Monthly Archives: Nov 2021

ကောလင်းနှင့် ဒီပဲယင်း ကျေးရွာများတွင် စစ် တပ်က ဝင်ရောက်မီးရှို့၊ ရွာသားများကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထဲမှာ  စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ စစ်အင်အားတိုးချထားပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့ ရွာသားတွေကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနေတာကြောင့်  ပြည်သူတသောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ကောလင်းမြို့နယ် အနောက်ခြမ်း ကျေးအင်းရွာမှာ စစ်တပ်က  ပြည်သူတယောက်ရဲ့  ခြေထောက်နဲ့ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ပြီး မြေမြှုပ်ခဲ့သလို  ဥက္ကံရွာမှာ ရွာသား၂ ယောက် ပစ်သတ်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“သူတို့က ဥက္ကံရွာဘက်ကို ပိုပြီးလုပ်နေကြတာ။ ကျောက်ဖြူတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာသား ၂ ယောက် ပစ်သတ်ခံ ထားရတာရှိတယ်။ ဘယ်က ဘယ်သူတွေလဲတော့မသိသေးဘူး။ ရွာသားတွေ အားလုံးနီးပါး ပြေးနေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဥက္ကံရွာကို စစ်သားတွေ ဝင်ရောက် မွှေနှောက်ရှာဖွေနေပြီး အိမ်တွေကို ဖျက်ဆီးသလို ရွာသား ၇ ယောက် ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

နေ့လယ်ပိုင်းမှာတော့ အောက်ကလုံးရွာနားက တဲအိမ်တချို့ကို စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဥက္ကံချောင်းနား၊ အိုင်ကြီးတလျှောက်ရွာသားတွေ တိမ်းရှောင်နေကြရပါတယ်။

မနေ့ကလည်း ကောလင်းမြို့နယ်ထဲကို ရဟတ်ယာဉ်နဲ့ စစ်ကူ ၂၀ လောက်ချပေးပြီး ဒီပဲယင်းကို ရဟတ်ယာဉ်နဲ့ ၅ ကြိမ်၊ ကျွန်းလှကို ၉ ကြိမ်အ ထိ စစ်သားတွေ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၉ ရက်ဒီနေ့မှာတော့ ဒီပဲယင်းမြို့နယ်အနောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ခုခွဲပြီး ဝင်ရောက်လာကာ လက် နက်ကြီးတွေနဲ့ပစ်ခတ်တာ နေအိမ်တွေကို အကြမ်းဖက်မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

လတ်တလော ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ 

စစ်ကောင်စီက သူတို့သွားမယ့်လမ်းတွေမှာ လက်နက်ကြီးတွေကြိုပစ်ပြီးလမ်းကြောင်းရှင်းနေတာဖြစ်လို့ ဒေသခံ PDF တွေဟာ ကြားဖြတ်တိုက်ခိုက်ဖို့အခွင့်အရေးမရနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံ  PDF အဖွဲ့ဝင်က ပြောပါတယ်။  

မကွေးတိုင်း ယောဒေသကိုတော့ စစ်ကောင်စီလမ်းကြောင်းက တဖြေးဖြေးချင်းတိုးဝင်နေပြီး စစ်ကားအစီး ၃၀ ထဲက ၁၄ စီးဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ ဂန့်ဂေါမြို့နယ်ထဲကို ရောက်နေပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ကလေး-ဟားခါးလမ်းခွဲအနီးမှာ ကျန်နေခဲ့တဲ့ စစ်ကား ၁၆ စီးနဲ့ ဒေသခံ YDF တွေကတော့ ထိတွေ့မှုတွေရှိနေပြီး အခြေအနေအသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။ စစ်ကားအစီး ၃၀ ပါဝင်တဲ့ စစ်ကောင်စီလမ်းကြောင်းဟာ ယောဒေသကို တိုက်ခိုက်ဖို့ထက် ချင်း ပြည် နယ်ဆီကို လက်နက်၊ ရိက္ခာနဲ့ တပ်သားတွေ ထပ်ပို့ဖို့ ရည်ရွယ်တာမျိုးပိုဖြစ်နိုင်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပါတယ်။

