Monthly Archives: Nov 2021

မတ္တရာမြို့နယ်၌ စစ်တပ်က ရွာသား ၂ ဦးကိုဖမ်းပြီး ၁ ဦးကို သတ်ဖြတ် အလောင်းပြန်ယူခိုင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှာ ရွာသား ၂ ယောက်ကို စစ်ကောင်စီတပ်က  နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီး နောက်မနက်မှာတော့ တယောက်ရဲ့  ရုပ်အလောင်းကို  လာယူဖို့ မိသားစုထံ  အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ကျေးရွာက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ လူငယ်တစ်ဦးကို  စစ်ကောင်စီတပ်က လာဖမ်းရာမှာ မတွေ့တဲ့အတွက် ဖခင်ဖြစ်သူ ဦးမြင့်နိုင်နဲ့ ဦးလေးဖြစ်သူ ဦးရဲအောင်ကို ဖမ်းဆီးကာ စစ်ကြောရေးကို ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။

“မနေ့က ညနေ ၄ နာရီလောက်က လာတယ်၊ အင်အား၂၀လောက်နဲ့ ၊ သူတို့ဖမ်းရမယ့်သူကို မတွေ့တော့ ဖအေနဲ့ ဦးလေးကို ဖမ်းသွားတာ။ နောက်မနက်ကျတော့  ဦးလေးရဲ့ အလောင်းကို လာယူဖို့ မိသားစုကို အကြောင်းကြားတာလို့” ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေက တစ်အိမ်လုံးကို မွှေနှောက်ဖျက်ဆီးကာ ကွန်ပျုတာ ၁ လုံး၊ ဖုန်း ၂ လုံးနဲ့ ကျပ်ငွေ ၅ သိန်းကျော်ကိုလည်း လု ယူသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ နှစ်ယောက်လုံးဟာ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးမှာပါဝင်ပတ်သက်သူတွေ မဟုတ်ဖူးလို့ ရွာသားတွေထံက သိရပါတယ်။ 

စစ်ကြောရေးမှာ အသတ်ခံရတဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲအောင်မှာ ဇနီးဖြစ်သူနဲ့  မီးဖွားပြီးတာ ရက်ပိုင်းပဲရှိသေးတဲ့ သမီးငယ်တစ်ဦး ကျန် ရစ်ခဲ့ပါတယ်။ ဦးမြင့်နိုင်ကိုလည်း လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

မတ္တရာမြို့နယ်မှာ စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း ကျဆုံးသူ ပြည်သူ ၈ ဦး အထိ ရှိနေပြီ ဖြစ်ပါတယ်။ DVB

ကောလင်းတွင် စစ်တပ်က သတ်ဖြတ်သွားသည့် အသက် ၁၅ နှစ်အရွယ် မောင်ကောင်းဇော်ငြိမ်း၊ ဟိန်းခန့်ပိုင် အပါအဝင် ပြည်သူ ၇ ဦး၏အလောင်းများ ပြနုတွေ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ထားသည့် အသက် ၁၅ နှစ်အရွယ် မောင်ကောင်းဇော်ငြိမ်း၊ မောင်ဟိန်းခန့်ပိုင် အလောင်းအပါအဝင် ပြည်သူ ၇ ဦး၏ အလောင်းများကို ပြန်လည် တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ဘက် ခြမ်း ၊ မိုးနှံ၊ ချောင်းနား၊ ဥက္ကံကျေးရွာ၊ သု၀ဏ္ဏ ရွာနှင့် သရက်ချဥ်ရွာမှ အသက် ၁၅ နှစ်အရွယ် ကောင်းဇော်ငြိမ်း အပါအဝင် ပြည်သူ ၇ ဦးကို စစ်တပ်က ပစ်သတ်သွားကြောင်း၊ စစ်တပ်က ပစ်သတ်သွားသူ သေ ဆုံးသူ ၇ ဦးတွင် ဥက္ကံရွာမှ၂ ယောက်၊ ချောင်းနားရွာမှ ၅ ပါဝင်ကြောင်း၊ သေဆုံးသူများသည် အသက် ၁၆ နှစ်မှ ၂၃ နှစ်ကြား အများဆုံးဖြစ် ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကောလင်းအနောက်ခြမ်း ဦးတင်ဦးကုန်းနားက မန်းကျဥ်းပင်ရေစပ်စပ်လေးနားမှာ ၇ယောက် အသတ်ခံထားရတယ်။ ရုပ်တွေက ဘယ်လိုမှကို မှန်းကြည့်လို့မရအောင်ကို နှိပ်စက်ပီးသတ်ခံထားရတယ်။ အသတ်ခံရသူ ၇ ဦးထဲ မှ လူတစ်ယောက်ရဲ့မျက်နှာတွေကလွှဲပြီး ကျန် ၆ ဦးမှာ မည် သူဘယ်ဝါမှန်းမသိရှိရလေအောင် နှိပ်စက်သတ်ဖြတ်ခြင်းကိုခံခဲ့ကြရပါတယ်။ ကောလင်းအနောက်ခြမ်း ကျေးရွာများ မှသတ်ခံရသူ ၁၀ ဦးထက်မနည်းရှိသွားပြီဖြစ်ပါတယ်” ဟု ကောလင်းမြေပြင်ကင်းထောက်အဖွဲ့ KR က သတ်ငးထုတ်ပြန်ထားသည်။ khit thit

