သထုံမြို့နယ်က စစ်ကောင်စီ အမြှောက်တပ် လက်နက်တိုက် ဗုံးခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ အာဏာသိမ်း စစ်ကောင်စီ အမှတ် (၄၀၂) အမြှောက်တပ်ရင်း အတွင်းရှိ လက်နက်တိုက်ကို အနီးကပ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) ဒုခေါင်းဆောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။အဆိုပါ လက်နက်တိုက်ကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေငါးရီဝန်းကျင်အချိန်ခန့်တွင် MTHSF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လက်နက်တိုက်အနားကို တိုးဝင်ပြီးတော့ အတွင်းအထဲထိကို လက်လုပ်မိုင်းထည့်ခဲ့တာ။ လက်နက်တိုက်ကို နံရံနဲ့ လူနဲ့ကပ်ပြီးတော့ အပေါက်ထဲကို ထည့်ခဲ့တာ။ လက်နက်တိုက်က စစ်တပ်ရဲ့အတွင်းထဲမှာမဟုတ်ဘူး။ အပြင်ပတ်လည် နည်းနည်းရောက်နေတာ” ဟု MTHSF တပ်ဖွဲ ဒုခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။
ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် လက်နက်တိုက်၏ အဆောက်အဦး နံရံတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့ပြီး လက်နက်တချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သော် လည်း လူထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ ကြားသိရတာကတော့ လက်နက်ကြီးတွေက ရွှေ့ထားတယ်လို့ ကြားသိရတယ်။ တကယ်လို့ သူတို့မရွှေ့ထားခဲ့ဘူးဆိုလို့ရှိရင်တော့ အဲဒီ (၄၀၂) တစ်တပ်လုံး ပြာကျမှာတော့ သေချာတယ်။ ဆိုတော့ လက်နက်ငယ်ရယ်၊ ကျည်ရယ်အဲလောက်ပဲ ထားထားတဲ့ လက်နက်တိုက်ဖြစ်သွားတယ်” ဟု MTHST က ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အမှတ် (၄၀၂) အမြှောက်တပ်ရင်းသည် ညအချိန်တွင် ဒေသခံပြည်သူများအပေါ် ခြောက်လှန့်ပစ်ခတ်မှုများ လုပ် ဆောင်လေ့ရှိသည့်အတွက် ဗုံးခွဲတိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခုထက် ပြင်းထန်သည့် တိုက်ခိုက်မှုများဆက်ရှိလာမည်ဟု ထိုအဖွဲ့က ပြောသည်။
မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) က တိုက်ခိုက်ခဲ့သော စစ်ကောင်စီအမှတ် (၄၀၂) အမြှောက်တပ်ရင်းသည် သထုံမြို့နယ် တောင်ဘက်ခြမ်းတွင် တည်ရှိပြီး သထုံမြို့ပေါ်နှင့် သုံးမိုင်ဝန်းကျင်ခန့်သာ ကွာဝေးကြောင်း သိရသည်။ အဆိုပါ (၄၀၂) အမြှောက်တပ်ရင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း လုပ်လုပ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက် ခံခဲ့ရသေးသည်။mizzima