မောင်တောမြို့နယ်မြောက်ပိုင်းတွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာနဲ့ ၆ မိုင်ခန့်အကွာမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်ကနေ  မွန်းလွဲ  ၁ နာရီကျော်အထိ ရခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တမန်းသားကျေးရွာသားတစ်ဦးက “ဒီနေ့ မနက် ၁၂ နာရီလောက်ကတည်းက စဖြစ်ကြတာ။ တမန်းသားရွာနဲ့ ၆ မိုင်လောက်အကွာမှာ အေအေ အထိုင်ချထားတဲ့ စခန်းကို တပ်မတော်က ထိုးစစ်ဆင်တာ ဗျူဟာမှူးကိုယ်တိုင်ထိုင်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ ထိခိုက်ဒဏ်ရာရသူတွေကို ဘူးသီးတောင်ဆေးရုံကို သယ်သွားကြတယ်လို့ သိရတယ်။” လို့ ပြောပါတယ်။

တမန်းသားကျေးရွာနဲ့ ၆ မိုင်လောက်အကွာမှာ  လက်နက်ကြီး လက်နက်ငယ်အသံတွေ ထွက်ပေါ်နေပြီး ရဟတ်ယာဉ်အသံတွေပါ ကြားနေရလို့ အနီးနားက  ကျေးရွာတွေရှိ  ကျေးရွာသူ ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ရေနောက်ငါးသားကျေးရွာနေ ရွာသားတစ်ဦးကလည်း ဒီနေ့မနက် ၁၂ နာရီဝန်းကျင်ကစပြီး တမန်းသားနဲ့ ရေနောက်ငါးသားကျေးရွာတို့ရဲ့ အ ရှေ့ ဘက်တောင်တန်းတွေမှာ လက်နက်ကြီးငယ်ပစ်ခတ်မှုရှိတယ်လို့  အတည်ပြုပြောပါတယ်။

“ပစ်ခတ်မှုတွေ ဖြစ်ကြတယ်လို့သိရတယ်။ တမန်းသားကျေးရွာရဲ့ အရှေ့ဘက်ပေါ့နော်။  ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့လည်းသိရတယ်။”

အဆိုပါ တိုက်ပွဲနဲ့ပတ်သက်ပြီး   ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အေအေတပ်တွေ အထိုင်ချထားတဲ့နေရာကို မြန်မာစစ်တပ်က အင်အားတိုးချလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက​ပြောပါတယ်။

“အေအေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို အင်အားအလုံးအရင်းနဲ့ တက်လားတော့ ပစ်ခတ်မှု တွေဖြစ်ကြတာပါ။” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း အေအေ ပိုင်နက်ထဲ တိုးချဲ့ဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့ ပစ် ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်နေတာ ၁ နှစ်လောက်ကြာ ရှိနေပြီးနောက်  အခု တကျော့ပြန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာပါ။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s