ပေါင်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်အရှေ့မှာ ရှိနေစဉ် အမည်မသိ သေနတ်သမား တယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ဝဲဘက်နို့အုံ သေနတ်ဒဏ်ရာ တစ်ချက် ရရှိပြီး၊ စိုးရိမ်ရတဲ့အခြေအနေကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ရပ်ကွက်အတွင်း ဆန္ဒပြလူငယ်တွေ ဖမ်ဆီးခံရအောင် သတင်းပေးတာ၊ အရပ်သား ပြည်သူတွေကို ခြိမ်းခြောက်နေလို့ သတိပေးခံထားရတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်မြို့ပေါ်ရပ်ကွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း YMBA အသင်း နာယက ဦးခင်မောင်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရပါတယ်။DVB

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိအမှု ၈ မှု ထပ်တိုးအမှုဖွင့်

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာအေးဇံကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၈ မှု ထပ်တိုးပြီး အမှုဖွင့်အရေးယူထားတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလမှာတော့ တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကြေးရယူခဲ့တယ်ဆိုပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုဖွင့်ခဲ့ပါတယ်။

အခုအခါမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိမှု နောက်ထပ်  ၈ မှု ထပ်တိုးဖွင့်လှစ်လိုက်တဲ့အတွက်ကြောင့် အဂ တိမှု ၉ မှုအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖွင့်လှစ်ထားတဲ့ အဂတိမှု ၉ မှု အပါအဝင် ပုဒ်မ ၅၀၅ (က) အမှုဖွင့်တွေကိုတော့ ရက်ပေါင်း ၁၈၀ အတွင်း အ ပြီး စစ်ဆေးသွားဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အမှုတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ အထူးတရားရုံး ဖွင့်လှစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေထဲမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိမှု ၅ မှုအတွက် အမှု တစ်ခုကို ထောင်ဒဏ် ၁၅ နှုန်းနဲ့ ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်ထားပါတယ်။DVB

စစ်ကောင်စီတပ်က နွားထိုးကြီးနယ်၊ လက်ဝဲမြင်းနီရွာသား ၇ ဦးကို ဖမ်းဆီး၊ နေအိမ်များကို ချိပ်ပိတ်

စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီ ရွာသား ခုနှစ်ဦးကို ဖမ်းဆီးပြီး ၎င်းတို့နှင့် ဆက်စပ်သော နေအိမ် ငါးလုံးကို ချိပ်ပိတ်သွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ လက်ဝဲမြင်းနီရွာ၏ အရှေ့ဘက်တောထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းရှိသည် ဟုဆိုကာ နိုဝင်ဘာ ၆ ရက် နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်အင်အား ၇၀ ခန့်က လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရွာရှိ ဦးသန်းလွင်ဦး၊ ဦးမော်နိုင်၊ ကိုကောင်းခန့်၊ ကိုဖိုးသား၊ ကိုချမ်းဖြိုး၊ ကိုမိုးဒီ၊ ဦးဝင်းသော်နှင့် ကိုသော်ဇင် တို့ ရှစ်ဦးကို လာရောက် ဖမ်းဆီးခြင်း ဖြစ်သော်လည်း ၎င်းတို့ကို မတွေ့၍ ကိုကောင်းခန့်၏ မိခင်၊ ကိုချမ်းဖြိုး၏ ဖခင်နှင့် ဦးမော်နိုင်၏ သမီးတို့ အပါအဝင် အခြား ရွာသား လေးဦး စုစုပေါင်း ခုနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့နောက် ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင်မူ စစ်ကောင်စီတပ်က ဦးသန်းလွင်ဦး၊ ဦးမော်နိုင်၊ ကိုကောင်းခန့်၊ ကိုချမ်းဖြိုးနှင့် ဦးဝင်းသော် တို့ ၏ နေအိမ်များကို ချိပ်ပိတ်သွားသည်ဟု ဆိုသည်။ “သူတို့က CDM ဝန်ထမ်းတွေကို ဖမ်းမယ်။ အိမ်တွေကို မီးရှို့မယ်လို့ ပြောတယ်။ ထန်တလန်လို ဖြစ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ပြီး လိုချင်တဲ့သူ မရမချင်း ထပ်လာနေဦးမယ်လို့ ပြောသွားတယ် ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ဝဲမြင်းနီရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည်မှာ ခြောက်ကြိမ် ရှိပြီဖြစ်သည်။ ယခုတစ်ခေါက်တွင် နွားထိုးကြီးမြို့နယ်အပြင် မြင်းခြံမြို့နယ်ရှိ လေးရွာဆုံရွာ နှင့် ခြေဆေး ကွမ်းစိုက် ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များပါ ခေါ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားများက အမျိုးသမီး တစ်ဦး အပါအဝင် ရွာသားအချို့ကို ရိုက်နှက်ခဲ့ပြီး ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့ကြောင်း၊ လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ပြောသည်။ ယခုကဲ့သို့ စစ်တပ်ရောက်လာခြင်းသည် ကျေးရွာသူတစ်ဦး၏ သ တင်းပေးခြင်းကြောင့်ဟု အဆိုပါ ရွာသားများက ယူဆထားကြသည်။ ဖမ်းဆီးခံရသူများကို နွားထိုးကြီးမြို့နယ် အဝင်နားရှိ နွားထိုးကြီး ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း ဒေသခံက ပြောသည်။ နွားထိုးကြီးမြို့နယ် အဝင်ဂိတ်၌ စစ်ကောင်စီတပ်များ တပ်စွဲထားပြီး လက်ဝဲမြင်းနီ ရွာ သား ဆိုလျှင် ဖြတ်သန်းသွားလာခွင့် မပြုဘဲ ပြန်လှည့်ခိုင်းနေသည်ဟု ဆိုသည်။mizzima

မြင်းမူမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အ မိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အများပြည်သူလုံခြုံရေးအတွက် အကြောင်းပြပြီး လူ ၅ ဦး ထက် ပိုမစုဖို့နဲ့  ည ၈ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ – ၁၄၄ ကို နိုဝင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီက အမိန့် ထုတ်လိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ကောင်စီက ညမထွက်ရအမိန် ထုတ်ပြန်လိုက်တာကြောင့် မြင်းမူမြို့နယ်အတွင်းက  ကုန်စိမ်းရောင်းတဲ့ဈေးတွေ  အခက်အခဲနဲ့ကြုံတွေ့ရနိုင်တယ်လို့  ဒေသခံ ဈေးသည်တွေက ပြောပါတယ်။

ကုန်စိမ်းရောင်းတဲ့ဈေးသည်တွေဟာ  မိမိခြံကထွက်တဲ့ ဟင်းသီးဟင်ရွက်တွေကို ညသန်းခေါင်ကျော် တနာရီလောက်ကတည်းက စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ စတဲ့ဈေးတွေဆီကို မနက်လင်းဈေးဖွင့်အမှီ ကြိုတင်ဈေးသွားရောင်းချရတာဖြစ်ပါတယ်။

