ဒီပဲယင်းတွင် ရဟတ်ယာဉ်နှင့်လာသည့်စစ်တပ်က ရွာများကို စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျေးရွာတွင် ရောက်ရှိတပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (နိုဝင်ဘာ ၉) မနက်တွင် ရွာ ၃ ရွာမှ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မနက် ၇ နာရီမှစ၍ အိမ်ခြေ ၁၀၀ ခန့်ရှိ ဝန်းရံကျေးရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ပြီး ဘေးချင်းကပ်ရွာဖြစ်သည့် အိမ်ခြေ ၈၀ ခန့်ရှိသော ကုန်းရိုးရွာအတွင်း ဝင်ရောက်ကာ နေအိမ်လေးလုံးကို မီးရှို့ခဲ့သည်ဟု ဝန်းရံရွာသားတစ်ဦးက ယနေ့ နေ့လယ်တွင် ပြောသည်။ 

“ရွာတွေထဲ ပတ်ချာလည် လှည့်မွှေပြီးတော့ အိမ်တွေမီးရှို့၊ ပစ္စည်းတွေရှာ အဲဒီလိုလုပ်တာ။ ကျွန်တော်က တောထဲကနေ ကြည့်နေတာဆိုတော့ မီးခိုးတွေမြင်နေရတယ်။ အခု တပ်တည်ရွာမှာ မီးခိုးတွေမြင်နေတယ်။ ဝန်းရံနဲ့ ကုန်းရိုး (ရွာ)ကတော့ သေချာပေါက်မီးလောင်သွားတယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြရန် မလိုလားသော ထိုအမျိုးသားက ပြောပြသည်။

ကုန်းရိုးရွာနှင့် ကပ်လျက်ရှိသော တပ်တည်ရွာကိုလည်း ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၈) တွင် စစ်သားများ ရဟတ်ယာဉ် ၄ စီးအပြည့် ရောက်ရှိလာခြင်းဖြစ်ပြီး ဝန်းရံ ကျေးရွာစာသင်ကျောင်း၌ တပ်စွဲခဲ့သည်။ ညနေတွင် ရဟတ်ယာဉ်တစ်စီး ထပ်မံရောက်ရှိကာ စစ်သားများ လာချသွားသဖြင့် စုစုပေါင်း အင်အား ၈၀ နှင့် ၁၀၀ ကြား ရှိနိုင်သည်ဟု ရွာခံများက ခန့်မှန်းကြသည်။  

နေအိမ်များကို မီးရှို့သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယနေ့ညနေပိုင်းက ဖုန်းခေါ်ဆိုသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်သားများ ဝင်ရောက်စီးနင်းမှုကြောင့် ဒီပဲယင်းမြို့အနောက်ဘက် တစ်မိုင်အကွာရှိ ဝန်းရံ၊ ကုန်းရိုးရွာအပါအဝင် နီးစပ်ရာ ကျေးရွာ ၅ ရွာမှ ဒေသခံ ရာပေါင်းများစွာ ထွက်ပြေးနေရသည်။

စစ်ကောင်စီတပ်က ရန်ပြုမည်ကို စိုးရိမ်သဖြင့် ပြေးကြခြင်းဖြစ်သည်ဟု အထက်ပါ ဝန်းရံရွာဒေသခံက ဆက်ပြောသည်။ 

“စည်းကမ်းမဲ့ပေါ့ဗျာ။ ဒီဘက်က (လက်နက်နဲ့) မခုခံဘဲနဲ့တောင် အိမ်တွေမီးရှို့တာဆိုတော့ မခံစားနိုင်ဘူး။ သူတို့ မပြန်သေးတော့လည်း ရွာပြန်လို့မရဘူးပေါ့ဗျာ။ လက်ရှိအနေအထားကတော့ တောကြိုတောင်ကြားမှာ အိပ်နေရတယ်”ဟု သူက ပြောသည်။

အဆိုပါရွာများမှ ဒေသခံများသည် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရပြီး ယခုညပိုင်းအချိန်ထိ တောထဲတွင် တိမ်းရှောင်နေကြရသည်။ 

အမည်မဖော်လိုသော ကုန်းရိုးရွာသားတစ်ဦးက စစ်ကောင်စီတပ်၏ ရန်ကို ဒေသခံတို့ ကြောက်နေရသည်ဟု ဆိုသည်။

“ကျွဲတွေ၊ နွားတွေ ထားခဲ့ပြီး အကုန်ပြေးရတာ။ ဘယ်သူမှ မကျန်ဘူး။ ကြောက်တာကလွဲပြီး ဘာမှ မပြောနိုင်ဘူး။ သူတို့ကိုလည်း ကျဆုံးစေချင်တယ်” ဟု ကုန်းရိုးရွာသားက ပြောသည်။ 

ဇူလိုင် ၂  ကလည်း ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်က အင်အားသုံးတိုက်ခိုက်မှုကြောင့် ဒေသခံများ၊ PDF အဖွဲ့ဝင်များအပါအဝင် ၃၁ ဦး သတ်ဖြတ်ခံရသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကို အားကိုးသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိရာ ဒေသများတွင် ရဟတ်ယာဉ်သုံးကာ ရိက္ခာ၊ လူအင်အား ဖြည့် တင်းမှုများ ပြုလုပ်နေသည်။

အောက်တိုဘာ ၂၈ ကလည်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ဘက်မှ PDF များရှိသည်ဟု ယူဆရသည့်နေရာများသို့ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် ယင်းနေ့က သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ ကျွဲတဲရွာအနီး ရဟတ်ယာဉ်ဖြင့် စစ်သားများ လာချခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အနီးနား ရွာ ၅ ရွာမှ ဒေသခံ ထောင်ဂဏန်း ထွက်ပြေးခဲ့ရသည်။

အောက်တိုဘာ ၂၂ ကလည်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများထံ လက်နက်ခဲယမ်းများကို ရဟတ် ယာဉ်ဖြင့် ၂ ကြိမ် လာပို့ခဲ့သည်ဟု ကပေါင်းကျကျေးရွာဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုအားကောင်းခဲ့ပြီး အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် လက်နက်ကိုင်ပြန်ခုခံနေရာ စစ်ကောင်စီက ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းတစ်ခုလုံးကို စစ်ဆင်ရေးအသွင် ချေမှုန်းနေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s