Monthly Archives: Nov 2021

စစ်ကောင်စီကို အခွန်ငွေပေးထွက်ခွာသည့် လောင်စာဆီတင်ကား ၁ စီးကို မြိုင် PDF ဖောက်ခွဲ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ် နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီကို ဆက်ကြေးပေး အခွန်ဆောင်ပြီး ထွက်ခွာနေတဲ့ ဆီသယ်ဘောက်ဆာယာဥ်တစ်စီးကို ဖောက်ခွဲသတိပေးလိုက်တယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီ ရေနံစိမ်းသယ်ဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို ရေနံစိမ်း သယ်ယူခွင့် မျှောတစ်စောင်ကို ၁၇ သိန်းကျော်လောက်ပေးဆောင်ပြီး မြိုင်နယ်နဲ့ပေါက်နယ်မှာရှိတဲ့ ရေနံမှော်တွေက ရေနံစိမ်းတွေကို မုံရွာမြို့က ချက်ဖို့တွေကို ပို့ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ အနေနဲ့နောက်ဆုံးအကြိမ် သတိပေးဖောက်ခွဲခဲ့တာလို့ မြိုင် PDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကားကတော့ ထိခိုက်ပြီးတော့ အဲဒီနားတင် ချက်ချင်းရပ်သွားတယ်ဗျ။ လူတွေကိုတော့ ထိခိုက်အောင်မလုပ်ဘူးပေါ့ဗျာ။ ဒါနောက်ဆုံး သတိ ပေးတာဖြစ်ပြီးတော့ နောက်ပိုင်းမှ ဒါထက်မှ အခြေနေဆိုးလာရင် ကားသမားတွေရဲ့ အသက်ကိုပါ အာမမခံနိုင်ဘူး။” 

ရေနံစိမ်းသယ် ဆီဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို အခွန်ဆောင်ရသလို ပေါက်မြို့နယ်/မြိုင်မြို့နယ်တွေကနေ မုံရွာမြို့အထိ ဖြတ်သန်းသွားလာရာလမ်းတလျှောက်မှာ လည်း စစ်အုပ်စုတွေကို ဆက်ကြေးပေးပြီးမှ သယ်ယူပို့ဆောင်ရတာလို့ဆိုပါတယ်။

ရေနံလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ သတိပေးတဲ့ အချိန်မှာ လုပ်ငန်းတွေရပ်နားထားဖို့နဲ့ မြိုင် PDF တပ်ဖွဲ့က တစ်ပတ်ကို ၃ ရက်ဖြစ်စေ သတ်မှတ်တဲ့ရက်မှာ အခွန်ပေးဆောင်ပြီးမှ သယ်ယူပို့ဆောင်ရမယ်လို့ ပြောပါတယ်။

“ရေနံဆိုတာလည်း အကြာကြီး လှောင်ထားလို့ မရတာကို ကျနော်တို့ နားလည်းတယ်။ တစ်ပါတ်ကို ၃ ရက်လောက်ထွက်ခွင့်ပေးမယ်။ ထွက်ခွင့်ပေးတဲ့အချိန်မှာထွက် မပေးတဲ့အချိန်မှာ မထွက်နဲ့။ ထွက်ခွင်ပေးတဲ့ အချိန်မှာလည်း ထွက်သမျှကားတိုင်းက ကျနော်တို့ဆီကို ရန်ပုံငွေ အခွန်ငွေရောက်ရမယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့မပတ်သက်ကြဖို့နဲ့ သံသယရှိတဲ့ နေရာတွေကို သွားရောက် မစပ်စုကြဖို့ သတိပေးချက်ထုတ်ပြန်ထားသလို အိမ်စီးကားတွေ၊ ကုန်တင်ကားတွေအနေနဲ့ မှန်ချပြီးမှ ဖြတ်သန်းသွားလာကြဖို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။DVB