မြင်းမူမြို့ခံတဦးကတော့ “ဒါသက်သက်စစ်ရေးအရ အာဏာကို အလွဲသုံးစားလုပ်တာပဲဗျ။ ဒီကောင်တွေ သူတို့စစ်ကားတွေ မိုင်းထောင်ခံရတာ၊ မိုင်းဆွဲခံရ‌တာတွေကြောင့် အခုလို ညမထွက်ရအမိန် ထုတ်ပြန်တာ။ ဒီကောင်တွေ ထုတ်တဲ့အမိန့် ဘယ်သူမှမလိုက်နာဘူး။ ကိုယ်ထွက်ချင်ထွက်မှာပဲ။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ဆင်ရေးလုပ်နေတာ ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ခုခံစစ်ပွဲ ဆင်နွှဲနေတဲ့ အတွက် စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတဝန်း တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြီး  လူ ၅ ယောက်ထက်ပိုမစုဖို့ ကန့်သတ်ထားမြစ်ထားပေမဲ့ တဖက်မှာတော့ စစ်တပ်ထောက်ခံပွဲတွေကို လူအင်အားအလုံးအ ရင်းနဲ့  စီစဉ်ပြုလုပ်နေတာဖြစ်ပါတယ်။DVB

ပလက်၀တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး ၊ မင်းတပ်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်တပ်က ပြည်သူပိုင်အိမ်များကို မီးရှို့ဖျက်ဆီးပြီးမိုင်းများ ထောင်ထား

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့နှင့်နိုဝင်ဘာလ ၁၀ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်များနှင့် ပလက်၀ CDF တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ကြောင်း CDF ပလက်၀က သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်၊ မတူပီမြို့မှ ဆမီးမြို့သို့ အင်အားဖြည့်ချီတက်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မတူပီ-ပလက်၀ ကားလမ်း အတိုင်း ချီတက်လာသော စစ်ကောင်စီ အင်အား ၆၀ ကို CDF ပလက်၀က ပဒေသာမိုင်းများခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း ဆမီးမြို့သို့ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ် သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း နှစ်ဖက်စလုံး အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း၊ ၃ နာရီသာသွားရသည့်ခရီးကို စစ်ကောင်စီက ၅ ရက်တာ ခရီးသွားပြီး အသေအပျောက်ထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ရှမ်းပြည်နယ်-ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တို့တွင် ပြည်သူပိုင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မိုင်းများထောင်ထားခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောဆိုကြသည်။ မင်းတပ်မြို့နယ်၊ ၂၃ မိုင် အေးသာယာကျေးရွာတွင် အိမ်များမီးရှို့ခဲ့ခြင်း၊ နင်းမိုင်းများထောင်ခဲ့ခြင်းများကို စစ်ကောင်စီတပ်များက ပြုလုပ်ကြကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မင်းတပ်-မတူပီလမ်း မိုင် ၃၀ လမ်းခွဲတွင် အကြမ်းဖက် စစ်တပ် ထောင်ခဲ့သောနင်းမိုင်းကွဲခဲ့ကြောင်း၊ ဒေသခံပြည်သူ ၂ ဦး ဆိုင်ကယ်မောင်းရင်း မိုင်းထိခြင်းဖြစ်ပြီး ဆိုင်ကယ်ပျက်စီးသွားသော်လည်း လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရှိရသည်။

အလားတူ မင်းတပ်-မတူပီလမ်း ၁၆ မိုင်လမ်းခွဲတွင်လည်း ယမန်နေ့ စစ်တပ် ထောင်ထားခဲ့သော နင်းမိုင်းကွဲခဲ့ပြီး ကားတစ်စီးထိခိုက်မှု ရှိခဲ့သော်လည်း မည်သူမျှထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း၊ နိုဝင်ဘာ ၇ ရက်‌နေ့တွင် ၂၃ မိုင်၌ ညအိပ်နားခဲ့သော စစ်တပ်က ရွာမှ မထွက်ခွာမီ အိမ် ၈ လုံးကို မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။ အလားတူ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ် နယ်စပ် ဖယ်ခုံမြို့တွင် နို၀င်ဘာလ (၈) ရက်​နေ့ ​ခေါင်းအိ​ကျေးရွာအုပ်စု လတူးကယန်းရွာ ရှိ ​နေအိမ်များကိုစစ်တပ်က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရှိရသည်။khit thit

တရုတ်မှ Sinovac ကိုဗစ်ကာကွယ်ဆေး ၂ သန်းရောက်ရှိ၊ ဆေးထိုးပြီးသူ ၁၄ သန်း ကျော်ရှိဟုဆို

