ပလက်၀တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး ၊ မင်းတပ်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်တပ်က ပြည်သူပိုင်အိမ်များကို မီးရှို့ဖျက်ဆီးပြီးမိုင်းများ ထောင်ထား

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့နှင့်နိုဝင်ဘာလ ၁၀ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်များနှင့် ပလက်၀ CDF တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ကြောင်း CDF ပလက်၀က သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်၊ မတူပီမြို့မှ ဆမီးမြို့သို့ အင်အားဖြည့်ချီတက်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မတူပီ-ပလက်၀ ကားလမ်း အတိုင်း ချီတက်လာသော စစ်ကောင်စီ အင်အား ၆၀ ကို CDF ပလက်၀က ပဒေသာမိုင်းများခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း ဆမီးမြို့သို့ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ် သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း နှစ်ဖက်စလုံး အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း၊ ၃ နာရီသာသွားရသည့်ခရီးကို စစ်ကောင်စီက ၅ ရက်တာ ခရီးသွားပြီး အသေအပျောက်ထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်း သတင်းထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ရှမ်းပြည်နယ်-ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တို့တွင် ပြည်သူပိုင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မိုင်းများထောင်ထားခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောဆိုကြသည်။ မင်းတပ်မြို့နယ်၊ ၂၃ မိုင် အေးသာယာကျေးရွာတွင် အိမ်များမီးရှို့ခဲ့ခြင်း၊ နင်းမိုင်းများထောင်ခဲ့ခြင်းများကို စစ်ကောင်စီတပ်များက ပြုလုပ်ကြကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မင်းတပ်-မတူပီလမ်း မိုင် ၃၀ လမ်းခွဲတွင် အကြမ်းဖက် စစ်တပ် ထောင်ခဲ့သောနင်းမိုင်းကွဲခဲ့ကြောင်း၊ ဒေသခံပြည်သူ ၂ ဦး ဆိုင်ကယ်မောင်းရင်း မိုင်းထိခြင်းဖြစ်ပြီး ဆိုင်ကယ်ပျက်စီးသွားသော်လည်း လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရှိရသည်။
အလားတူ မင်းတပ်-မတူပီလမ်း ၁၆ မိုင်လမ်းခွဲတွင်လည်း ယမန်နေ့ စစ်တပ် ထောင်ထားခဲ့သော နင်းမိုင်းကွဲခဲ့ပြီး ကားတစ်စီးထိခိုက်မှု ရှိခဲ့သော်လည်း မည်သူမျှထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ၂၃ မိုင်၌ ညအိပ်နားခဲ့သော စစ်တပ်က ရွာမှ မထွက်ခွာမီ အိမ် ၈ လုံးကို မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။ အလားတူ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ် နယ်စပ် ဖယ်ခုံမြို့တွင် နို၀င်ဘာလ (၈) ရက်နေ့ ခေါင်းအိကျေးရွာအုပ်စု လတူးကယန်းရွာ ရှိ နေအိမ်များကိုစစ်တပ်က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရှိရသည်။khit thit