ခတ်ပြီးနောက် စစ်သားတွေက ရမ်းသန်းလိုက်ပစ်လို့ ကိုယ်ပိုင် အထက်တန်းကျောင်းနားမှာ ပြည်သူတစ်ဦး ထိမှန်သွားတယ် ” ဟု ၎င်းက ဆိုသည်။ ဖောက်ခွဲရေးအတွက် Monywa UG Group က တာဝန်ယူခဲ့ပြီး Monywa Night King အဖွဲ့က အနေအ ထားများကို စောင့်ကြည့် ကူညီအားဖြည့်ခဲ့သည်ဟု သိရသည်။mizzima

စစ်ကိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းတွင် ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်း ၃၅ လုံးဆွဲခံရပြီး စစ်သား ၃၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်း၊ ဝမ်းဘဲဂျိုင့်ကျေးရွာအနီးတွင် ခြေလျင်တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်း ၃၅ လုံးခွဲ၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးသွားပြီး ၃၀ ကျော်ဒဏ်ရာရရှိကြောင်း ပြည်သူတော်လှန်ရေး တပ်မတော်(PRA)မှ ပြန် ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် (ပုလဲ-ဂန့်ဂေါ)လမ်းမကြီး ဝမ်းဘဲဂျိုင့်ကျေးရွာ အရှေ့ဘက်တွင် စစ်တပ်အင်အား ၈၀ ကျော်ခန့်သည် ခြေကျင်လမ်းလျှောက်စစ်ကြောင်း တက်လာရာ ပြည်သူတော်လှန်ရေး တပ်မတော်(PRA) I Pale PDF-Headquarters နှင့် ဂျိုကာ အဖွဲ့တို့က ပူးပေါင်း၍ ပဒေသာမိုင်း ၃၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း PRA ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။

လက်ရှိတွင် မဟာမိတ်ပူးပေါင်းအဖွဲ့ ၃ ခုမှ တော်လှန်ရေး ရဲဘော်များ တစ်စုံ တစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။khit thit

ဘီးလင်းစာသင်ကျောင်း ဗုံးပေါက်ကွဲမှု မသက်ဆိုင်ဟု PDF ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာက အခြေခံပညာ အထက်တန်းကျောင်းခွဲ အရှေ့မှာ နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဒါဟာ  သူတို့အဖွဲ့ရဲ့ လက်ချက် မဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ရှင်းလင်းလိုက်ပါတယ်။

ဘီးလင်း PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာ ဆောင် ရွက်နေတယ်လို့ ဆိုထားပါတယ်။

စာသင်ကျောင်းအရှေ့ ဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်မှ PDF နဲ့ EAO များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားဖို့ လုပ်ဆောင်လာတဲ့ လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဗုံးပေါက်ကွဲမှုဟာ ဘီးလင်း PDF နဲ့ လုံးဝ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

စာသင်ကျောင်းအရှေ့ ဗုံးပေါက်ဟာ ညဦးပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေကို ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ထိ တက်ရောက်သူ နည်းပါးနေသေးတယ်လို့ ဒေသခံတွေ ဆိုပါတယ်။DVB