တရုတ်နိုင်ငံကနေ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်း ထပ်မံ ရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီကာကွယ်ဆေး ၂ သန်းထဲက ၁ သန်းကတော့ မြန်မာနိုင်ငံက ဝယ်ယူတာဖြစ်ပြီး ကျန် ၁ သန်းကတော့ တရုတ်အစိုးရက ထပ်မံလှူဒါန်းတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ Sinopharm ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး ၆ ကြိမ်ခွဲကာ ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ သိ ရပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူအရေအတွက် ၁၄ သန်း ကျော်ရှိခဲ့ပြီ ဖြစ်တယ်လို့ အ ကြမ်း ဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုနှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၉၀၀ နီးပါးရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံ ရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့ တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ် တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။DVB

တိုက်ပွဲများကြောင့် ချင်းပြည်နယ်၏ ဝင်ငွေရ ၀ဥစိုက်ပျိုးရေးလုပ်ငန်း ဈေးကွက်ပျက်

ချင်းပြည်နယ်၏ ဒေသစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော ၀ဥ စိုက်ပျိုး ထုတ်လုပ်ရေးသည် တိုက်ပွဲများကြောင့် ရောင်းသူ၊ဝယ်သူ မရှိဘဲ ဈေး ကွက် ပျက်နေသည်ဟု ဒေသခံ ၀ဥစိုက် တောင်သူ တစ်ဦးက ပြောသည်။

“ဘယ်သူမှလည်း စိုက်ခင်းသွားပြီး အသီး မကောက်ရဲဘူး။ အသီးကလည်း ဖြစ်ထွန်းမှာ မဟုတ်ဘူး။ ဝဥစိုက် တောင်သူတွေက စစ်ရှောင် နေကြရတော့ စိုက်ခင်းတွေ ပေါင်းမရှင်းနိုင်ဘူး။ ပေါင်းမရှင်းနိုင်တော့ ကြွက်ကိုက် စားကြတော့ အသီးလည်း မသီးနိုင်တော့ဘူး။ ဝဥတောင်သူတွေ ရှုံးကြမှာပဲ” ဟု ၎င်းက ပြောသည်။ပုံမှန်အားဖြင့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလသည် ဝဥ အသီးကောက်ချိန် ဖြစ်ရာ ၀ဥစိုက်တောင်သူများ ဝင်ငွေကောင်းသည့် အချိန်ဖြစ်ကြောင်းနှင့် ၀ဥ တစ်ပိဿာလျှင် ကျပ် ခုနှစ်ထောင်မှ ရှစ်ထောင်ကျပ်အထိ ရရှိကြောင်းလည်း ၎င်းက ပြော သည်။

”အခုက လေးထောင်ကျပ်တောင် ဝယ်မယ့်သူ တော်တော် ရှာယူနေရတယ်” ဟု ၀ဥစိုက် တောင်သူတစ်ဦးက ပြောသည်။ ဝဥဈေးကွက်သည် လက်ရှိတွင် တရုတ်ဝယ်လက် တစ်ခုသာ ရှိနေပြီး ဂျပန်ဈေးကွက် မရတော့ခြင်းကြောင့် ဈေးသိသိသာသာ နည်းလာခြင်းဖြစ်ပြီး တရုတ်ဝယ်လက်များ၏ ဈေးကစားမှုကိုလည်း ခံရဦးမည်ဟု အဝယ်ဒိုင်တစ်ဦးက ပြောသည်။

”မနှစ်က ဂျပန်ဘက်က အဝယ်တော်တွေက COVID -19 ကပ်ရောဂါ ကြောင့် မလာနိုင်ဘူး။ အရင်ကဆိုရင် ဝဥ အခြောက် တစ်ပိဿာ ကို ကျပ် ၁၂,၀၀၀ လောက် ရတယ်။ အခု ဂျပန်ဈေးကွက် မရှိတော့ တစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်နေတယ်။ တရုတ်ကလည်း သူတစ်ယောက်ပဲ ဝယ်လက်ရှိတော့ ဈေးကစားအုံးမှာ” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် တောင်ပိုင်း မတူပီ၊ မင်းတပ်နှင့် ကန်ပက် လက် မြို့နယ်များ၌ ဝဥကို အဓိက စီးပွားဖြစ် စိုက်ပျိုးကြပြီး မန္တလေးမှ တစ်ဆင့် တ ရုတ် ဈေးကွက်သို့ အများဆုံး တင်ပို့ ရောင်းချ ကြသည်။မင်းတပ်မြို့နယ် ထင်ချောင်းရွာတွင် ဝဥစိုက်တောင်သူများ စုပေါင်း တည်ထောင်ထားသော ‘ချင်းတောင်ရတနာ’ ဝဥ လွှာခြောက် စက်ရုံ ရှိသော်လည်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသေးပေ။mizzima