ပြည်သူထံခိုလှုံရန် ပြေးလာသည့် စစ်သား ၂ ဦး ၎င်းတို့ကို လာရှာသည့် စစ်တပ်နှင့် အပြန်အ လှန်ပစ်ခတ်ကြရာ နှစ်ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဘိန်းနွယ်ကုန်းရွာ တောင်ဘက်၌ ယမန်နေ့ နို၀င်ဘာလ ၁၁ ရက်‌ နံနက် ၇ နာရီတွင် ပြည်သူ့ရင်ခွင် ခိုလှုံရန်တပ်ပြေးလာသည့်စစ်သား နှစ်ဦးနှင့် ၎င်းတို့အားရှာဖွေသည့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်‌တွေ့ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၎င်းတို့ နှစ်ဦးလုံးသေဆုံးသွားကြောင်း တောင်သာမြို့ဒေသခံများထံမှ သိရသည်။

” မေမေနိုင်မှ ဖြစ်မှာပါ သီချင်းအော်ဆိုခဲ့ ပြည်သူဘက်ရပ်ဖို့ ကြိုးစားခဲ့တဲ့ ပြည်သူ့စစ်သားနှစ်ယောက် နို၀င်ဘာလ ၁၁ ရက်နေ့ တောနင်းရှာဖွေတဲ့ စခ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေနဲ့ ဘိန်းနွယ်ကုန်းတောင်ဘက်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ကျဆုံးခဲ့”ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီမှ ယနေ့ နေ့လယ်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တပ်ပြေးလာသည့် စစ်သားနှစ်ဦးသည် တပ်မ (၉၉) မိတ္ထီလာ အခြေစိုက်တပ် ရင်းမှ ဖြစ်ကြပြီး နို၀င်ဘာလ ၉ ရက် ညပိုင်းတွင် ထန်းပင်ကန်ရွာ အထက်တန်းကျောင်းခွဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ နှင့်အတူ မိုင်တဲတာဝါတိုင်သို့ ကင်းလှည့်စဉ် အဖွဲ့ထဲမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

နို၀င်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင် ကာ စစ်ကောင်စီတပ်သားများမှ စစ်ကား နှစ်စီး အင်အား ၇၀ ဖြင့် ရွာပတ်ပတ်လည်သို့ တောနင်းရှာဖွေခဲ့ပြီး နို၀င်ဘာလ ၁၁ ရက် နံနက်တွင် ထန်းပင်ကန်ရွာမြောက်ဘက် ငါးမိုင်အကွာ ဘိန်းနွယ်ကုန်းရွာ၏ တောင်ဘက် တောစပ်တွင် ထိပ်တိုက်တွေ့၍ အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

” ဘိန်းနွယ်ကုန်း တောင်ဘက်ယာခင်း တောအစပ်နားဖြစ်တာ။ ထန်းပင်ကန်အုပ်စုထဲက ကျောက်မြေဆိုတဲ့ရွာကို ၉ ရက်နေ့ညက မိုင်တဲတာဝါတိုင်ကို ကင်းသွားလှည့်နေတုန်း စစ်သားနှစ်ယောက် ထွက်ပြေးသွားတယ်။ တပ်ပြေးတဲ့အချိန် သူတို့နှစ်ယောက်ကျွန်တော်တို့ မြို့နယ်အဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။ ချိတ်ဆက်တဲ့အခါ ၁၀ ရက် ညမှ ချိတ်ဆက်မိတော့ ဟိုဘက်ကလည်း စစ်အင်အား အလုံးအရင်းနဲ့ ရွာပတ်၀န်းကျင်ကို လိုက်ရှာတော့ ကျွန်တော်တို့ဘက်က ကာဗာပေးလို့ မရဘူး ဖြစ်သွားတယ်။

ညပြေးတာ မနက်လိုက်ရှာတာ ၁ ရက်လောက်က သူတို့ နှစ်ယောက်က အဲဒီနား တောကျယ်တော့ တောထဲတွေထဲပြေးနေတာ စက်ဝိုင်းပုံစံ ပိတ်ပြီးရှာတော့ ပြေးပေါက်မရှိတော့ဘူး။ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးသွားတာ။ မနေ့မနက်က ဝိုင်းပစ်ခံရတော့ ဆုံးသွားတယ်။ သေတော့အလောင်းကို ပြန်သယ်သွားတာ ပတ်၀န်းကျင်ကမြင်လိုက်တယ်။ အနားတော့ သွားမကြည့်ရဲကြဘူး”ဟု ၎င်းကပြော သည်။

အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံရန် ပြေးလာသည့် စစ်သားနှစ်ဦးသည် ထန်းပင်ကန်ရွာ အ.ထ.က ကျောင်းခွဲတွင် စစ်ကောင်စီလက်အောက်ခံတပ် သား ခုနှစ်ဦး၊ လက်နက်ကိုင်ပျူစောထီး ငါးဦး နှင့် အုပ်ချုပ်ရေးမှူး တစ်ဦးတို့ရှိသည့် အဖွဲ့မှ အစောင့်တပ်သားများ ဖြစ်ကြသည်။

ယင်းဖြစ်စဉ် ဖြစ်ပြီး‌နောက် ၎င်းတို့ပုန်းရှောင်ထွက်ပြေးခဲ့သည့် ရုံးပင်ကန်ရွာ၊ ကျောက်မြေရွာနှင့်အနီးတစ်၀ိုက်ရှိ ရွာအချို့ကို ယမန်နေ့နှင့် ယ နေ့ နို၀င်ဘာလ ၁၂ ရက်နေ့အထိ စစ်အင်အားအများအပြားဖြင့် ၀ိုင်းထားဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ပြည်သူ့ရင်ခွင်ခိုလှုံရန် ချိတ် ဆက်ရ အခက်အခဲရှိပါက မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီနှင့် လူထုလှုပ်ရှားမှုကော်မတီ တောင်သာမြို့နယ် ပေ့ချ်တို့တွင် ဆက်သွယ်နိုင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ ရေးသားဖော်ပြထားသည်။mizzima

လှိုင်သာယာမှ စစ်တပ်ထောက်ခံသူ၊ သတင်း ပေး လူမိုက် ခင်စိန် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်မှ စစ်တပ်ထောက်ခံသူ အမာခံ နှင့်သတင်းပေး ဖြစ်ပြီး ကျူးကျော်နေအိမ်များကို စစ်အုပ်စုအတွက် အုပ်စုဖွဲ့ ဖျက်ဆီးပေးနေသူ လူမိုက်ခင်စိန် ယနေ့ ညနေပိုင်းတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ရွှေရင် အေးဈေးထိပ်၊ အမှတ် ၁၂ ကျောင်းရှေ့တွင် လူမိုက်ခင်စိန် မောင်းလာသောကားကို ဆိုင်ကယ်သမား ၂ ဦးက ပစ်ခတ်သွားခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ လူမိုက်ခင်စိန်သည် မကြာသေးမီအချိန် စစ်ကောင်စီ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း၊ လှိုင်သာယာ ၁၈ ရပ်ကွက်မှ လူမိုက်ကြီး ခင်စိန်သည် လက်ရှိတွင် စစ်တပ်နှင့်ပူးပေါင်း၍ ဧည့်စာရင်းစစ်ခြင်းနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုကြသည်။

“လှိုင်သာယာ ၁၈ ရပ်ကွက် လူမိုက်ကြီး ခင်စိန် ပစ်သတ်ခံရတယ်။ အိမ်က ကားနဲ့ထွက်သွားတာ အုန်းတောတံတားနားမှာ ပစ်သတ်ခံရတာပါ။ ခင်စိန်က စစ်တပ်ရဲ့ရှေ့ပြေးလူမိုက်လုပ်တယ်။ပြီးတော့ ကျူးကျော်တွေကို ဖျက်ပေးဖို့ စစ်တပ် ပိုက်ဆံ ပေးပီး ငှါးထားတယ်။ ဒီနေ့ ညနေ ၅ နာ ရီ ၄၀ မိနစ် လှိုင်သာယာ ၁၆ကွေ့နဲ့အုန်းတောတံတားကြားကစာသင်ကျောင်းရှေ့မှာ ဆိုင်ကယ်ပေါ်ကနေသုံးချက်ပစ်သွားပါတယ်။

