Monthly Archives: Nov 2021

မအူပင်မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက်နေ့က ခိုးမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်  မအူပင်မြို့မရဲစခန်းအချုပ်မှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်စည်ပင်အရာရှိနေအိမ် ဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတယ် စည်ပင်အောက် ခြေဝန်ထမ်း လင်မယား နှစ်ယောက်ကို  ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သူ ၁၀ ရက်နေ့ ညပိုင်းမှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ခုခေတ်က သိတဲ့အတိုင်း ရမ်းဖမ်းလည်း ခံရတာပဲ။ ရဲစခန်းရောက်ရင် နှိပ်စက်နည်းမျိုးစုံနဲ့ နှိပ်စက်တာ။ ခံရတာ ဝန်မခံ မချင်းပေါ့။ ခုလည်း သူတို့ နှိပ်စက်လို့ ကလေးမလေး သေသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ညတွင်းချင်း ဆေးရုံက ရင်ခွဲစစ်ဆေးတဲ့နေရာကိုပို့ဆောင်ပြီး ဆေးစာ နေရာမှာ သေဆုံးခဲ့ရောဂါကို အတက်ရောဂါနဲ့သေဆုံးတာဖြစ်တယ်လို့ ရေးပြီး ရပ်ကွက်ထဲ သတင်းလွှင့်ခဲ့တယ် လို့ ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေပေါင်းပြီး ညစဉ်ဆိုသလို ဉပဒေမဲ့ ဖမ်းဆီးတာတွေ သေ နတ်ပစ်ဖောက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရတယ်။DVB

တောင်တွင်းကြီးတွင် လူငယ် ၂ ဦးကို ဖမ်းမမိသဖြင့် ဖခင်နှင့်အဘိုးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ  လူငယ်တစ်ယောက်နဲ့  ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းမမိတာကြောင့် သူ့တို့ရဲ့  ဖခင်နဲ့ အဘိုးဖြစ်သူတို့ကို  ဓားစာခံအဖြစ်   နိုဝင်ဘာ ၁၁ ရက် မနက် ၆ နာရီလောက်မှာ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၁ ရပ်ကွက်၊ မြို့ရိုးကုန်းလမ်းနေ တက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ရဲ့ အဘိုးဖြစ်သူ ဦးဝင်းရွှေနဲ့ မောင်းတိုင် ၂ ရပ်ကွက်၊ နယ်ခြားလမ်းမှာနေထိုင်တဲ့ ကိုစတားရဲ့ ဖခင် ဦးသန်းထွန်းတို့ကို  စစ်ကောင်စီတပ်က ဖမ်းသွားတာလို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက  ”ကိုဝင်းရွှေရဲ့မြေးဖြစ်တဲ့ ပြည်ဖြိုးပိုင်ကို ဖမ်းချင်လို့တဲ့။ ပြည်ဖြိုးပိုင်က မြို့နယ်အရန် မီးသတ်မှာလည်းလုပ်တယ်။ မြို့နယ်ကြက်ခြေနီမှာလည်းပါတယ်။ မြို့အတွက်ပရဟိတတွေလုပ်နေတဲ့ကလေးကို ဘာကြောင့်များဖမ်းချင်ကြတာလဲ မသိပါဘူး။ ပြည့်ဖြိုးပိုင်က မတ်လပိုင်း စစ်ကောင်စီက သူ့ကိုဖမ်းဖို့လုပ်ကတည်းက တိမ်းရှောင်နေတာ။” လို့ ပြောပါတယ်။

ပြည်ဖြိုးပိုင်ကို သူ့မိသားစုတွေက သြဂုတ်လ ၁ ရက်နေ့ကတည်းက အမွေပြတ်ကြေညာထား တယ်လို့လည်း သိရပါတယ်။  

အလားတူ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ ကိုစတားရဲ့ ဖခင်ဖြစ်သူ  ဦးသန်းထွန်းကိုလည်း ဒီကနေ့ စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဦးသန်းထွန်းနဲ့ မိသားစုနဲ့နီးစပ်သူတဦးက ”သူတို့အိမ်ကို စစ်ကောင်စီတပ်တွေက မတ်လ ၁၆ ရက်နေ့က ပထမအကြိမ်ဝင်ရှာတုန်းကလည်း အိမ်ထဲကပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ရွှေထည်တွေနဲ့ ငွေ ၉ သိန်းကျော်ပါသွားတယ်။ အဲ့ဒိနောက်မှာကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်။ ဘာကြောင့်ရှာမှန်းမသိဘူး။ ခဏခဏလာရှာနေတာ။ အခုလည်း ကိုသန်းထွန်းကို ဖမ်းခေါ်သွားပြန်ပြီ။ သူ့မှာက သွေးတိုး၊ ဆီးချို ရောဂါတွေရှိတယ်” လို့ ပြောပါတယ်။