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ အရောင်းထွက်ရန် စစ်ကောင်စီ ထပ်မံကြိုးပမ်း

စစ်ကောင်စီက နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၃ ခုကို ဇွန်လအတွင်း ရောင်းချရန် ကြိုးပမ်းခဲ့သော်လည်း ဝယ်ယူသူ မရှိသဖြင့် အရောင်းထွက်စေရန် နိုဝင်ဘာလဆန်းတွင် ထပ်မံကြိုးပမ်းနေသည်။

စစ်အာဏာရှင်လက်ဝယ်သို့ ငွေကြေးစီးဆင်းမှု မရှိစေရန် ပြည်သူများက အခွန်ငွေမပေးဆောင်ခြင်း အပါအဝင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက ထိုသို့ အားထုတ်နေခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF)၏ ဝက်ဘ်ဆိုက်စာမျက်နှာ၌ အဆိုပါ အဆောက်အအုံ ၂၃ ခုကို ရောင်းချရန် ထပ်မံကြေညာထားကြောင်း နိုဝင်ဘာ ၈ တွင် စတင်တွေ့ရသည်။

အရပ်သားအစိုးရလက်ထက်၂၀၂၀ မတ်လတွင် ရောင်းချရန် တင်ဒါခေါ်ခဲ့ဖူးသည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၄ ခုအနက် ၂၃ ခုကို စစ်ကောင်စီက ရောင်းချလိုခြင်း ဖြစ်သည်။

ချန်လှပ်ခဲ့သည့်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ ကွင်းအမှတ် (၇၅) မှ ၀ ဒဿမ ၀၇၃ အကျယ်ရှိသော မြေနှင့် အဆောက်အအုံဖြစ်သည်။

ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်တို့ရှိ မြေနှင့် အဆောက်အအုံ ၂၂ ခု၊ သိုလှောင်ရုံ ၆ ရုံ တို့ကို နိုဝင်ဘာ ၈ မှ နိုဝင်ဘာ ၂၆ အတွင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဟု ဆိုသည်။

ပထမအကြိမ်အနေဖြင့် ဇွန် ၂၆ ရက်စွဲဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(MOPF) က ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် ကြေးမုံသတင်းစာတွင် ကြေညာခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း စစ်ကောင်စီ၏ ရောင်းချမှုမှာ တရားမဝင်သောကြောင့် အဆိုပါ မြေနှင့် အဆောက်အအုံများကို မဝယ်ယူကြရန် ဇူလိုင် ၉ ၌ ကြေညာထားသည်။

ဝယ်ယူပြီးပါကလည်း တချိန်ချိန်တွင် အရေးယူခံရမည်ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က Myanmar Now ကို နိုဝင်ဘာ ၁၀ တွင် ပြော သည်။ 

“အကြမ်းဖက်စစ်ကောင်စီ ရောင်းတာကို ဝယ်တာသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ငြိစွန်းတာပဲ။ ဒီလောက် ထုတ်ပြန်ထားတဲ့ကြားထဲကနေ ဒါကို အခွင့်အလမ်းတစ်ရပ်လို့ ရှုမြင်ပြီးတော့ ဝယ်ဖို့ ကြိုးစားရင်တော့ ဝယ်တဲ့သူတွေဆီက ပစ္စည်းပြန်သိမ်းသွားမယ့်အ ပြင် တည်ဆဲဥပဒေတွေနဲ့လည်း အရေးယူရမှာပဲ”ဟု အစိုးရ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

