Monthly Archives: Nov 2021

ရခိုင်ကျောင်းသား ၄ ဦး အယူခံကို ပြည်နယ်တရားလွှတ်တော် လက်ခံ

ဆန္ဒပြမှုကြောင့် ကာလအတန်ကြာ ထိန်းသိမ်းခံရပြီး ယခင်လက ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံလိုက်ရသည့် ကျောင်းသား ၄ ဦး၏ အယူခံလွှာတင်သွင်းခြင်းကို စစ်တွေခရိုင်တရားရုံးက လက်မခံသော်လည်း ရခိုင်ပြည်နယ်တရားရုံးက ယမန်နေ့ (နိုဝင်ဘာ ၉) တွင် လက်ခံလိုက်သည်။

စစ်တပ်နှင့်အစိုးရ အလိုမရှိဟု ဆန္ဒပြခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ဘေးစီမံဥပဒေ ပုဒ်မ၂၉ အရ ထောင်ဒဏ် ၆ လစီ ချမှတ်ရန် စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ ၁၆ တွင် အမိန့်ချမှတ်ခဲ့သည်။

စစ်တွေခရိုင်တရားရုံးတွင် အယူခံတင်သွင်းခဲ့ရာ စက်တင်ဘာ ၂၃ ၌ ပယ်ချခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတင်သွင်းခဲ့ရာ အမှု ၂ မှု စလုံးကို လက်ခံခဲ့သည်ဟု ၎င်းတို့ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“အမှုကို လက်ခံလိုက်တဲ့အတွက် စစ်တွေမြို့နယ်တရားရုံးက မူလစစ်ဆေးခဲ့တဲ့အမှု၊ နောက်ပြီးတော့ ကျွန်တော်တို့ စစ်တွေခရိုင်တရားရုံးက တင်သွင်းထားတဲ့အယူခံအမှု အဲဒီအောက်ရုံး အမှု ၂ မှုတွဲကို တောင်းခံမယ်။ ပြီးတော့ ရဲမှူးဇော်နိုင် ဆီကို သမ္မာန်စာပို့မယ်။ ပြီးရင် အမှုတွဲတွေအားလုံးစုံရင် အပြီးသတ်လျှောက်လဲချက်ကြားနာမယ်။ အဲဒီလို နှစ်ဘက်ကြားနာရင် အပြီးသတ်အမိန့်ကိုချမယ်”ဟု တရားလွှတ်တော်ရှေ့နေက ဆက်ပြောသည်။

စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် အကြောင်းခြင်းရာတစ်ခုတည်းကို အခြေခံပြီး အမှု ၂ မှု မစွဲရ၊ ပြစ်ဒဏ် ၂ ကြိမ်မပေးရဟု ပြဋ္ဌာန်းထားသည်ဟု ရှေ့နေက ထောက်ပြသည်။ 

“(ပြင်ဆင်ချက်ကို လက်ခံလိုက်တဲ့အတွက် ) မျှော်လင့်ချက်ကတော့ ကျွန်တော်တို့ တင်သွင်းထားတဲ့ ပြင်ဆင်ချက်က ဥပဒေနဲ့ ညီညွတ်တဲ့အ တွက် အောင်မြင်မယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။ 

“အောင်မြင်မှုဆိုတာက နှစ်မှုထဲက တစ်ခုဖြစ်သွားမယ်။ ပြီးတော့ ရိုးသားစွာ ဝန်ခံထားတဲ့အတွက်ကြောင့်၊ ပြီးတော့ ကျောင်းသားတွေလည်း ဖြစ်တယ်၊ လူငယ်တွေလည်းဖြစ်တယ်။ အဲဒါကြောင့် ပြစ်ဒဏ်လျှော့ပေးလိမ့်မယ်လို့ သုံးသပ်ပါတယ် ” 

ကျောင်းသား ၄ ဦးသည် ၂၀၂၀ အောက်တိုဘာ ၁၉ က စစ်တွေမြို့တွင် လူဦးရေ ၅၀ ခန့်​နှင့်အတူ “ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့စစ်တပ် အလိုမရှိ၊ Burmese Government Get Out ၊ Burmese Army Get Out ၊ ငါတို့ ရေ၊ ငါတို့ မြေ၊ ငါတို့လေ၊ ငါတို့ပိုင်သည်၊ ငါတို့အုပ်ချုပ်မည်” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရသည်။

၎င်းတို့ ဆန္ဒပြခဲ့ကြသည့်ကာလတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများဖမ်းဆီးခံရမှု၊ နှိပ်စက်သတ်ဖြတ်ခံရမှု ရှိသောကြောင့် စစ်တပ်နှင့်အစိုးရ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု ဆိုကာ ရခိုင်ပြည်နယ်မှ ထွက်သွားရန် ဆန္ဒပြခဲ့ကြခြင်းဖြစ် သည်။myanmar now