ဦးသန်းထွန်းရဲ့ သားဖြစ်သူ ကိုစတားဟာ တရုတ်နိုင်ငံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတာ ဖြစ်ပြီး  မိသားစုနဲ့အဆက်အသွယ်မရတာ ၁ နှစ်ခွဲနီးပါရှိပြီလို့ သိရပါတယ်။

”အဲ့ကောင်လေးကတရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်နေတာကြာပေါ့။ ဟိုမှာလည်း ကိုဗစ်ကြောင့် ပြန်လာလို့မရဘူးဖြစ်နေတယ်တဲ့။ တို့မြို့က စစ်ကောင်စီကလည်း ဗုံးပေါက်တယ်အသံကြားရင် သူတို့ထင်တဲ့သူတွေရဲ့အိမ်တွေကိုရမ်းသန်းပြီး သွားရှာဖမ်းကြတာ။ အနာနဲ့ဆေးတခြားစီပဲ” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ဦးဝင်းရွှေနဲ့ ဦးသန်းထွန်းဟာ စစ်တပ်ရဲ့ မကြာခဏဖမ်းဆီးခံရပြီး ခံဝန်နဲ့ပြန်လည်လွတ်မြောက်လာကြသူတွေဖြစ်ပါတယ်။

ဦးသန်းထွန်းရဲ့ သားအငယ်ဖြစ်တဲ့ ကိုနောင်ကိုလတ်ကိုလည်း သြဂုတ်လတုန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) အမှုဖွင့်ကာ မတရားဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ အောက်တိုဘာ ၂၃ ရက်က ကြံ့ခိုင်ရေးပါတီထောက်ခံသူ စစ်ကောင်စီသတင်းပေး မြင့်ဝင်းနဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ တပ်ရင်းမှူးအဆင့်ရှိသူနဲ့ဆွေမျိုးတော်စပ်သူ ဖြူဖြူထိုက်တို့ ပစ်သတ်ခံရပြီးနောက်  သံသယနဲ့ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူ ၉၀ နီးပါးရှိပြီဖြစ်ပါတယ်။

ဒေသခံပြည်သူတွေကို အကြောင်းမဲ့ဓားစာခံအဖြစ် ဖမ်းဆီးနေမှုအပေါ်အသေးစိတ်သိနိုင်ဖို့ တောင်တွင်းကြီးမြို့မရဲစခန်းကို ဆက်သွယ်မေး မြန်း ခဲ့ပေမဲ့ ဖြေကြားခြင်းမရှိပါဘူး။

ရဲအရာရှိတဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ”ကျနော်တို့လည်းမသိဘူး။ အထက်စစ်ကောင်စီက ဖမ်းခိုင်းတဲ့အတွက်ဖမ်းရတာ။ တချို့ကို ဒီမှာထားပြီး တချို့ကိုတခြားနေရာပို့ခိုင်းတယ်။ ဒီလောက်ဘဲဖြေလို့ရမယ်” လို့ ပြန်လည်ဖြေဆိုပါတယ်

ပြီးခဲ့တဲ့ရက်အနည်းငယ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညပိုင်းတွေမှာ ပြည်သူတွေနဲ့ နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်တာတွေရှိပြီး လမ်းသွားလမ်းလာတွေ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေနဲ့ နေအိမ်တွေကိုဝင်ရောက်စီးနင်းပြီး လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းသွားတယ်လို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။DVB

မုံရွာတွင် လျှပ်စစ်ရုံးပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်သတင်းပေး ၁ ဦး ဓားထိုး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံကြီးလမ်းက မုံရွာလျှပ်စစ်ရုံးကို နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီ လောက်က သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်သား ၁ ဦး သေဆုံး သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး  စစ်ကောင်စီဘက်မှ ၁၅ ချက်လောက် ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF-SOUTH Monywa တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မုံရွာတစ်မြို့နယ်လုံးကို မီတာစာရွက်တွေ လိုက်လံဖြန့်ချိတာ၊ မီတာဆောင်ဖို့ ပြည်သူလူထုကို ဖိအားပေးနေတာကြောင့် မုံရွာမြို့ပြပြောက်ကျားတပ်က  သတိပေး ပစ်ခတ်တာ လို့လည်း  ပြောပါတယ်။