ချင်းပြည်နယ်မှာတော့ စစ်ကောင်စီက အင်အားတိုးမြှင့်ဖို့ ဦးစားပေးပြင်ဆင်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ လျော့နည်းနေပါတယ်။ ဒေသခံ CDF တွေနဲ့ ချင်းအမျိုးသား တပ်ဦး CNF တို့ဘက်ကလည်း တိုက်ပွဲအတွက်ပြင်ဆင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် ချင်းပြည်နယ်ကိုတော့ လေကြောင်းကနေတိုက်ခိုက်ဖို့ မလွယ်ကူနိုင်ဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF  တာဝန်ရှိသူက ဆလိုင်းထက်နီ ကပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အကြမ်းဖက်ထိန်းချုပ်ဖို့ကြိုးစားနေပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီက လေကြောင်းသယ်ယူပို့ဆောင်ရေးကိုပါအသုံးပြုပြီး စစ်ကူတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။

အနောက် မြောက်တိုင်းစစ်ဌာနချုပ် မုံရွာမြို့နဲ့ မိတ္ထီလာမြို့တွေမှာလည်း တပ်သားအင်အားထပ်တိုးစုဆောင်းနေပြီး ၃ လအတွင်း အနောက် မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။DVB

ဒီပဲယင်းတွင် ရဟတ်ယာဉ်နှင့်လာသည့်စစ်တပ်က ရွာများကို စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျေးရွာတွင် ရောက်ရှိတပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (နိုဝင်ဘာ ၉) မနက်တွင် ရွာ ၃ ရွာမှ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မနက် ၇ နာရီမှစ၍ အိမ်ခြေ ၁၀၀ ခန့်ရှိ ဝန်းရံကျေးရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ပြီး ဘေးချင်းကပ်ရွာဖြစ်သည့် အိမ်ခြေ ၈၀ ခန့်ရှိသော ကုန်းရိုးရွာအတွင်း ဝင်ရောက်ကာ နေအိမ်လေးလုံးကို မီးရှို့ခဲ့သည်ဟု ဝန်းရံရွာသားတစ်ဦးက ယနေ့ နေ့လယ်တွင် ပြောသည်။ 

“ရွာတွေထဲ ပတ်ချာလည် လှည့်မွှေပြီးတော့ အိမ်တွေမီးရှို့၊ ပစ္စည်းတွေရှာ အဲဒီလိုလုပ်တာ။ ကျွန်တော်က တောထဲကနေ ကြည့်နေတာဆိုတော့ မီးခိုးတွေမြင်နေရတယ်။ အခု တပ်တည်ရွာမှာ မီးခိုးတွေမြင်နေတယ်။ ဝန်းရံနဲ့ ကုန်းရိုး (ရွာ)ကတော့ သေချာပေါက်မီးလောင်သွားတယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြရန် မလိုလားသော ထိုအမျိုးသားက ပြောပြသည်။

ကုန်းရိုးရွာနှင့် ကပ်လျက်ရှိသော တပ်တည်ရွာကိုလည်း ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၈) တွင် စစ်သားများ ရဟတ်ယာဉ် ၄ စီးအပြည့် ရောက်ရှိလာခြင်းဖြစ်ပြီး ဝန်းရံ ကျေးရွာစာသင်ကျောင်း၌ တပ်စွဲခဲ့သည်။ ညနေတွင် ရဟတ်ယာဉ်တစ်စီး ထပ်မံရောက်ရှိကာ စစ်သားများ လာချသွားသဖြင့် စုစုပေါင်း အင်အား ၈၀ နှင့် ၁၀၀ ကြား ရှိနိုင်သည်ဟု ရွာခံများက ခန့်မှန်းကြသည်။  

နေအိမ်များကို မီးရှို့သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယနေ့ညနေပိုင်းက ဖုန်းခေါ်ဆိုသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်သားများ ဝင်ရောက်စီးနင်းမှုကြောင့် ဒီပဲယင်းမြို့အနောက်ဘက် တစ်မိုင်အကွာရှိ ဝန်းရံ၊ ကုန်းရိုးရွာအပါအဝင် နီးစပ်ရာ ကျေးရွာ ၅ ရွာမှ ဒေသခံ ရာပေါင်းများစွာ ထွက်ပြေးနေရသည်။

စစ်ကောင်စီတပ်က ရန်ပြုမည်ကို စိုးရိမ်သဖြင့် ပြေးကြခြင်းဖြစ်သည်ဟု အထက်ပါ ဝန်းရံရွာဒေသခံက ဆက်ပြောသည်။ 

“စည်းကမ်းမဲ့ပေါ့ဗျာ။ ဒီဘက်က (လက်နက်နဲ့) မခုခံဘဲနဲ့တောင် အိမ်တွေမီးရှို့တာဆိုတော့ မခံစားနိုင်ဘူး။ သူတို့ မပြန်သေးတော့လည်း ရွာပြန်လို့မရဘူးပေါ့ဗျာ။ လက်ရှိအနေအထားကတော့ တောကြိုတောင်ကြားမှာ အိပ်နေရတယ်”ဟု သူက ပြောသည်။