“ပြည်သူကို ပြန်သတ်မယ့် ကျည်ဆန်ဖိုးအပြင်တင် မကဘူး၊ သူတို့ယန္တရားကို ခိုင်မာသည်ထက် ခိုင်မာအောင် တောင့်ခံနိုင်ဖို့အတွက်၊ သူတို့ သက်ဆိုးရှည်ဖို့အတွက် အဓိကအထောက်အပံဖြစ်စေမဲ့ ပိုက်ဆံတွေပဲ ဖြစ်သွားမှာ”

ဇွန်လအတွင်း တင်ဒါခေါ်ပြီးနောက် ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်မားနေသဖြင့် တင်ဒါဖွင့်မည့်ရက်ကို ဆိုင်းငံ့ခဲ့ရကြောင်း စစ်ကောင်စီက အကြောင်းပြချက်ပေးခဲ့သည်။ 

သို့ရာတွင် ဧရာဝတီတိုင်းအတွင်းမှ ယခင် ဖမ်းဆီးရမိထားသည့်သစ်များအား စက်တင်ဘာအတွင်း စစ်ကောင်စီက တင်ဒါခေါ်ယူရောင်းချခဲ့ပြီး မြန်မာ့သစ်စက် မန်နေဂျာ ဦးရဲရင့်အောင်က ရရှိခဲ့သည်ဟု လုပ်ငန်းရှင်များနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“သစ်လုပ်ငန်းအရာရှိတွေကပဲ ကုန်သည်တွေနဲ့ ပေါင်းပြီး အောက်လေလံ ပြန်ဆွဲသွားတာဗျ။ အရင်အစိုးရက ဖမ်းထားတဲ့သစ်တွေကို တင်ဒါပေးပြီးသွားပြီ။ သူတို့သစ်လုပ်ငန်းက လူတွေပဲ အောက်လေလံ ပြန်ဆွဲတာ သိန်းထောင်ချီ မြတ်သွားကြပြီ”ဟု ဧရာဝတီတိုင်း၊ ကွင်းကောက်ဒေသခံ သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောက်လေလံဆိုသည်မှာ မြန်မာ့သစ်လုပ်ငန်း၌ လုပ်ပိုင်ခွင့်ရရှိထားသူများက ၎င်းတို့နှင့် နီးစပ်သူ သစ်ကုန်သည်တစ်ဦးအား တင်ဒါဝယ်ယူသူအဖြစ် အမည်ခံခိုင်းကာ ဝယ်ယူခွင့်အား ထိုသူရရေးအတွက် အဆိုပါ သစ်လုပ်ငန်းအရာရှိများက ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံပိုင်မြေနှင့်အဆောက်အုံများကို ယခင်အစိုးရအဆက်ဆက်က ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွဲပြောင်းရောင်းချမှုများကြောင့် နိုင်ငံအရေးပေါ်အခြေအနေကြုံရချိန်တွင် အသုံးချ၍မတော့သည့် ပစ္စည်းအစုတ်သာ ကျန်တော့သည်ဟု NLD အစိုးရလက်ထက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ထူးက ယခင်နှစ် ဇူလိုင်လအတွင်း Myanmar Now ကို ဖြေဆိုခဲ့သည်။

နိုင်ငံပိုင်ပစ္စည်းများကို တင်ဒါစနစ်ဖြင့် ရောင်းချသည်ဟုဆိုသော်လည်း ထိုပစ္စည်းများကို လက်ဝယ်ရယူခဲ့သူ အများစုသည် စစ်တပ်အသိုင်း အ ဝိုင်းနှင့် တပ်နှင့် ရင်းနှီးသော ခရိုနီလုပ်ငန်းရှင်ကြီးများသာ ဖြစ်သည်ကို တွေ့ရသည်။ 

ရန်ကုန်မြို့တစ်ခုတည်းမှာပင် ယခင်စစ်အစိုးရခေတ်က ရောင်းချခဲ့သော အများပြည်သူပိုင်ပန်းခြံ၊ မြေနေရာများစွာ ရှိနေပြီး ထိုနေရာများနှင့် ပတ်သက်၍ နိုင်ငံ့ဘဏ္ဍာငွေ ဆုံးရှုံးနေရသည့်ပြဿနာကို NLD အစိုးရသက်တမ်း ၅ နှစ်အတွင်းကလည်း မဖြေရှင်းနိုင်ခဲ့ပေ။ myanmar now

« Older Entries