နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ အရောင်းထွက်ရန် စစ်ကောင်စီ ထပ်မံကြိုးပမ်း

စစ်ကောင်စီက နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၃ ခုကို ဇွန်လအတွင်း ရောင်းချရန် ကြိုးပမ်းခဲ့သော်လည်း ဝယ်ယူသူ မရှိသဖြင့် အရောင်းထွက်စေရန် နိုဝင်ဘာလဆန်းတွင် ထပ်မံကြိုးပမ်းနေသည်။

စစ်အာဏာရှင်လက်ဝယ်သို့ ငွေကြေးစီးဆင်းမှု မရှိစေရန် ပြည်သူများက အခွန်ငွေမပေးဆောင်ခြင်း အပါအဝင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက ထိုသို့ အားထုတ်နေခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF)၏ ဝက်ဘ်ဆိုက်စာမျက်နှာ၌ အဆိုပါ အဆောက်အအုံ ၂၃ ခုကို ရောင်းချရန် ထပ်မံကြေညာထားကြောင်း နိုဝင်ဘာ ၈ တွင် စတင်တွေ့ရသည်။

အရပ်သားအစိုးရလက်ထက်၂၀၂၀ မတ်လတွင် ရောင်းချရန် တင်ဒါခေါ်ခဲ့ဖူးသည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၄ ခုအနက် ၂၃ ခုကို စစ်ကောင်စီက ရောင်းချလိုခြင်း ဖြစ်သည်။

ချန်လှပ်ခဲ့သည့်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ ကွင်းအမှတ် (၇၅) မှ ၀ ဒဿမ ၀၇၃ အကျယ်ရှိသော မြေနှင့် အဆောက်အအုံဖြစ်သည်။

ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်တို့ရှိ မြေနှင့် အဆောက်အအုံ ၂၂ ခု၊ သိုလှောင်ရုံ ၆ ရုံ တို့ကို နိုဝင်ဘာ ၈ မှ နိုဝင်ဘာ ၂၆ အတွင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဟု ဆိုသည်။

ပထမအကြိမ်အနေဖြင့် ဇွန် ၂၆ ရက်စွဲဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(MOPF) က ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် ကြေးမုံသတင်းစာတွင် ကြေညာခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း စစ်ကောင်စီ၏ ရောင်းချမှုမှာ တရားမဝင်သောကြောင့် အဆိုပါ မြေနှင့် အဆောက်အအုံများကို မဝယ်ယူကြရန် ဇူလိုင် ၉ ၌ ကြေညာထားသည်။

ဝယ်ယူပြီးပါကလည်း တချိန်ချိန်တွင် အရေးယူခံရမည်ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က Myanmar Now ကို နိုဝင်ဘာ ၁၀ တွင် ပြော သည်။ 

“အကြမ်းဖက်စစ်ကောင်စီ ရောင်းတာကို ဝယ်တာသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ငြိစွန်းတာပဲ။ ဒီလောက် ထုတ်ပြန်ထားတဲ့ကြားထဲကနေ ဒါကို အခွင့်အလမ်းတစ်ရပ်လို့ ရှုမြင်ပြီးတော့ ဝယ်ဖို့ ကြိုးစားရင်တော့ ဝယ်တဲ့သူတွေဆီက ပစ္စည်းပြန်သိမ်းသွားမယ့်အ ပြင် တည်ဆဲဥပဒေတွေနဲ့လည်း အရေးယူရမှာပဲ”ဟု အစိုးရ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

“ပြည်သူကို ပြန်သတ်မယ့် ကျည်ဆန်ဖိုးအပြင်တင် မကဘူး၊ သူတို့ယန္တရားကို ခိုင်မာသည်ထက် ခိုင်မာအောင် တောင့်ခံနိုင်ဖို့အတွက်၊ သူတို့ သက်ဆိုးရှည်ဖို့အတွက် အဓိကအထောက်အပံဖြစ်စေမဲ့ ပိုက်ဆံတွေပဲ ဖြစ်သွားမှာ”