အဆိုပါရွာများမှ ဒေသခံများသည် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရပြီး ယခုညပိုင်းအချိန်ထိ တောထဲတွင် တိမ်းရှောင်နေကြရသည်။ 

အမည်မဖော်လိုသော ကုန်းရိုးရွာသားတစ်ဦးက စစ်ကောင်စီတပ်၏ ရန်ကို ဒေသခံတို့ ကြောက်နေရသည်ဟု ဆိုသည်။

“ကျွဲတွေ၊ နွားတွေ ထားခဲ့ပြီး အကုန်ပြေးရတာ။ ဘယ်သူမှ မကျန်ဘူး။ ကြောက်တာကလွဲပြီး ဘာမှ မပြောနိုင်ဘူး။ သူတို့ကိုလည်း ကျဆုံးစေချင်တယ်” ဟု ကုန်းရိုးရွာသားက ပြောသည်။ 

ဇူလိုင် ၂  ကလည်း ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်က အင်အားသုံးတိုက်ခိုက်မှုကြောင့် ဒေသခံများ၊ PDF အဖွဲ့ဝင်များအပါအဝင် ၃၁ ဦး သတ်ဖြတ်ခံရသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကို အားကိုးသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိရာ ဒေသများတွင် ရဟတ်ယာဉ်သုံးကာ ရိက္ခာ၊ လူအင်အား ဖြည့် တင်းမှုများ ပြုလုပ်နေသည်။

အောက်တိုဘာ ၂၈ ကလည်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ဘက်မှ PDF များရှိသည်ဟု ယူဆရသည့်နေရာများသို့ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် ယင်းနေ့က သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ ကျွဲတဲရွာအနီး ရဟတ်ယာဉ်ဖြင့် စစ်သားများ လာချခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အနီးနား ရွာ ၅ ရွာမှ ဒေသခံ ထောင်ဂဏန်း ထွက်ပြေးခဲ့ရသည်။

အောက်တိုဘာ ၂၂ ကလည်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများထံ လက်နက်ခဲယမ်းများကို ရဟတ် ယာဉ်ဖြင့် ၂ ကြိမ် လာပို့ခဲ့သည်ဟု ကပေါင်းကျကျေးရွာဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုအားကောင်းခဲ့ပြီး အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် လက်နက်ကိုင်ပြန်ခုခံနေရာ စစ်ကောင်စီက ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းတစ်ခုလုံးကို စစ်ဆင်ရေးအသွင် ချေမှုန်းနေသည်။ myanmar now

မောင်တောမြို့နယ်မြောက်ပိုင်းတွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာနဲ့ ၆ မိုင်ခန့်အကွာမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်ကနေ  မွန်းလွဲ  ၁ နာရီကျော်အထိ ရခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တမန်းသားကျေးရွာသားတစ်ဦးက “ဒီနေ့ မနက် ၁၂ နာရီလောက်ကတည်းက စဖြစ်ကြတာ။ တမန်းသားရွာနဲ့ ၆ မိုင်လောက်အကွာမှာ အေအေ အထိုင်ချထားတဲ့ စခန်းကို တပ်မတော်က ထိုးစစ်ဆင်တာ ဗျူဟာမှူးကိုယ်တိုင်ထိုင်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ ထိခိုက်ဒဏ်ရာရသူတွေကို ဘူးသီးတောင်ဆေးရုံကို သယ်သွားကြတယ်လို့ သိရတယ်။” လို့ ပြောပါတယ်။

တမန်းသားကျေးရွာနဲ့ ၆ မိုင်လောက်အကွာမှာ  လက်နက်ကြီး လက်နက်ငယ်အသံတွေ ထွက်ပေါ်နေပြီး ရဟတ်ယာဉ်အသံတွေပါ ကြားနေရလို့ အနီးနားက  ကျေးရွာတွေရှိ  ကျေးရွာသူ ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ရေနောက်ငါးသားကျေးရွာနေ ရွာသားတစ်ဦးကလည်း ဒီနေ့မနက် ၁၂ နာရီဝန်းကျင်ကစပြီး တမန်းသားနဲ့ ရေနောက်ငါးသားကျေးရွာတို့ရဲ့ အ ရှေ့ ဘက်တောင်တန်းတွေမှာ လက်နက်ကြီးငယ်ပစ်ခတ်မှုရှိတယ်လို့  အတည်ပြုပြောပါတယ်။