မုံရွာမြို့ နန္ဒဝန်ရပ် ပုဏ္ဏမီ ၇ လမ်းမှာနေတဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်သူ တယောက်လည်း နို၀င်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီလောက်မှာ အသတ်ခံ လိုက်ရတယ်လို့ သိရပါတယ်။

အခုသတ်ခံသူ ကိုတင်ငွေဟာ စစ်ကောင်စီတပ်ကို နောက်ကွယ်ကနေ ထောက်ပံ့တာတွေ သတင်းပေးတာတွေ လုပ်နေသူဖြစ်တယ်လို့  ဒေသခံတစ်ဦးကပြောပါတယ်။

Monywa Heroes Groupရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဆီကို စစ်တပ်သတင်းပေးသူဆိုပြီး သတင်းရောက်နေတာ ကြာပြီ။  သေချာအောင် စောင့်ကြည့်နေတာ။ သေချာလို့ ကျနော်တို့အဖွဲ့ နဲ့ PDF-South Monywa တို့ ပေါင်းပြီး  အခုလို လုပ်လိုက်တာ”လို့ ပြောပါတယ်။

အခုလိုသတ်ခံရတဲ့ ဦးတင်ငွေဟာ အသက် ၄၀ ရှိပြီး ဓားနဲ့ ၇ ချက်တိတိ ထိုးသတ်ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ်က ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ အဆက်အသွယ် မလုပ်ကြဖို့၊  စစ်တပ်ထုတ်ကုန်တွေ ကို မသုံးကြဖို့လည်း  ဒေသတွင်းပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။DVB

ပုလဲမြို့နယ်တွင် ခြေလျင်ချီတက်နေသည့် စစ် ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၀) ညနေပိုင်းက ခြေလျင်ချီတက်လာနေသည့် စစ်သား ၇၀ ခန့်ကို လက်လုပ်မိုင်း ၁၀ လုံးနှင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ဌာနချုပ်) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပုလဲမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဝမ်းဘဲချိုင့်ကျေးရွာ၌ ယာယီတပ်စွဲထားသည့် ထိုစစ်သားများ ပုလဲ-ဂန့်ဂေါ လမ်းမအတိုင်း ချီတက်လာပြီး မိုင်ဝက်ခန့်အရောက် နဂါးမတောင်အနောက်ဘက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“ဘယ်နှစ်ဦး သေဆုံး၊ ဘာညာကတော့ အတိအကျတော့ မသိရဘူးပေါ့ဗျာ။ ဒဏ်ရာတွေတော့ တော်တော်ရကြတယ်” ဟု PDF တပ်ဖွဲ့ဝင်များကို ကိုးကား၍ ထိုသူက ပြောသည်။

အတိုက်ခံရပြီးနောက် စစ်သားများက ရမ်းသန်းပြီး တရစပ်ပစ်ခတ်သော်လည်း PDF က ခုခံခြင်း မပြုဘဲ ချက်ချင်းဆုတ်ခွာခဲ့သည်ဟု သိရသည်။

စစ်သား ၂၅ ဦးခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရနိုင်သည်ဟု PDF က ခန့်မှန်းသည်။

ထိခိုက်နိုင်ခြေနှင့် ပတ်သက်ပြီး ဒေသခံတို့ထံမှ အတည်ပြုချက် မရသေးပေ။

နိုဝင်ဘာ ၅ တွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှ NLD အမတ် ဦးဇော်ထက်​၏ နေအိမ်ကို စီးနင်းပြီး ပြန်ထွက်လာသူများ ကြားဖြတ်တိုက်ခိုက်မှုခံရပြီးနောက် အင်အား ထပ်ဖြည့်တင်းသည့်ထဲတွင် ထိုစစ်သား၇၀ ခန့်လည်း ပါဝင်သည်ဟု  ဒေသခံများက ဆိုသည်။

တိုက်ခိုက်မှုအပြီး နောက်တစ်နေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသည်ဟု ယူဆရသည့် စစ်ကား ၅ စီးနှင့် ၎င်းတို့ ပါလာခြင်းဖြစ်သည်ဟု ဆိုသည်။  