အဲဒီပစ်သွားတဲ့ ဆိုင်ကယ်ကိုကားအနက်တစ်စီးကလိုက်တိုက်တာ ဆိုင်ကယ်မတိုက်မိဘဲ လမ်းဘေးကဈေးဗန်းတွေဝင်တိုက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မကြာသေမီးကလည်း တောင်ဒဂုံမှ စစ်တပ်အမာခံထောက်ခံသူ လူမိုက်နဂါးလေ ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်များက နဂါးလေးကို ပစ် ခတ်သူများကို လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။khit thit

မိုးကုတ်မြို့က စစ်ကောင်စီခန့် ရပ်ကျေးအုပ် ချုပ်ရေးမှူး ပစ်ခတ်ခံရ

မန္တလေး တိုင်းမိုးကုတ်မြို့ ကျောက်ဖားရပ်ကွက်က စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကြီးဖြူ နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၆ နာရီမှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

“သေနတ်နဲ့ ပစ်ခံလိုက်ရတယ်ပဲ ကြားတယ်။ ခုကဆေးရုံမှာ၊ ဘယ်သူမှသွားကြည့်လို့မရဘူး၊ အရမ်းစစ်ဆေးတာ၊ သေပြီလို့လည်း ပြောကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ ကျောက်ဖားရပ်ကွက်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကြီးဖြူဟာ ပတ်ဝန်းကျင်က စစ်ကောင်စီ သတင်းပေးဒလန်လို့ သတ်မှတ်ခံထားရသူ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့ခင်းပိုင်းကလည်း ရေဦးကြီးအထက်တန်းကျောင်းမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်တွေ အဝေးထိန်းမှိုင်းနဲ့ ဖောက်ခွဲခံရတာကြောင့် စစ်ကောင်စီတပ်က ၃ ဦးသေဆုံးမှုရှိခဲ့တာကြောင့် ရပ်ကွက်အတွင်းမှာ လိုက်လံဆဲဆိုမှုတွေရှိခဲ့ပြီး ဒီနေ့မှာလည်း အစစ်ဆေးတွေ တင်းကျပ်နေတယ်လို့ သိရပါတယ်။DVB

နတ်တလင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ပျူစောထီးတွေ အပါအဝင် ၅ ဦး နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းက ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ဒေသခံတဦးက ”စမ်းကြီးအုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ကြီးရယ်၊ ရေကြည်ရွာကပျူအဖွဲ့ဝင် မောင်သောင်း၊ ဇော်လေး နဲ့ ကိုမင်း၊ တာကလောရွာက ကိုမျိုး တို့ လူစုံနေကြတဲ့အချိန် ဝင်ပစ်ခံရတာ။ သူတို့တွေက စစ်တပ်ရဲ့သတင်းပေးတွေချည်းပဲ” လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူ ၅ ဦးအနက် ၄ ဦးဟာ နတ်တလင်းဆေးရုံကို ပို့ဆောင်ထားရပြီး အခြေအနေဆိုးတဲ့ ကျန် ၁ ဦးကိုတော့ ပြည်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

”၅ ယောက်ထဲက ၂ ဦးကတော့ အခြေအနေမကောင်းဘူး။ အရမ်းစိုးရိမ်ရတဲ့ ၁ ယောက်ကိုတော့ ပြည်ဆေးရုံကို လွှဲလိုက်ပြီ။ ဆုံးသွားပြီလို့လည်း ကြားနေရတယ်။ အတည်မပြုနိုင်သေးဘူး” လို့ နတ်တလင်းဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Phoenix-D-F အဖွဲ့က လုပ်ဆေင်ခဲ့တာဖြစ်ပြီး နတ်တလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့အောက်ခြေက အုပ် ချုပ်ရေးမှူးတွေကိုလည်း အချိန်မီ နုတ်ထွက်ကြဖို့ Phoenix-D-F အဖွဲ့ရဲ့ သတင်းပြန်ကြားရေးကော်မတီတာဝန်ခံက  ပြောပါတယ်။