“ပစ်ခတ်မှုတွေ ဖြစ်ကြတယ်လို့သိရတယ်။ တမန်းသားကျေးရွာရဲ့ အရှေ့ဘက်ပေါ့နော်။  ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့လည်းသိရတယ်။”

အဆိုပါ တိုက်ပွဲနဲ့ပတ်သက်ပြီး   ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အေအေတပ်တွေ အထိုင်ချထားတဲ့နေရာကို မြန်မာစစ်တပ်က အင်အားတိုးချလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက​ပြောပါတယ်။

“အေအေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို အင်အားအလုံးအရင်းနဲ့ တက်လားတော့ ပစ်ခတ်မှု တွေဖြစ်ကြတာပါ။” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း အေအေ ပိုင်နက်ထဲ တိုးချဲ့ဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့ ပစ် ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်နေတာ ၁ နှစ်လောက်ကြာ ရှိနေပြီးနောက်  အခု တကျော့ပြန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာပါ။DVB

သထုံမြို့နယ်က စစ်ကောင်စီ အမြှောက်တပ် လက်နက်တိုက် ဗုံးခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ အာဏာသိမ်း စစ်ကောင်စီ အမှတ် (၄၀၂) အမြှောက်တပ်ရင်း အတွင်းရှိ လက်နက်တိုက်ကို အနီးကပ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) ဒုခေါင်းဆောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။အဆိုပါ လက်နက်တိုက်ကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေငါးရီဝန်းကျင်အချိန်ခန့်တွင် MTHSF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်နက်တိုက်အနားကို တိုးဝင်ပြီးတော့ အတွင်းအထဲထိကို လက်လုပ်မိုင်းထည့်ခဲ့တာ။ လက်နက်တိုက်ကို နံရံနဲ့ လူနဲ့ကပ်ပြီးတော့ အပေါက်ထဲကို ထည့်ခဲ့တာ။ လက်နက်တိုက်က စစ်တပ်ရဲ့အတွင်းထဲမှာမဟုတ်ဘူး။ အပြင်ပတ်လည် နည်းနည်းရောက်နေတာ” ဟု MTHSF တပ်ဖွဲ ဒုခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် လက်နက်တိုက်၏ အဆောက်အဦး နံရံတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့ပြီး လက်နက်တချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သော် လည်း လူထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ ကြားသိရတာကတော့ လက်နက်ကြီးတွေက ရွှေ့ထားတယ်လို့ ကြားသိရတယ်။ တကယ်လို့ သူတို့မရွှေ့ထားခဲ့ဘူးဆိုလို့ရှိရင်တော့ အဲဒီ (၄၀၂) တစ်တပ်လုံး ပြာကျမှာတော့ သေချာတယ်။ ဆိုတော့ လက်နက်ငယ်ရယ်၊ ကျည်ရယ်အဲလောက်ပဲ ထားထားတဲ့ လက်နက်တိုက်ဖြစ်သွားတယ်” ဟု MTHST က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ အမှတ် (၄၀၂) အမြှောက်တပ်ရင်းသည် ညအချိန်တွင် ဒေသခံပြည်သူများအပေါ် ခြောက်လှန့်ပစ်ခတ်မှုများ လုပ် ဆောင်လေ့ရှိသည့်အတွက် ဗုံးခွဲတိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခုထက် ပြင်းထန်သည့် တိုက်ခိုက်မှုများဆက်ရှိလာမည်ဟု ထိုအဖွဲ့က ပြောသည်။

မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) က တိုက်ခိုက်ခဲ့သော စစ်ကောင်စီအမှတ် (၄၀၂) အမြှောက်တပ်ရင်းသည် သထုံမြို့နယ် တောင်ဘက်ခြမ်းတွင် တည်ရှိပြီး သထုံမြို့ပေါ်နှင့် သုံးမိုင်ဝန်းကျင်ခန့်သာ ကွာဝေးကြောင်း သိရသည်။ အဆိုပါ (၄၀၂) အမြှောက်တပ်ရင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း လုပ်လုပ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက် ခံခဲ့ရသေးသည်။mizzima