ပုလဲမြို့နယ်အတွင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်သို့ သွားသည့် ကားလမ်းကို ဗိုလ်နဂါးဦးဆောင်သော ပုလဲ PDF, ပုလဲမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ဌာနချုပ်)၊ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA  စသည့် အဖွဲ့များက  နယ်မြေစိုးမိုးထားပြီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သားများကို အကြိမ်ကြိမ် မိုင်းခွဲတိုက်ခိုက်နေသည်။

နိုဝင်ဘာ ၆ ကလည်း ထိုလမ်းမပေါ်တွင် အရပ်သုံးကားဖြင့် ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်သားတို့ကို PRA အဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။

PRA က ထုတ်ပြန်သည့် ရုပ်သံဖိုင်အရ မကွေးတိုင်း လက်နက်စက်ရုံမှ ဗိုလ်ကြီးသော်ဇင် (ကြည်း – ၆၈၄၀၅)၊ တပ်သား စိုးရာဇာအောင် (တ  – ၄၈၇ ၄၁၉) တို့ဖြစ်ကြောင်း သိရသည်။ 

အွန်လိုင်းတွင် ပြန့်နေနေသော ထိုရုပ်သံမှတ်တမ်းတွင် ၎င်းတို့နှစ်ဦးကို ကြိုးနှင့် ချည်ထားခြင်း မရှိကြောင်း၊ ဘေးတွင် သေနတ်ထောင်ပေးထားကြောင်း တွေ့ရသည်။

ထိုစစ်သားနှစ်ဦး လက်နက်လုသဖြင့် အဆုံးစီရင်လိုက်ကြောင်း၊ ရိက္ခာများ၊ ကျည်ကာအင်္ကျီများ၊ စစ်တပ်သုံး ဦးထုပ်များနှင့် ကျပ် သိန်း ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း PRA က ပြောသည်။

“စစ်ဆေးမေးမြန်းချိန်မှာပဲ ကျွန်တော်တို့ဆီက တပ်သားတစ်ယောက်ကို တွန်းလှဲပြီး ထွက်ပြေးဖို့ ကြိုးစားတယ်၊ လက်နက်ပါလုမဲ့ပုံစံပေါ့။ အဲဒီလိုနဲ့ထွက်ပြေးတော့ အဆုံးစီရင်လိုက်တာပါ” ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက  ဆိုသည်။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ် အထက်ပါဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။myanmar now

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တ ရုတ်နိုင်ငံက BRI စီမံကိန်းများ ဆက်လုပ်နေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံက  သူ့ရဲ့ BRI စီမံကိန်းကို စစ်ကောင်စီရဲ့ အာမခံချက်နဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားသားသုတေသီတွေက Eurasia Review မှာ ရေးသားထားပါတယ်။

ဧရာဝတီတိုင်းမှာ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် Mee Lin Gyaing LNG စီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမှာရှိတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကုန် ကျမယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁၈၀ သန်းကုန်ကျမယ့် ကျောက်ဖြူလျှပ်စစ်ဓါတ်အားစီမံကိန်းတွေ ရင်း နှီးမြှုပ်နှံလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကချင်ပြည်နယ်မြောက်ပိုင်း အ ထူးဒေသမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ကုန်ကျမယ့် Kanpiketi CBECZ စီမံကိန်းတွေကိုလည်း  အကောင်အထည် ဖော်ဖို့လုပ် ဆောင်နေတာပါ။

ဒီစီမံကိန်းတွေလုပ်ဆောင်ဖို့ အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်မှာ အရေးကြီးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများစွာအတွက် လုပ်ငန်းကော်မတီတွေကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်လို့လည်းဆိုပါတယ်။