စမ်းကြီးကျေးရွာကစာသင်ကျောင်းမှာ ပြီးခဲ့တဲ့ ဇွန်  ၄ ရက်က ပျူစောထီးအဖွဲ့တွေ ထောင်ထားတဲ့ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ပညာရေးဝန်ထမ်း ၃ ဦးနဲ့ ဒေသခံပြည်သူ ၅ ဦးတို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းစန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင် နဲ့ စစ်ကောင်စီသတင်းပေး သားအဖ ၂ ဦးဖြစ်ကြတဲ့ ဦးသိန်းထွန်း၊ သားဖြစ်သူ ကိုကောင်းထက်ခန့် တို့ ပစ်ခတ်ခံရပြီး ကိုကောင်းထက်ခန့်က နေရာမှာတင်ပွဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

မကွေးမြို့နယ်က ကျေးလက်မြေ ပရဟိတအ သင်း ဦးဆောင်သူ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်

မကွေးတိုင်း‌ဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာရှိ ကျေးလက်မြေ ပရဟိတအသင်း ဦးဆောင်သူ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ ၁၁ရက်တွင် ချိပ်ပိတ်လိုက်သည်ဟု ကာယကံရှင် ဦးဇော်မင်းထိုက်က မဇ္ဈိမကိုပြောသည်။ဦးဇော်မင်းထိုက်ဦးဆောင်သည့် ကျေး လက်မြေပရဟိတအဖွဲ့သည် မကွေးတိုင်းအတွင်းရှိ စားဝတ်နေရေး ခက်ခဲနေသူများကို ထောက်ပံ့ခြင်း၊ သောက်သုံးရေး ခက်ခဲနေသည့် ဒေသများတွင် စက်ရေတွင်းများတူး၍ သောက်သုံးရေ လှူဒါန်းခြင်းများအပြင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် ဝန်ထမ်းများကို အဓိကထား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းနေအိမ်ကို ပြီးခဲ့သည့်လကလည်း ပထမအကြိမ် ဝင်ရောက် ရှာဖွေခဲ့ပြီး အိမ်သုံး ပစ္စည်းအချို့၊ ရွှေ လက်ဝတ် လက်စားများနှင့် ငွေသား ကျပ်သိန်း ၄၀ ကျော် သိမ်းယူသွားကာ ယခု ဒုတိယအကြိမ်တွင် နေအိမ်ကိုပါ ချိပ်ပိတ်သွားခြင်းဖြစ်သည်။”မနက်ပိုင်းမှာ တံခါးတွေ ဖျက်ဆီးဝင်ရောက်ပြီး ချိပ်ပိတ်သွားတယ်။

အိမ်က ဘယ်သူမှမနေဘူး။ ကျွန်တော်တို့ ရှောင်နေတာကြာပြီ။ ပစ္စည်းတွေလည်းယူ စုထားတဲ့ ဘဏ်စာအုပ်တွေလည်း ယူသွားတယ်။ ဥပဒေစိုးမိုးမှုရှိတဲ့တစ်နေ့ ဥပဒေအတိုင်း ဆောင်ရွက်သွားပါမယ်။ လူ့အခွင့်အရေး အကြောင်းတွေ ဒီနေ့ ဒီအချိန်ပြောပြရင် စစ်ခွေးတွေက နားလည်မှာ မဟုတ်ဘူး”ဟု ဦးဇော်မင်းထိုက်ကပြောသည်။

ဦးဇော်မင်းထိုက်သည် ၅၀၅ (က) ၊ (ခ) တို့ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့်အတွက် နေအိမ်မှ ရှောင်တိမ်းနေပြီး လက်ရှိတွင် ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ခု၌ ပါဝင်လှုပ်ရှားနေကြောင်း သိရသည်။

မကွေးတိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ရဲများသည် ဒလန်များ ထံကရရှိထားသည့် သတင်းအပေါ်မူတည်၍ ဒေသခံအချို့ နှင့် တော်လှန်ရေးပြုလုပ်သည်ဟု နာမည်ထွက်နေသူ တချို့ကို ဝင်ရောက် ရှာဖွေ ဖမ်းဆီးခြင်း၊ ၎င်းတို့၏ နေအိမ်များကို ချိပ်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ကျေးရွာများအတွင်းလည်း အကြမ်းဖက်ဝင်ရောက် စီးနင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။mizzima

စစ်ကောင်စီခန့် စာရင်းစစ်ချုပ် ကံဇော် တက်မည့် အာဆီယံ စာရင်းကိုင် ညီလာခံမှ IMA က မြန်မာပြည်သူများ၏ ဖိအားကြောင့် နုတ်ထွက်

အမေရိကန်အခြေစိုက် စီမံမှုစာရင်းပညာရှင်များအဖွဲ့ (IMA) သည် အကြမ်းဖက် မြန်မာစစ်တပ်အား ဆန့်ကျင်ကန့်ကွက်သည့်ဖက်တွင် ရပ် တည်သည့်အနေဖြင့် မင်းအောင်လှိုင်ခန့်ထားသည့် စာရင်းစစ်ချုပ် ဒေါက်တာကံဇော် ပါဝင်တက်ရောက်ရန် အာဆီယံစာရင်းကိုင်များအဖွဲ့ချုပ် (AFA) ညီလာခံမှ နုတ်ထွက်လိုက်ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်သည်။ Accounting Today သို့ ပြောကြားခဲ့သော မှတ်ချက်များတွင် IMA ၏ ပြောရေးဆိုခွင့်ရှိသူ Marc Gerrone က “လာမယ့် အာဆီယံ စာရင်းကိုင်များအသင်းချုပ် (AFA) နှစ်ပတ်လည် ကွန်ဖရင့်မှာ ပါဝင်တက်ရောက်မှုကို ရုပ်သိမ်းတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ IMA အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

IMA ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စာရင်းအင်း စီမံခန့်ခွဲမှု အတတ်ပညာတိုးတက်ရေး လုပ်ငန်းတွေသာမက လုပ်ငန်းခွင်အသီးသီးမှာ စာ ရင်းကိုင်အတတ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းကြသူတွေ အတွက်ပါ ရပ်တည်ချက် ခိုင်မာစွာနဲ့ ထောက်ပံ့ကူညီနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ IMA ရဲ့ မျှော်မှန်းချက်နဲ့ အဓိက စံတန်ဖိုးတွေနဲ့အညီ AFA နဲ့ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ညီလာခံမှ IMA နုတ်ထွက်မှုသည် အကြမ်းဖက်မြန်မာစစ်ကောင်စီကို ဖယ်ထုတ်ခြင်းမပြုပါက IMA နှင့် အခြားနိုင်ငံတကာ စာရင်းကိုင်အဖွဲ့များအနေဖြင့် ညီလာခံမှ နုတ်ထွက်ကြရန် မြန်မာပြည်သူပေါင်း ၁၁,၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် လှုပ်ရှားမှု၏ ရ လဒ်လည်း ဖြစ်သည်ဟု သိရှိရသည်။ ဩစတြေးလျစာရင်းပညာရှင်များသင်း (CPA Australia) နှင့် ဩစတြေးလျနှင့် နယူးဇီလန် စာရင်းပညာ ရှင်များအသင်း (CA ANZ) တို့သည် မြန်မာလူထု၏ တောင်းဆိုမှုများကြောင့် အဆိုပါ AFA ၏ ညီလာခံမှ နုတ်ထွက်ခဲ့ပြီးလည်း ဖြစ်သည်။