Mytel အကြီးအကဲ သတ်ခံရသည့်နေ့တွင် ဘေးရပ်ကွက်မှ အယောက် ၂၀ ဖမ်းခံရ

တပ်ပိုင်ကုမ္ပဏီများ၏ အကြီးအကဲ ဗိုလ်မှူးဟောင်း၊ Mytel ဆက်သွယ်ရေးကုမ္ပဏီ ဘဏ္ဍာရေးမှုးချုပ်  ဦးသိန်းအောင် ပစ်သတ်ခံလိုက်ရသည့် နိုဝင်ဘာ ၄ ရက်နေ့က ထိုမြို့နယ်အတွင်း အဆောင်တစ်ခုမှ လူငယ် ၂၀ ကို စစ်တပ်က ည ၇ နာရီတွင် အင်အားအလုံးအရင်းဖြင့် သွားရောက်ပြီး ဖမ်းဆီးကြသည်ဟု သိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ခြံချင်းကပ်လျက်ဖြစ်သည့် မရမ်းကုန်းမြို့နယ်၊ ၇/ဂ ရပ်ကွက် တေးနုယဉ်လမ်းရှိ နေအိမ်အနီး၌ နံနက် ၇ နာရီခန့်တွင် သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ဦးသိန်းအောင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဉ်အပြီး စစ်သားအင်အား ၁၅၀ ခန့်ဖြင့် ပိုက်စိပ်တိုက်ရှာဖွေကြကြောင်း၊ ည ၇ နာရီခန့်တွင် အခြားရပ်ကွက်မှ လူငယ်များကို ဖမ်းသွားကြောင်း ထိုရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်သူ ဘယ်သူတွေဆိုတာတော့ နာမည်တွေမသိရဘူး၊ မိန်းကလေးတွေလည်း ပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ ကာယကံရှင်တွေကိုလည်း ဆက်သွယ်လို့မရဘူး။ အဆောင်ပိုင်ရှင်တော့ အဖမ်းမခံရဘူး”ဟု ၎င်းက ပြောသည်။

အဖမ်းခံရသူတို့မှာ အမှတ် ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းရှိ ဒေါ်ကြည်ညွန့်အဆောင်နေသူများဖြစ်ကြောင်း၊ ဖမ်းဆီးမှု နေ့စဉ် ရှိနေသည့် ရန်ကုန်တွင် ၎င်းတို့ကို မည်သည့်အမှုအတွက် သံသယဖြစ်ပြီး ဖမ်းဆီးသည်ကို မသိရကြောင်း ၎င်းက ဆက်ပြောသည်။

အဖမ်းခံရသူတို့ စစ်ကားဖြင့် ပါသွားသည်ကို တွေ့ရသော်လည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ စုံစမ်း၍ မရသေးဟု ဆိုသည်။

ယခု ဖမ်းဆီးခံရသည်ဆိုသော လူငယ် ၂၀ ဦးနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

အသက် ၅၆ နှစ်အရွယ် ဦးသိန်းအောင် ပစ်သတ်ခံရသည့် ၇/ဂ ရပ်ကွက်တွင်မူ ထိုနေ့က ဖမ်းဆီးခံရသူမရှိဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က ပြောသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ခြံချင်းကပ်လျက်ရှိသည့် တေးနုယဉ်လမ်းတွင် အိမ်ခြေ ၈၂ လုံးရှိကာ အားလုံးနီးပါးမှာ အငြိမ်းစားတပ်အရာရှိများဖြစ်ကြောင်း၊ အဝင်အထွက်တစ်လမ်းသာရှိပြီး အဝင်ဝတွင် ၂၄ နာရီ စောင့်ကြပ်သည့် လုံခြုံရေးအဖွဲ့ရှိကာ ၎င်းကိုယ်တိုင်ပင် အစစ်ဆေးခံပြီးမှ ဝင်ခွင့်ရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဦးသိန်းအောင် အသတ်ခံရသည့်အချိန်ထက် အနည်းငယ်စော၍ တေးနုယဉ်လမ်းအတွင်း စက်ဘီးနှစ်စီးဖြင့် ရောက်လာသည့် လူငယ်သုံးဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် တွေ့ရကြောင်း ၎င်းက ပြောသည်။

သို့သော် အခင်းဖြစ်သည့်နေ့တွင် စစ်ကောင်စီက သတင်းဌာနတချို့ထံ ဖြေကြားရာတွင် ဦးသိန်းအောင်တို့ ဇနီးမောင်နှံကို သေနတ်သမားတစ်ဦးက ပစ်ခတ်သွားပြီး ရန်ကုန်-ပြည်လမ်းအတိုင်း ထွက်ပြေးသွားသည်ဟု ဆိုသည်။ 