ဒီ့နောက် တရုတ်အစိုးရနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီတို့ အကြားမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ စီမံကိန်းများစွာကို အရှိန်မြှင့်ကာ စီစဉ်နေတယ်လို့ ထုတ်ဖော်ရေးသားထားတာတွေ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးက “အခုပြောနေတဲ့ ဒီလုပ်ငန်းတွေက အရင်ကတည်းက အန်အယ်လ်ဒီ အစိုးရလက် ထက်မှာ MOU ထိုးထားတဲ့ ပရောဂျက်တွေလို့ပြောလို့ရပါတယ်။ပြီးတော့ တရုတ်ရဲ့ပေါ်လစီကလည်း တခုတော့ ရှိတာပေါ့။ မြွေမသေ တုတ်မကျိုး စေတဲ့ ပေါ်လစီနော်။ ဆိုတော့ ဒီစီမံကိန်းတွေကို ငါတို့တော့ မင်းတို့နဲ့မလုပ်ဘူးလို့ ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေကို အကောင်အ ထည်ဖော်မယ့်အဆင့်တော့ မရှိသေးဘူး။  ပြင်ဆင်နေတဲ့အဆင့်တော့ ရှိနိုင်တယ်။ စာရွက်စာတမ်းတွေနဲ့ လုပ်နေတဲ့ paper work လိုတင်ပြတဲ့ပုံစံမျိုးတော့ ရှိရင်ရှိလိမ့်မယ်။ တကယ် ဆောက်နေတဲ့အဆင့်တော့ မတွေ့သေးဘူးနော်။ ဘာလို့လဲဆို သူတို့လည်း မြန်မာနိုင်ငံရဲ့လက်ရှိအခြေ အနေကို သိနေတာ ပဲလေ။ ဆိုတော့ တရုတ်ကတော့ ဘယ်လိုလုပ်ထားမလဲဆိုရင် ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သတ်ပြီး ငါတို့ မလုပ်တော့ဘူး။ လုံးဝ ဖျက်တယ်ဆိုပြီးတော့ လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် စစ်ကောင်စီကို မင်းတို့ တည်ငြိမ်သွားအောင်လုပ်။ တည်ငြိမ်သွား လို့ရှိရင် ဒါတွေဆက်လုပ်မယ်လို့ ပြောနေတာလေ” လို့ဆိုပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “အရင်နအဖခေတ်တုန်းကလည်း ဒီလိုပဲလုပ်ခဲ့ကြတာ။ ဆိုတော့ တရုတ်လည်း သင်ခန်းစာယူမယ်ဆိုရင် ယူလို့ရနေပြီပေါ့နော်။ မြစ်ဆုံဆိုရင် နအဖခေတ်မှာ MOU ထိုးခဲ့တဲ့တာလေ။ နှစ်တွေသာ ကြာလာတာ အကောင်အထည်ဖော်လို့မှ မရတာ။ အခုစစ်ကောင်စီက သူတို့လည်း လုပ်ချင်မှာပဲ။ ဘာလို့ဆို သူတို့ လက််ထက်မှာ ဖြစ်စေချင်တာပေါ့။ အဲ့တော့ လွယ်လွယ်နဲ့ပေးမှာပဲလေ။ ဒါပေမဲ့ စီမံကိန်းကြီးတွေက အချိန်အားဖြင့် ကြာသလို အရင်းအနှီး ကလည်း များတယ်။ ပြီးတော့ အရင်းကျေဖို့ကလည်း ကြာဦးမှာလေ။ ဒီတော့ သေချာမှ ဖြစ်မှာပေါ့နော်။ ဆိုတော့ ကျနော့်အမြင်ကတော့ သူတို့ ၁ဝဝရာခိုင်နှုန်းအပြည့် လုပ်မယ်လို့တော့ မထင်ဘူး” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေက အနောက်နိုင်ငံတွေရဲ့ဖိအားကြောင့် မိမိတို့ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပြီး ထွက်ခွာနေကြတာပါ။

ဒါကြောင့် လက်ရှိအခြေအနေအရ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ဝင်လာဖို့က မဖြစ်နိုင်တဲ့အကြောင်း အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြောပါတယ်။

“တော်ရုံတန်ရုံကတော့ ဝင်လာဖို့ မဖြစ်နိုင်ဘူး။ အခုက ထွက်တောင်ထွက်နေကြတာလေ။ Political risk၊ Economic risk ၊ financial risk ဒါတွေအားလုံးကို သူတို့ ထည့်သွင်းပြီး တွက်မှာပဲလေ။ ရှိပြီးသားကုမ္ပဏီတွေဖြစ်တဲ့ ဂျပန်ဆိုရင် သူတို့ ရဲ့လုပ်ငန်းလည်ပတ်မှု အရှိန်ကို လျှော့ထား ရင်ထားတယ်။ ဒါမှမဟုတ် တကယ်လို့ မလုပ်ရသေးဘူးဆိုရင်လည်း ဆိုင်းငံ့ထား ရင်ထားမှာပေါ့။ ဆိုတော့ အသစ်ကတော့ ဝင်လာဖို့ မလွယ်ပါဘူး။လက်ရှိအခြေအနေကိုပဲကြည့်ရင် ဘဏ်လုပ်ငန်း တွေတောင် အဆင်မပြေသေးတာနော်။ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သတ်ပြီး လုပ်ရကိုင်ရတာ ဘယ်လောက် အဆင်ပြေမလဲဆိုတဲ့ business environment အပေါ် ရင်းနှီးမြုပ်နှံသူတွေက ထည့်တွက်ကြတာထုံးစံပဲလေ” လို့ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ကိန်း ဂဏန်းအချက်အလက်တွေ အရ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံကျော် ရှိတာတွေ့ရပါတယ်။DVB