ရွှေနှလုံးတော် ရိုမန်ကက်သလစ် ဘုရားကျောင်း တတိယအကြိမ် လက်နက်ကြီးကျည် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းသစ်ရပ်ကွက်ရှိ ရွှေနှလုံးတော် ရိုမန်ကက်သလစ် ဘုရားကျောင်းကို ယမန်နေ့ နိုဝင်ဘာလ ၉ ရက် ညပိုင်းအချိန်က လက်နက်ကြီးကျည်ထိမှန်ခဲ့ရာ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။“မနေ့က ည ၇နာရီလောက် ကနေ ည ၁၂ အထိ လက်နက်ငယ် ၊ လက်နက်ကြီးသံတွေ ကြားရတယ်။

မြို့ထဲမှာက ဘယ်သူမှ မရှိဘူး ။ အပြင်လည်း မထွက်ကြဘူး။ ဒီမနက်မှ သိရတာ ဘုရားကျောင်းထဲကို လက်နက်ကြီး ကျည်ငါးလုံးကျတယ် ။ သုံးလုံး ကွဲတယ်။ နှစ်လုံး မကွဲဘူး။ အမြောက်တပ်က ပစ်တယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ ညပိုင်းအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနာတင်ယာဉ် တစ်စီး၊ ဆရာတော်၏ ကားတစ်စီး၊ ရွှေနှလုံးတော်ဘုရားကျောင်း ဘုရားကျောင်း နံရံများ၊ ခုံများနှင့် မှန်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မဖြစ်သင့်ဘူး။ လူတိုင်းရဲ့အထွက်အမြတ်ထားရတဲ့ နေရာပါ။ စိတ်ထဲတော်တော်လေး ဝမ်းနည်းရပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ သူတို့က တစ်ပတ်ကို အနည်းဆုံး နှစ်ခါလောက် လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ ပထမ တစ်ခါက မေလ ၂၂ ရက်နေ့မှာ ထိတယ်။ ဒုတိယကတော့ ခြံဝန်းထဲဆိုတော့ ရက် မမှတ်မိတော့ဘူး။ အခုတစ်ခါက ကျောင်းဝန်းထဲနဲ့ ကျောင်းနံရံတွေပါ ထိတာပါ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကို နားလည်သူများဖြင့် ကိုင်တွယ်ဖယ်ရှား ပြီးစီးခဲ့ပြီးဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။ ဖယ်ခုံမြို့ပေါ်တွင် နေထိုင်သူ လူဦးရေ၏ သုံးပုံ နှစ်ပုံခန့်မှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။mizzima

‘ဝ’ ဒေသ ပန်ခမ်းတမြို့လုံးကို Lockdown ချကာ အာခေါင်တို့ဖတ် စစ်ဆေးမည်

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ  ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့်  မနက်ဖန် နိုဝင်ဘာ ၁၁ ရက် ည ၁၂ နာရီကစပြီး တမြို့လုံးကို Lockdown ချကာ အာခေါင်တို့ ဖတ်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပန်ခမ်းမြို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ဒီကနေ့ ကြေညာပါတယ်။ 

မိဘပြည်သူတွေအနေနဲ့  ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ နိုဝင်ဘာ  ၁၆ ရက်နေ့မှာ  lockdownပြန်ဖျက်သိမ်းပေးမှာဖြစ်ပြီး   မိဘပြည်သူများအနေနဲ့ စည်းကမ်းလိုက်နာကြဖို့လည်း အသိပေးကြေညာထားပါတယ်။

ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ခုလို  lockdown ချပြီး အာခေါင်တို့ဖတ်စစ်ဆေးတာဟာ တတိယအကြိမ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပန်ခမ်းမြို့မှာ  ဒုတိယအကြိမ် တမြို့လုံးအာခေါင်တို့ဖတ်စစ်ဆေးမှု မှုဖြင့် လူပေါင်း ၅၂,၉၂၂ ဦး ကိုစစ်ဆေးခဲ့ရာမှာ အားလုံး negative အဖြေထွက်တဲ့ အတွက် သြဂုတ်လ ၂၁ရက် ညမှာ lockdownပြန်ဖျက်သိမ်းပေးခဲ့ပြီး  ပုံမုန်သွားခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်ဟာ ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်ပါတယ်။ DVB

နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်

နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး၌ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့သည်။”ဥတ္တရ မီတာရုံးရယ်၊ ခု စည်ပင်ရုံးရယ် ပေါက်ကွဲမှုက ကျွန်တော်တို့ စီစဉ် ဆောင်ရွက်ချက်ပါ။ နေပြည်တော် အတွင်း ဖောက်ခွဲမှုတွေကို ကျွန်တော်တို့ပဲ စီစဉ်ဆောင်ရွက်ပါတယ်။

နောက်ထပ်လည်း လာပါလိမ့်မယ် ခင်ဗျ “ဟု Nay Pyi Taw PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ဖြစ်စဉ်အသေးစိတ်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။”အုန်းခနဲ အသံအကျယ်ကြီးပဲ။ စည်ပင်ရုံးမှာ ပေါက်တာ။ လူတော့ မထိဘူးပြောတယ်။ မှန်ကွဲစတွေတော့ အများကြီးပဲ”ဟု မြို့မဈေး ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။mizzima

ဓနုဒေသ ရွာငံမြို့နယ်တွင် စစ်မှုထမ်းဟောင်း ၁ ဦး အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာက ဒလန်လို့ အများပြည်သူက သတ်မှတ်ခံထားရတဲ့ စစ်မှုထမ်းဟောင်း ကိုနိုင်ဦးဟာ နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက် နေအိမ်မှာ ဓားထိုးအသတ်ခံလိုက်ရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

“ကိုနိုင်ဦးက ဒီဇာတိမဟုတ်ဘူး၊ ဒီကရွာသူ‌နဲ့ အိမ်ထောင်ကျထားတာ။ သူကစစ်မှုထမ်းဟောင်းဆိုတော့ စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်။  သူ့အိမ်ထဲထိဝင်ပြီး  ဓားနဲ့ထိုးတာခံလိုက်ရတာ၊ အခုတော့ သေပြီလို့ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အများပြည်သူက ဒလန်လို့ သတ်မှတ်ခံထားရတဲ့ ကိုနိုင်ဦး သေဆုံးမှုပတ်သက်ပြီး သက်ဆိုင်ရာတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက  အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒလန်လမ်းပြတွေနဲ့အတူ ပြည်သူ့နေအိမ်‌တွေဝင်ရောက် ရှာဖွေတာနဲ့ ရွာသားတချို့ကို ဖမ်းဆီးခဲ့ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။DVB

လားရှိုးတွင် လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကို သိမ်းဆည်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယာဉ်ထိန်းရဲများက မြို့တွင်း သွားလာနေသည့် ယာဉ်များကို စစ်ဆေး၊ ဖမ်းဆီးမှု တင်းကျပ်နေပြီး လိုင်စင်မဲ့ အိမ်စီးကားများနှင့် ဆိုင်ကယ်များကို သိမ်းဆည်းမှုများ လွန်ခဲ့သည့် နှစ်ရက်က စတင်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

လိုင်စင်မဲ့ ယာဉ်များကို သိမ်းဆည်းရာတွင် ချလန် စာရွက်တစ်ရွက် ပေးကာ နိုဝင်ဘာ ၁၇ ရက်တွင် ယာဉ်ထိန်းရုံးသို့ လာရောက်ရန် မှတ်ချက်ရေးပေးလိုက်ကြောင်း ဒေသခံများထံက သိရသည်။ ယခင်က အတိုင်ခံရမှသာ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုရှိပြီး ယခုကဲ့သို့ မြို့တွင်း အ များအပြား လိုက်လံဖမ်းဆီးမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။ “နှစ်ကာလအားဖြင့် ငါးနှစ်ကျော် ခြောက်နှစ်အ တွင်း ဒါပထမဆုံးလို့ ဆိုရမှာပဲ” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့တွင် ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ လိုင်စင်မဲ့ယာဉ် အသုံးပြုသူ များပြားလာပြီး လက်ရှိ အိမ်စီးကား အရေအတွက်၏ ၅၀ ရာခိုင်နှုန်းအထက်မှာ လိုင်စင်မဲ့များဖြစ်မည်ဟု မြို့ခံများက ခန့်မှန်း ကြသည်။ လိုင်စင်မဲ့ ကားများကို ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း နားလည်မှုဖြင့် ဝယ်စီးကြသည်ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား အစီးရေ ၈၀ ခန့် ရှိနေပြီး လားရှိုး မြို့တော်ခန်းမဝင်း အတွင်းနှင့် သာသနာ့ ဗိမ္မာန် ဝင်းအတွင်း သိမ်းဆည်းထားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူများက ပြောသည်။ “အဲဒီကားတွေကို ဒဏ်ငွေ သတ်မှတ်ချက်တစ်ခု ရိုက်ပြီးပြန်ပေးမှာလား။ အဲဒီလို ဆိုရင်တော့ လိုင်စင်မဲ့ကားတွေက တရားဝင် မောင်းနှင် အသုံးပြုနိုင်သလို ဖြစ်သွားပါပြီ။