ထို့အတူ အခင်းဖြစ်ချိန်တွင် အတူရှိနေပြီး ဒဏ်ရာရခဲ့သည့် ဇနီးဖြစ်သူ ဒေါက်တာသိမ့်အောင်သူကို မင်္ဂလာဒုံမြို့နယ်ရှိ ခုတင် ၁,၀၀၀ စစ်ဆေးရုံတွင် ကုသနေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသော်လည်း စစ်ကောင်စီကမူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိသည်ဟု ဆိုသည်။ ဒေါက်တာသိမ့်အောင်သူ၏ ဒဏ်ရာအခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

လုံခြုံရေးကောင်းသော သီးသန့်ရပ်ကွက်တွင် ပေါ်ပေါက်ခဲ့သည့် ထိုပစ်ခတ်မှုမှာ အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ လက်ချက်ဖြစ်သည်ဟု ယူဆသူများရှိသလို အချင်းချင်းလုပ်ကြံမှုသာ ဖြစ်နိုင်သည်ဟု ယူဆသူများလည်း ရှိသည်။ 

ဦးသိန်းအောင်သည် စစ်တပ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီ Mytel တွင် CFO တာဝန်အပြင် အခြားသော တပ်ပိုင်ကုမ္ပဏီကြီးဖြစ်သည့် မြန်မာ့စီး ပွား ရေးကော်ပိုရေးရှင်း (MEC) ၏ အထွေထွေမန်နေဂျာ (GM) တစ်ဦးလည်းဖြစ်သည်။

ထို့အတူ စစ်တပ်၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် Star High Group, Star High Co., Ltd, Jewels of Angel, Golden Majestic Star Mobile, Agro Pack, Telecom International Myanmar တို့တွင်လည်း ဦးသိန်းအောင်က ဒါရိုက်တာအဖြစ် ပါဝင်သည်ကို မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။

ထိုလုပ်ငန်းများအနက် ဦးသိန်းအောင် အမြင့်ဆုံးရာထူးတာဝန်ယူထားသည့် Mytel ၏ ရှယ်ယာ ၂၈ ရာခိုင်နှုန်းကို MEC လက်အောက်ခံ Star High ကုမ္ပဏီ၊ ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment ကုမ္ပဏီ၊ ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding က ပိုင်ဆိုင်ထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် လုပ်ရပ်ကို ဆန့်ကျင်သော ပြည်သူတို့က တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ကြရာ Mytel ၏ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ သုံးလဝင်ငွေ ကန်ဒေါ်လာ ၂၅ သန်း(ကျပ် ၄၅ ဘီလျံ) ခန့် ထိခိုက်သည်အထိ ဖြစ်ခဲ့သည်။

ထို့အတူ တစ်နိုင်ငံလုံးတွင် Mytel တာဝါတိုင် ၁၂,၀၀၀ ခန့်ရှိသည့်အနက် နိုဝင်ဘာလဆန်းပိုင်းအထိ ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရသဖြင့် လူအစောင့်ချ၊ စစ်တပ်သုံးခြေနင်းမိုင်းသုံး၍ ကာကွယ်ရသည်အထိပင် စစ်တပ်က သူ၏ အကျိုးစီးပွားကို ကာကွယ်နေရသည်ဟု ကုမ္ပဏီကို စွန့်ခွာ၍ အာ ဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အင်ဂျင်နီယာ ၇ ဦးထံမှ သိရသည်။myanmar now

မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀ ကျော် သိမ်းဆည်းရမိ

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်နယ်စပ်တလျှောက်မှာ ကီလိုဂရမ် ၂၅၀ ကျော်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်လာခဲ့တယ်လို့ NDTV  အိန္ဒိယ သတင်းမှာဖော်ပြပါတယ်။ 

အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနဲ့ မြန်မာကြား ကူးသန်းသွားလာ ဂိတ်လည်းဖြစ်တဲ့ မဏိပူရ်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မိုရေးမှာ တီထွင်ဖန်တီးထုတ်လုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း သို့မဟုတ် IED ကိရိယာ ၂၄၃ ခုကို သိမ်းဆည်းရမိခဲ့တာပါ။