ပါမောက္ခ ရှောင်တာနယ်လ်အမှုအတွက် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာသာပြန်ပေး

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင် ဖမ်းဆီးခံထားရတဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်အတွက်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ပေးနေရ ပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်ကို အမှုစစ်ဆေးဖို့ မြန်မာ-အင်္ဂလိပ်ဘာသာပြန်တစ်ဦးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ နေပြည်တော်တရားရုံးက  အောက်တိုဘာ ၇ ရက်မှာ အမိန့်ချမှတ်လိုက်တဲ့ အတွက် ဒီအမှုအတွက် ဘာသာပြန်ဆိုပေးမယ့်သူ မရှိတဲ့ အခြေနေ ဖြစ်နေတာပါ။ 

ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် ဇဗ္ဗူသီရိအထူးတရားရုံးမှာ တရားခွင် မတိုင်ခင် စွပ်စွဲခံရသူအမှုသည်တွေနဲ့  ရှေ့နေတွေ သီးသန့်တွေဆုံပြီး အမှုအကြောင်းဆွေးနွေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးပြီး တခြားသူတွေ ဆွေးနွေးသမျှကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပဲ မစ္စတာရှောင်တာနယ်လ်ကို ဘာသာပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှု ၂ ခုထဲက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှုကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ စတင်ကြားနာဖို့ တရားရုံးက ဒီနေ့ ရုံးချိန်းမှာ ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက  စုံစမ်းသိရပါတယ်။ 

မစ္စတာ ရှောင်တာနယ်လ်ကို မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ စစ်ကောင်စီက တရား စွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး) ၊ ဦးဆက်အောင် (စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန် ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။ DVB

တနင်္သာရီတိုင်း ဝန်ကြီးချုပ် အလုပ်နှင့် ထောင် ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခံရ

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက DVB ကို အတည်ပြုပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကို နိုဝင်ဘာ ၁၁ ရက်နေ့က ထားဝယ်အကျဉ်းထောင်ထဲ အထူးတရားရုံးမှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာပါ။

ဒါ့အပြင် တာဝန်ယူစဉ် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို စနစ်တကျ သုံးစွဲတာ မရှိလို့ ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ နဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဘက်က အယူခံဝင်ဖို့ ရှိ မရှိကို မသိရသေးဘူလို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဝန်ကြီးများ အိမ်ရာမှာ နေ အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီနောက်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက လာရောက်ဖမ်ဆီးသွားပြီး ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူခံလိုက်ရတာ ဖြစ်ပါတယ်။DVB

ယင်းမာပင်တွင် စစ်သား ၃၀ ဦးမိုင်းထိ သေဆုံးပြီးနောက် လမ်းတလျှောက် အရပ်သား ပြည်သူ ၆ ဦးထက်မနည်းကို စစ်တပ်က ပစ်သတ်၊ ကောလင်းတွင် ၉ တန်းကျောင်းသား အပါအ ဝင် ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ် သား ၃၀ ဦး မိုင်းထိ သေဆုံးခဲ့ပြီး အထိနာသွား​သော စစ်တပ်သည် လမ်းတလျှောက် ကျေးရွာများမှ ပြည်သူ ၆ ဦးထက်မနည်းကို ပစ်သတ်သွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာ ၁၀ ရက်နေ့ ယင်းမာပင်မြို့နယ်၊ ဖိုဝင်တောင်အနီး အပါအဝင် နေရာတချို့တွင် စစ်ကောင်စီတပ်များနှင့် ဒေ သခံ ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် အထူးသဖြင့် မိုင်းထိ၍ အထိနာပြီး ၃၀ ခန့် သေဆုံးသွားကြောင်း သိရှိရသည်။