နိုင်ငံတော်၏အာဏာ ပြည်သူ့ထံပြန်ရောက်ရှိရေး ဆက်လက်ဆောင်ရွက်မည်ဟု CRPH ကြေညာ

နိုင်ငံတော်ရဲ့ အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုထံ ပြန်လည်ရောက်ရှိရေးကို မမှိတ်မသုံ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)က သဘောထားထုတ်ပြန်ထားပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ် သဘော ထားထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အင်အားစုအားလုံးနဲ့ လက်တွဲသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥ ပဒေတွေနဲ့အညီ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးနိုင်ခဲ့ပြီး ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကြားမှပင် ရဲရဲဝံ့ဝံ့ တက်ကြွစွာ ဆန္ဒမဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁၁၇၁ နေရာရှိတဲ့အနက် ၁၁၁၇ နေရာအတွက် ကျင်းပ ပေးနိုင်ခဲ့ပြီး နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၅၆၃၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦး‌ရေရဲ့ ၇၁ ရာခိုင်နှုန်း ကျော်က ဆန္ဒမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ တခဲနက် ဆန္ဒမဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး မဲမသမာမှုရှိတယ်ဆိုတဲ့ မမှန်မကန်စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေအရ မဖြေရှင်းပဲ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ကာ နိုင်ငံတော်ရဲ့ အာဏာကို အတင်းအဓမ္မ သိမ်းယူ ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့  အထွေထွေရွေးကောက်ပွဲရလဒ်ကို အကြမ်းဖက်စစ်ကောင်စီက ဖျက်သိမ်းကြောင်း ကြေညာခဲ့တာဟာ ပြည်သူလူထုရဲ့ ဆန္ဒသ ဘောထားနဲ့ မျှော်လင့်ချက်ကို လက်နက် အားကိုးနဲ့ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုက  အကြမ်းမဖက် အာဏာဖီဆန်မှု အပါအဝင် နည်းလမ်း မျိုးစုံနဲ့ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေဖို့ ဆန့်ကျင်တော်လှန်ခဲ့ ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းတာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးတာ၊ မတရားသိမ်းဆည်းလုယူတာတွေစတဲ့ အ ကြမ်းဖက်နည်းလမ်းတွေနဲ့ ဖိနှိပ်ခဲ့တာကြောင့် မြန်မာနိုင်ငံရေး အခင်းအကျင်းဟာ တော်လှန်ရေးအသွင် ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကိုတော့ ပြည်သူလူထုက အပ်နှင်း ထားတဲ့ အခွင့်အာဏာကို ကျင့်သုံးကာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံကာ ဥပဒေပြု ကိစ္စရပ်တွေကို ဆောင်ရွက်တာ၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အ စည်းတွေနဲ့ ဆက်ဆံ‌ရေးထူထောင် ချိတ်ဆက်ဆောင်ရွက်တာ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဖျက်သိမ်းတာတွေအပါအဝင် အမျိုးသား ညီ ညွတ်ရေး အတိုင်ပင်ခံ ကောင်စီက ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုထုတ်ပြန်ကာ ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) ဖွဲ့စည်းတာတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း တောရောမြို့ပါမကျန် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်တွေနဲ့အတူ ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ အ ကြမ်း ဖက်စစ်ကောင်စီ တပ်တွေ ကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။DVB

မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသက် ၂၈နှစ်အရွယ် မမြလေးနွယ်ကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊မုံရွာ-အမြင့်လမ်းဘေး ပေါက်ပင်ကျေးရွာကို ယမန်နေ့ညပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဝင်ရောက်စီးနင်းပြီး အသက် ၂၈ နှစ်အရွယ် ကျေးရွာသူ မမြလေးနွယ်ကို ပစ်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ် RNA က ပြောသည်။

“သပိတ်အဖွဲ့ဝင်တစ်ဦးကိုဝင်ရှာတာ၊အိမ်နေရာမှားပြီး စစ်ခွေး တွေကဝင်တာ၊အဲ့ဒါ သူတို့မြင်တော့ မမြလေးနွယ်က ကြောက်လို့ပြေးတာ အဲ့ဒါကိုပစ်တာ၊လည်ပင်းတစ်ချက် ရင်ဝတစ်ချက်မှန်ပြီး သေသွားတာ၊မနေ့ညက အလောင်းယူသွားတယ်၊မနက်ကမှ အလောင်းပြန်ပို့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသော မမြလေးနွယ်၏ အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ကျေးရွာက သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။khit thit