သို့ရာတွင် နိုင်ငံတကာ စာရင်းကိုင်အဖွဲ့အစည်း လေးခုမှာမူ ယခုကဲ့သို့ နှုတ်ထွက်ခြင်း မရှိသေးပေ။ ထိပ်သီး UK စာရင်းကိုင်အဖွဲ့များဖြစ်သည့် လက်မှတ်ရစာရင်းပညာရှင်များအသင်း (ACCA) နှင့် အင်္ဂလန်နှင့်ဝေးလ်နိုင်ငံ စာရင်းပညာရှင်များအဖွဲ့ (ICAEW) တို့နှင့်အတူ ဂျပန်နိုင်ငံ လက် မှတ်ရ ပြည်သူ့စာရင်းပညာရှင်များအဖွဲ့ (JICPA) တို့သည် ညီလာခံတွင် “ညီလာခံ၏ မိတ်ဖက်များ” အဖြစ် ဆက်လက် ပါဝင်နေဆဲ ဖြစ် ကြောင်း သိရှိရသည်။

နိုင်ငံတကာစာရင်းပညာရှင်များအဖွဲ့ချုပ် (IFAC) သည်လည်း ညီလာခံတွင် ဆက်လက် ပါဝင်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မြန်မာစစ်ကောင်စီအား ထုတ်ပယ်ခြင်းမပြုပါက AFA ညီလာခံမှ နုတ်ထွက်ရန် ကျန်ရှိနေသောနိုင်ငံတကာ စာရင်းကိုင်အဖွဲ့အ စည်းများအား တောင်းဆိုသည့် ပန်ကြားလွှာကို ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုး မျှဝေရန် Justice for Myanmar က တိုက်တွန်းလိုက်ပြီး ဖော်ပြပါ ✍🏽https://chng.it/F2vTr9Jsb လင့်တွင် လက်မှန်ရေးထိုးရန် တောင်းဆိုထားသည်။khit thit

စစ်ကိုင်းတိုင်းတွင် ပျူစောထီးနှစ်ဦးနှင့် အမျိုး သမီးတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးနဲ့မုံရွာမြို့တို့မှာ စစ်ကောင်စီသတင်းပေး ပျူစောထီး နှစ်ဦးနဲ့  အမျိုးသမီးတစ်ဦးတို့ အသတ်ခံရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာနဲ့ ငါးတင်းကြီးကျေးရွာတို့က စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးကို နိုဝင်ဘာလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ ညပိုင်းတွေမှာ King Cobra-Khin သုတ်သင်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ဝင်တစ်ဦးက “သေဆုံးသွားတဲ့ လောင်းရှည်က စကစ သတင်းပေး လက်နက်ကိုင် ပျူစောထီးဆီက လက်နက်တွေပါ ရခဲ့တယ်။ ငါးတင်းကြီးရွာသားကတော့ စကစ သတင်းပေးတယ်။ ပျူစောထီး အဖွဲ့ဝင် ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေဟာ လောင်းရှည်ကျေးရွာက အသက် ၄၀ အရွယ် ဦးတင်မောင်စန်းနဲ့ ငါးတင်းကြီးကျေးရွာက ၃၅ နှစ်အရွယ် ဦးရွှေမင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာ ပျူစောထီးနဲ့သတင်းပေး ဒလန်တွေကြောင့် စစ်ကောင်စီတပ်တွေက ကျေးရွာ အချို့ကို မီးရှို့တာ၊ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့  ဒေသခံတွေကပြောပါတယ်။

မုံရွာမြို့ သလ္လာအမှတ်(၉)ရပ်ကွက် ကျန်စစ်သားလမ်း၊ ရတနာစိန်ပန်းကျောင်းအနီးမှာ ၂ လုံး၊ ၃ လုံး ရောင်းတဲ့ အမျိုးသမီးတစ်ယောက် နိုဝင် ဘာ ၁၂ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မသဇင်ဆိုသူ အမျိုးသမီးဟာ ဒီနေ့ ၉ နာရီဝန်းကျင်မှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရတာဖြစ်ပြီး သူဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ဆက်စပ်နေသူ ဖြစ်သလို ၂ လုံး၊ ၃ လုံး ရောင်းချနေတာလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့စည်းက လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

အခင်းဖြစ်ပွားခဲ့တဲ့နေရာကို အရပ်ဝတ်စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။DVB

« Older Entries