“စစ်သားတွေ ၃ဝကျော်လောက် ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိတယ်။ အဲဒါက ဘယ်လိုလုပ် အတည်ပြုနိုင်လဲဆိုရင် ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းနားမှာ ကျွန်တော်တို့ လူရှိနေတယ်။ ခွဲတဲ့သူ၊ စောင့်ကြည့်သူပေါ. အဲဒီမိုင်းကို။ စစ် သား တွေက ကျနော်တို့ မိုင်းတွေကို မမြင်ဖူးတဲ့ အခါကျတော့ အကြမ်းဖက် စစ်ကောင်စီတွေက အုံလိုက်ကြီးသွားပြီးကြည့်တာ။ အဲမိုင်းကို အဲလိုသွားကြည့်တဲ့အခါမှာ ခွဲချပစ်လိုက်တာ။ အဲအချိန်မှာ ဘာဖြစ်လည်းဆိုတော့ လည်ပင်းပြတ်တဲ့ကောင်နဲ့ ခြေပြတ် လက်ပြတ်ပေါ့။

ယင်းမာပင်ဖက်ကနေပြီးတော့ နာရေးကားတွေက တစ်နေကုန်လိုမျိုး သွားလာနေတာရှိတယ်။ မိုင်းခွဲပြီးတော့ သူတို့ကယ်ဆယ်ရေးကားတွေ နာရေးကားတွေ အရေးပေါ်အချက်ပြတဲ့ဟာတွေနဲ့ ခေါက်တုန့်ခေါက်ပြန် လုပ်နေတာ။ အဲဒီနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ်ပွားတဲ့အခြေအ နေပေါ့။ စစ်ခွေးတွေသေတာကတော့ ၂ဝကျော်လောက်ရှိတယ်။ အားလုံးပေါင်းသေဆုံးထိခိုက် ဒဏ်ရာရဆိုရင် ၃ဝကျော်တယ်” ဟု ယင်းမာပင် PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့တွင် တိုက်ပွဲဖြစ်ပွားရာနေရာများအပါအဝင် ကျေးရွာများသို့ ယင်းမာပင် PDF က သွားရောက်စစ်ဆေးရာ စစ်တပ်က ပြည်သူများကို လမ်းတလျှောက် ပစ်သတ်သွားသည်ကို အလောင်းများ မြင်တွေ့ရကြောင်း၊ ပြည်သူ ၆ ဦးထက်မနည်း သေဆုံးကြောင်း သိရှိရသည်။ “အပြစ်မဲ့ အရပ်သားပြည်သူ ၃ယောက် ကနဦးစပြီး ပစ်သတ်ခံရတယ်။ နောက်ပြီးတော့ အဲနေ့က တိုက်ပွဲဖြစ်ပွားတဲ့ နိုဝင်ဘာ ၉ ရက်နေ့က အပြစ်မဲ့ အ ရပ်သားပြည်သူ ၃ဦး ပစ်သတ်ခံရတယ်။

နောက်ပြီးတော့ လမ်းသွားလမ်းလာ အရှင်ဖမ်းမိသွားတဲ့ သူတစ်ယောက်ရှိတယ်။ ဒီကနေ့ ကျွန်တော်တို့ ထပ်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ တည်ပင်ကန်ရဲ့ မြောက်ဘက် အဲနားမှာ ပစ်သတ်ထားတဲ့ ၃လောင်းပေါ့။ ဒီနေ့ ထပ်ပြီးတော့ ၃လောင်း ထပ်တွေ့တာပေါ့။ စုစု ပေါင်းဆိုရင် ဒီနေ့ အကိုတို့ စပြီးနယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ အခုကပြောခဲ့တဲ့ အနီးမှာ ထပ်တွေ့တာပေါ့။ စုစုပေါင်း အလောင်းက တော့ ၆လောင်းရှိသွားပြီ” ဟု ဒေသခံယင်းမာပင် PDF ကဆိုသည်။

စစ်တပ်က ပစ်သတ်လိုက်သူများသည် ကျေးရွာသားများဖြစ်ပြီး တချို့ဆိုလျှင် နွားစာရိတ်ရင်း ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ “သေ ဆုံးသူတစ်ဦးနားမှာဆိုရင် နွားစာရိတ်နေတဲ့ တောင်းတွေတွေ့တယ်။ အလောင်းတွေကို နှစ်ရက်လောက် နေပူကြီးထဲပစ်ထားတော့ နည်းနည်းတော့ ရုပ်တွေပျက်နေပြီ” ဟု ၎င်းက ရှင်းပြသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းအနောက်ဘက် ရှမ်းကလုံး‌‌ရွာအနီး နိုဝင်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အရပ်သား ၃ဦးကို လက်ပြန်ကြိုးတုတ်လျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ စစ်တပ်က ပစ်သတ်သွားသူ ၃ ဦးတွင် ၉ တန်းကျောင်းသား တစ်ဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ စစ်တပ်က သတ်ဖြတ်သွားသော အရပ်သား ၃ ဦးမှာ ဦးစက်အောင် ၊ ၉ တန်းကျောင်းသား မောင်ဖိုးချစ်နှင့် ဦးမြင့်ငွေ ၄၅ နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။khit thit