တရုတ်မှ ကိုဗစ်ကာကွယ်ဆေး ၂၄ သန်းဝယ်ယူထား၊ နောက်ဆုံးအသုတ် ၄ သန်းရောက်ရှိ

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း ဆဋ္ဌမ အ သုတ်အနေနဲ့ နိုဝင်ဘာ ၇ ရက်ညပိုင်းမှာ ထပ်မံရောက်ရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၆ သုတ် ခွဲကာ စုစုပေါင်း ၂၄ သန်းလုံး ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလာချိန်ကတည်းက လက်ရှိအထိ တရုတ်နိုင်ငံက ထောက်ပံ့ပေးခဲ့တဲ့ ကာကွယ်ဆေး ၃၄ ဒသမ ၆ သန်းရှိခဲ့ပြီး အဲဒီထဲက ၅ ဒသမ ၉ သန်းကတော့ တရုတ်နိုင်ငံက လှူဒါန်းတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅ သိန်းကျော်နဲ့ သေဆုံး သူ ၁၈,၈၀၀ ကျော်ထိ ရှိလာနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံ ရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့ တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၃ ဒသမ ၉ သန်းကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပေမဲ့ ပြည်သူ တွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွား ရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုနှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။DVB

စဥ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံရ၍ စစ်တပ်က ရွာကိုဝင်ဖျက်ဆီး၊ ရွာလုံး ကျွတ်ပြေးနေရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဟင်္သာမ ကျေးရွာ၌ စစ်ကောင်စီတပ်များ ဝင်ရောက်ပစ်ခတ် ဖျက်ဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ဟင်္သာမ ကျေးရွာ အုပ်ချုပ်ရေးမှူး ယမန်နေ့ နိုဝင်ဘာ ၇ ရက်က အသတ်ခံရခြင်းနှင့် စပ်ဆက်ပြီး စစ်ကောင်စီ တပ်များ ကျေးရွာသို့ ရောက်ရှိလာကာ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် သေနတ်သမားကို ဝင်ရောက် ဖမ်းဆီးသည့် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး သေနတ်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦး ပစ်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာကာ ဘေးရွာမှ လူငယ် တချို့အား ဖမ်း ဆီး၍ လူသားဒိုင်းလုပ်ကာ ဟင်္သာမ ကျေးရွာအတွင်း သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

” မနေ့က ၁၁ နာရီလောက်ထဲက ရောက်လာပြီး ပစ်နေတာ။ NLD ပါတီ ထောက်ခံတဲ့အိမ် ဆိုပြီး ရွာကဒလန်တွေ လက်ညှိုး ထိုးပြတဲ့အိမ်တွေ အကုန်ဖျက်ဆီးသွားတယ်။ ရွာကို မီးရှို့မယ်လို့လည်း ကြိမ်းသွားသေးတယ် ” ဟု ဟင်္သာမကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။ စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ကျေးရွာအတွင်းမှ အုပ်ချုပ်ရေးမှူးဟောင်း နေအိမ် အပါအဝင် နေအိမ် ၁၀ လုံးခန့်ကို ဖျက်ဆီးသွားပြီး ကုန်တင်မော်တော်တစ်စီး၊ စက်လှေ မောင်းရာတွင် အသုံးပြုသည့် စက် သုံးလုံးနှင့် စျေးဆိုင်အတွင်းမှ ဆီပုံးများကို ယူဆောင်သွားသည် ဟု ဆိုသည်။

“ရောက်လာပြီးထဲက ညနေ ၆ နာရီ လောက်အထိ တရစက် ပစ်နေတော့ အကုန်ပြေးနေရတာ။ ဒလန်တွေက အိမ်တွေမီးရှို့မယ် ဆိုပြီး ပုန်းတဲ့နေရာတွေအထိ လိုက်ပြတော့ အကုန်အဝေးတွေ ပြေးနေရတာ။ စိုက်ပျိုးရာသီကြီး ဒီလိုလုပ်တော့ တောင်သူတွေ အကုန် ဒုက္ခ ရောက်တာပေါ့။ စိုက်ပျိုးချိန် လွန်ကုန်ပြီ “ဟု ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

ထုံးကြီးကျေးရွာ စခန်းမှူး ဦးဆောင်သည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်များက ယမန်နေ့တွင် ယင်းကဲ့သို့ လာရောက် ဖျက်ဆီးသွားခြင်း ဖြစ်သည်။ ယနေ့တွင်လည်း ခရိုင်မှူး ဦးစီးကာ လာရောက်မည် ဆိုသော သတင်းနှင့် ကျေးရွာဒလန်များက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်မှုများ ကြောင့် ရှောင်တိမ်းနေရသည်ဟု ဒေသခံများက ဆိုသည်။mizzima

« Older Entries