အရွယ်အစားအမျိုးမျိုးရှိတဲ့ IED တန်ချိန်လေးပုံတစ်ပုံလောက်ကို မိုရေးမြို့ကနေ ပြန်လည်ရရှိခဲ့ကြောင်း အမှတ် ၄၃ အာသံရိုင်ဖယ်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၅၀ ဂရမ်နဲ့ ၅၀၀ ဂရမ်အကြားရှိ IED ဖောက်ခွဲရေးပစ္စည်း ၁၉၇ ခု၊ ၃ ကီလိုဂရမ်ရှိ ဖောက်ခွဲရေးပစ္စည်း ၃၃ ခု၊ ၄ ကီလိုဂရမ်ရှိ ဖောက်ခွဲရေးပစ္စည်း ၄ ခု၊ ၅ ကီလိုဂရမ်ရှိ ဖောက်ခွဲရေးပစ္စည်း ၉ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ဖောက်ခွဲရေးပစ္စည်းတွေကို ချိတ်ဆက်ရာမှာ သုံးလေ့သုံးထရှိတဲ့ cortex ဝါယာကို အားသွင်းဖို့အတွက် 12 ဗို့ ဘက်ထရီနှစ်လုံးကိုလဲ ဖော်ထုတ်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နယ်စပ်တစ်လျှောက် နယ်မြေစိုးမိုးရေး ကင်းလှည့်မှုကို လုပ်ဆောင်နေချိန်မှာ ရှေ့ပြေးကင်းထောက်အဖွဲ့က သစ်ရွက်တွေနဲ့ ဖုံးအုပ်ပြီး သေချာလေးကိုဖွက်ထားတဲ့ သေတ္တာတွေကို တွေ့ရှိခဲ့ပါတယ် လို့ ဆိုပါတယ်။ 

သိမ်းဆည်းရမိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို မိုရေးမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေတွေ့ရှိမှုဟာ လာမယ့်နှစ် မဏိပူရမှာ ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မယ့် အစီ အစဉ်တွေကို ညွှန်ပြတာဖြစ်နိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

အစောပိုင်းတုန်းက ပြည်နယ်အစိုးရဟာ လိုင်စင်ရသေနတ်ကိုင်ဆောင်သူတွေကို ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့လက်နက်တွေ အပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ မဏိပူရလွှတ်တော်ရဲ့လက်ရှိသက်တမ်းဟာ ဖေဖော်ဝါရီလမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။DVB

မကွေးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရ

မကွေးတိုင်းက NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို နိုဝင်ဘာ ၉ ရက်နေ့ တရက်တည်းမှာ အကြမ်းဖက်စစ်ကောင်စီက အဓမ္မချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ မကွေးမြို့က ဒေါ်ခင်ချိုလတ်ရဲ့ မိဘပိုင်နေအိမ်၊ မင်းလှမြို့က ဒေါက်တာရဲထွန်းဇော် ရဲ့ ဆေးခန်းနဲ့ တောင်တွင်းကြီးမြို့က ၂၀၁၅ ခုနှစ်၊ တိုင်းဒေသကြီးအမတ်ဟောင်း ဦးဝင်းမြင့်လှိုင်တို့ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို အဓမ္မချိပ်ပိတ်ခံရတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ဒေါ်ခင်ချိုလတ် ပိုင်ဆိုင်တဲ့အိမ်မရှိဘူး။ သူ့မိဘအိမ်ပဲရှိတာ။ သူပိုင်တဲ့အိမ်ထင်ပြီး နေ့လယ် ၂ နာရီကျော်လောက်က စစ်သား၊ ရဲနဲ့ စရဖ တွေ ၂၀ လောက်က ဗွီနိုင်းအနီကြီးကပ်ပြီး ချိပ်ပိတ်သွားတာပဲ။ ဘယ်လိုတွေ ဆက်လုပ်ကြမလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်ဟာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ မတရားအမှုဖွင့်ထားခံရတဲ့အတွက် ပြီးခဲ့တဲ့ မတ်လကတည်းက တိမ်းရှောင်နေရပြီး ရှမ်းပြည်နယ်၊ ရပ်ဆောက်မြို့မှာ နိုဝင် ဘာ ၈ ရက်နေ့က ဖမ်းဆီးခံလိုက်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

”အကြမ်းဖက်စစ်ကောင်စီရဲ့ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေကို PDF အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်စပ်နေတယ်ဆိုပြီး နိုင်ငံတော်ပိုင်သိမ်းဆည်းမယ်၊ မကျူးကျော်ရ၊ ရောင်းဝယ်ခြင်းမပြုရဆိုတဲ့ ဗွီနိုင်းတွေ ကပ်သွားကြတာ၊ တကယ်ရူးလိုက်ကြတဲ့ကောင်တွေ။ ဆေးမမီတော့ဘူး။ ဒီကောင်တွေ အသေဆိုးနဲ့မြန်မြန်သေကုန်မှ ပြည်သူစိတ်ချမ်းသာမှာ” လို့ မင်းလှမြို့ခံတဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ မကွေးမြို့က ဒေါ်ခင်ချိုလတ်နဲ့ မင်းလှမြို့က ဒေါက်တာရဲထွန်းဇော်တို့ကတော့ ဒီနေ့အချိန်အထိ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။DVB