ရေစကြိုမြို့တွင် ပျူစောထီးသင်တန်းဆင်းဆိုသူ ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၁)ရပ်ကွက်နေ ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်းဆိုသူ အောင်သူ(ခ)ဗိုလ်ချုပ်ဆိုသူအား နိုဝင်ဘာလ ၁၁ရက်နေ့ နေ့လယ် ၂နာရီအချိန်က သေနက်ဖြင့် နှစ်ချက်ပစ်ကာ သတ်ခဲ့ကြောင်း 27 Revolution Forces အဖွဲ့မှ သိရသည်။

“သူကရေစကြိုမြို့နယ်မှာ တအားဆိုးနေလို့၊ သူကကမ်းမှာကပ်တဲ့ သစ်ဖောင်၊ဝါးဖောင်၊မော်တော်တွေ အဆင်းအတက်လူတွေကအစ ခြိမ်း ခြောက်ပြီး ပိုက်ဆံလိုက်တောင်းနေလို့လုပ်လိုက်တာ။ သူ့ကို သေနတ်နဲ့ခေါင်းကို နှစ်ချက်ပစ်ပြိး သတ်လိုက်တယ်။ ပြီးတော့ ရေထဲ​မျောလိုက်တယ်။”ဟု 27 Revolution Forces အဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုကို 27 Revolution Forces အဖွဲ့နှင့် People Defence Force Yesagyo အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

မြိုင်မြို့နယ် ၂ နေရာတွင် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က နေရာ ၂ ခုမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုကားကို မြိုင် PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ချို့ ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် မြိုင်-လင်းကတောလမ်းပိုင်း ကွမ်းတောရွာ အရှေ့ဘက်မှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကားတစ်စီးကို မြိုင် PDF တပ်ခွဲ (၃) တပ်စု (၁) က ဗိုလ်မိုးခါးနဲ့ တပ်ခွဲ (၄) တပ်စု(၁)က ဗိုလ်လင်းယုန်တို့ ဦးဆောင်တဲ့ အဖွဲ့တွေက မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲတာလို့ မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်က လှည်းကုတ်ကျေးရွာနားမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က အကြမ်းဖက်စစ်အုပ် စုရဲ့ ကားတစ်စီးကို ဗိုလ်လင်းယုန် ဦးဆောင်တဲ့အဖွဲ့က မိုင်း ၃ လုံးခွဲ ပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့် PDF တပ်ဖွဲ့ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မိုင်းခွဲတိုက်ခိုက်တာကတော့ ၂ နေရာကို ဗိုလ်မိုးခါးနဲ့ဗိုလ်လင်းယုန်တို့ ဦးဆောင်တဲ့ အဖွဲ့က မိုင်း ၅ လုံးခွဲပြီးတော့ တိုက်ခိုက်ခဲ့ကြတာဗျ။ အကြမ်းဖက်စစ်အုပ်စု ဘက်က ထိခိုက်ဒဏ်ရာ ရတာရှိနိုင်ပြီး ကား ၂ စီးလုံးကတော့ တော်တော် ပျက်စီးသွားတယ်ဗျ။ ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာကို ဆုတ်ခွာနေရတာကြောင့် ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျ မသိရသေးဘူးလို့” ပြောပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုက ဇီးဖြူပင်ရွာကို ဇရပ်ကနေ သေနတ်တွေနဲ့ ပစ်ခတ်ရာ မီတာခုံရယ်၊ တံခါးပေါက်တွေရယ်ထိမှန်ခဲ့တယ်လို့  ဇီးဖြူပင်ရွာသားတစ်ယောက်က ပြောပါတယ်။

မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အချိန်မရွေးနေရာမရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ကျန်မာရေးကိစ္စကလွဲလို့ အပြင်မထွက်ကြဖို့နဲ့ အ ကြမ်းဖက်စစ်အုပ်စုတွေက အိမ်းစီးကားတွေကို မှန်တင်ပြီးမောင်းလာတာတွေရှိတာကြောင့် ပြည်သူကို ငဲ့ကွက်ပြီး တိုက်ပွဲလွတ်ခဲ့ရတာတွေ ရှိနေတယ်လို့ ထပ်မံသတိပေးထားပါတယ်။DVB

« Older Entries