ဇွန်လအတွင်း တင်ဒါခေါ်ပြီးနောက် ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်မားနေသဖြင့် တင်ဒါဖွင့်မည့်ရက်ကို ဆိုင်းငံ့ခဲ့ရကြောင်း စစ်ကောင်စီက အကြောင်းပြချက်ပေးခဲ့သည်။ 

သို့ရာတွင် ဧရာဝတီတိုင်းအတွင်းမှ ယခင် ဖမ်းဆီးရမိထားသည့်သစ်များအား စက်တင်ဘာအတွင်း စစ်ကောင်စီက တင်ဒါခေါ်ယူရောင်းချခဲ့ပြီး မြန်မာ့သစ်စက် မန်နေဂျာ ဦးရဲရင့်အောင်က ရရှိခဲ့သည်ဟု လုပ်ငန်းရှင်များနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“သစ်လုပ်ငန်းအရာရှိတွေကပဲ ကုန်သည်တွေနဲ့ ပေါင်းပြီး အောက်လေလံ ပြန်ဆွဲသွားတာဗျ။ အရင်အစိုးရက ဖမ်းထားတဲ့သစ်တွေကို တင်ဒါပေးပြီးသွားပြီ။ သူတို့သစ်လုပ်ငန်းက လူတွေပဲ အောက်လေလံ ပြန်ဆွဲတာ သိန်းထောင်ချီ မြတ်သွားကြပြီ”ဟု ဧရာဝတီတိုင်း၊ ကွင်းကောက်ဒေသခံ သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောက်လေလံဆိုသည်မှာ မြန်မာ့သစ်လုပ်ငန်း၌ လုပ်ပိုင်ခွင့်ရရှိထားသူများက ၎င်းတို့နှင့် နီးစပ်သူ သစ်ကုန်သည်တစ်ဦးအား တင်ဒါဝယ်ယူသူအဖြစ် အမည်ခံခိုင်းကာ ဝယ်ယူခွင့်အား ထိုသူရရေးအတွက် အဆိုပါ သစ်လုပ်ငန်းအရာရှိများက ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံပိုင်မြေနှင့်အဆောက်အုံများကို ယခင်အစိုးရအဆက်ဆက်က ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွဲပြောင်းရောင်းချမှုများကြောင့် နိုင်ငံအရေးပေါ်အခြေအနေကြုံရချိန်တွင် အသုံးချ၍မတော့သည့် ပစ္စည်းအစုတ်သာ ကျန်တော့သည်ဟု NLD အစိုးရလက်ထက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ထူးက ယခင်နှစ် ဇူလိုင်လအတွင်း Myanmar Now ကို ဖြေဆိုခဲ့သည်။

နိုင်ငံပိုင်ပစ္စည်းများကို တင်ဒါစနစ်ဖြင့် ရောင်းချသည်ဟုဆိုသော်လည်း ထိုပစ္စည်းများကို လက်ဝယ်ရယူခဲ့သူ အများစုသည် စစ်တပ်အသိုင်း အ ဝိုင်းနှင့် တပ်နှင့် ရင်းနှီးသော ခရိုနီလုပ်ငန်းရှင်ကြီးများသာ ဖြစ်သည်ကို တွေ့ရသည်။ 

ရန်ကုန်မြို့တစ်ခုတည်းမှာပင် ယခင်စစ်အစိုးရခေတ်က ရောင်းချခဲ့သော အများပြည်သူပိုင်ပန်းခြံ၊ မြေနေရာများစွာ ရှိနေပြီး ထိုနေရာများနှင့် ပတ်သက်၍ နိုင်ငံ့ဘဏ္ဍာငွေ ဆုံးရှုံးနေရသည့်ပြဿနာကို NLD အစိုးရသက်တမ်း ၅ နှစ်အတွင်းကလည်း မဖြေရှင်းနိုင်ခဲ့ပေ။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s