ဒီလိုဆိုရင် သူသူကိုယ်ကိုယ် လိုင်စင်ကားတွေ ဈေးကြီးကြီးနဲ့ ဝယ်မစီးတော့ဘဲ အခုလို လိုင်စင်မဲ့ကားတွေပဲ ဝယ်စီးကြရတော့မလို ဖြစ်နေပြီ” ဟု လက်ရှိ လိုင်စင်ကား စီးနေသူ မြို့ခံ တစ်ဦးက ဆိုသည်။သိမ်းဆည်းထားသည့် ကားများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြု လုပ်နိုင်သည်ဟုလည်း မြို့ခံ တချို့က သုံးသပ်နေကြသည်။

“ပြည်သူတွေ COVID-19 ရောဂါကြောင့် ဒုက္ခရောက်ရတာတွေရယ်၊ စီးပွားရေးတွေ တအားကျ နေချိန်မှာ အခုလို လိုင်စင်မဲ့ကားတွေ၊ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းဆီး သိမ်းဆည်းခံရတဲ့ ပြည်သူတွေရဲ့ ဒုက္ခအဖုံဖုံကို နည်းနည်းလေးမှ မငဲ့တော့ဘဲ အာဏာရှင်တို့ သဘော သဘာဝအ တိုင်း လုပ်ပြသွားတော့မှာလား” ဟု မြို့ခံတစ်ဦးက ပြောသည်။

သိမ်းဆည်းထားသည့် ယာဉ်များကို ဒဏ်ငွေဆောင်စေပြီး ဒေသတွင်း မောင်းနှင်သွားလာခွင့် လိုင်စင်တစ်ခု သတ်မှတ်ကာ အခွန်ဆောင်စေခြင်း၊ ထပ်မံတင်သွင်းလာမည့် လိုင်စင်မဲ့ကားများကို သေချာစွာ တင်းကျပ် အရေးယူခြင်းများ လုပ်ဆောင်လျှင် လိုင်စင်မဲ့ ပြဿနာကို အတိုင်း အတာတစ်ခု အထိ ဖြေရှင်းနိုင်မည်ဟုလည်း မြို့ခံ အချို့က သုံးသပ်ပြောဆိုကြသည်။mizzima

မန္တလေးတွင် အရံမီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ဖမ်း ဆီးခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်အရန်မီးသတ်က တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၉ ရက် ည ၈ နာရီဝန်းကျင်က ဖမ်းဆီးတာဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဟာ လုံခြုံရေး ရဲတပ်သားဆီကနေ သေနတ်လုယူခဲ့တဲ့အတွက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ညက တစ်ယောက် ဖမ်းတယ်။ မနက်ကျ တစ်ယောက်ထပ်ဖမ်းတယ်။ ညက လာဖမ်းတာက သေနတ်လုယူသွားလို့ ဆိုပြီးဖမ်းတာ။ မနက်ကတစ်ယောက်ကတော့ ဘာလို့လည်း မသိဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် အကြမ်းဖက်စစ် တပ်က စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်း ဒဆယ်ချောင် ဒေသဝန်းကျင်တွင် ယ နေ့ နေ့လယ် ၂ နာရီဝန်းကျင် အချိန်မှစတင်၍ စစ်ရဟတ်ယာဉ်များ ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ကနီမြို့အနီး ရှမ်းမြောင်း’ ဒဆယ်ချောင် ဒေသဝန်းကျင်မှာ ဒီနေ့ နေ့လယ် ၂ နာရီ ကစပြီး ရဟတ်ယာဉ်တွေနဲ့ ပစ်နေတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတွေ သေနတ်တွေနဲ့ ပစ်နေတာ။ ရဟတ်ယာဉ်ကို ပျံဝဲပြီးတော့ တောက်လျှောက် ပစ်နေတာပါ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ရဟတ်ယာဉ်ပေါ်က စက်သေနတ်တွေနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြော သည်။

လက်ရှိ စစ်ကောင်စီတပ်များ၏ ပစ် ခတ်မှုကြောင့် စစ်ဘေးရှောင်များ လက် နက်ကြီးထိမှန်မှုများရှိနေပြီး တိုက်ပွဲ ပြင်းထန်နေသည့်အတွက် အခြေအနေမသိရှိရသေးဟု ဒေသခံများက ဆိုကြသည်။

ယမန်နေ့ကလည်း ကနီမြို့အတွင်းသို့ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်သားအများအပြား ပို့ဆောင်ခဲ့ပြီး ယနေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် လေ ကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

« Older Entries