စစ်အာဏာသိမ်းပြီးနောက် စက်ရုံမန်နေဂျာဖြစ်လာသူ သေနတ်ပစ်ခံရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ငွေပင်လယ်စက်မှုဇုံ Rui Ning Myanmar Garment စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ) ကျော်ကျော်သည် နိုဝင်ဘာ ၉ရက် ညနေ၆နာရီခွဲခန့်တွင် လှိုင်သာယာ အလယ်ရွာအဝင် မီးပွိုင့်အနီးတွင် သေနတ်ဖြင့် အပစ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

“ခေါင်းကို အပစ်ခံလိုက်ရတာ။ လှိုင်သာယာဆေးရုံကို ခေါ်သွားကြတယ်။ ဆေးရုံရောက်မှ ဆုံးတယ်လို့ ကြားရတယ်”ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ Yangon Eagle ဟုဆိုသည့် ဖေ့ဘုတ်စ်စာမျက်နှာတွင် “ငွေပင်လယ် စက်မှုဇုံ ယူနိုင်းမြန်မာ အထည်ချုပ်စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ )ကျော်ကျော် အလုပ်သမားများအပေါ် စကစ နှင့် ပေါင်းပီး လူပါး ဝနေသော ဒလန် အား ကျနော်တို့ Yangon Eagle. အဖွဲ့မှ ငရဲသို့ ပို့လိုက်ပါပီ”ဟု ဖော်ပြထားသည်။

အပစ်ခံရ၍ သေဆုံးသူ ကျော်ကျော်သည် ကြံခိုင်ရေးပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Rui Ning Myanmar Garment စက်ရုံတွင် မီးပူထိုးအကြီး အကဲအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စက်ရုံမန်နေဂျာ ဖြစ်လာသူ ဖြစ်သည်။ စက်ရုံအလုပ်သမားများ ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ တိုင်ကြားခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းများတွင် ကိုယ်တိုင်ပါဝင်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကာ ၂၀၂၁ခု နှစ် ဧပြီ ၂၂ရက်တွင်လည်း ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် စက်ရုံရှိ သမဂ္ဂများကို စစ်သားများစက်ရုံအတွင်း ခေါ်ဆောင်၍ ဖမ်းဆီးခိုင်းခဲ့သေးသည်ဟု အလုပ်သမားများကပြောသည်။

ထို့အပြင် တရုတ်နိုင်ငံသားပိုင် Rui Ning Myanmar Garment စက်ရုံသည် စစ်အာဏာသိမ်းပြီးအချိန်တွင် ဇန်နဝါရီလ လစာထုတ်ပေးရာ၌ W. C. C. ၏လစာတချို့အားဖြတ်တောက်ခြင်း ၊ စက်ရုံရှိသမဂ္ဂအားအသိမှတ်မပြုခြင်း ၊ သဘောတူထားသော အခကြေးငွေအချို့နှင့်ပတ် သက် ၍ လျော့ပေးခြင်း၊ ဆေးခွင့်ယူရတာခက်ခဲခြင်း၊ တင်္နလာနေ့မှ စနေနေ့အထိခွင့်မဲ့ပျက်လျှင်အစိုးရရုံးပိတ်ရက်အတွက် မပေးခြင်း၊ သမဂ္ဂနှင့်တိုင်ပင်ခြင်းမရှိဘဲအလုပ်ထုတ်ခြင်း၊ လက်ရှိကျန်ရှိနေသောသမဂ္ဂအားအသိအမှတ်မပြုဘဲ စက်ရုံအကြီးအကဲများမှအလုပ်သမားများကို Ec စာချုပ်အကြောင်းရှင်းပြနေသဖွယ်လိမ်လည်မှတ်တမ်းယူခြင်းနှင့်သမဂ္ဂနှင့် မတိုင်ပင်ဘဲ လူသစ်ခေါ်ယူခြင်း၊ Brandနှင့်ချုပ်ဆိုထားသောစာ ချုပ်အားဖောက်ဖျက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားများဘက်က တိုင်တန်းပြောဆိုကြသည်။စက်ရုံဘက်ကိုတော့ ဆက်သွယ်၍ မရနိုင်ခဲ့ပါ။အဆိုပါ Rui Ning Myanmar Garment စက်ရုံတွင်အလုပ်သမား ၇၀၀ ကျော်ရှိကာ အနွေးထည်များ ၊အမျိုးသမီးအ ထည် များ ချုပ်လုပ်သည်။mizzima

« Older Entries