Monthly Archives: Nov 2021

စစ်ကောင်စီတပ်သားတစ်စုက တီးတိန်သူကို အဓမ္မကျင့်ဟု ပြောက်ကျားတပ်ဖွဲ့ထုတ်ပြန်

တီးတိန်မြို့သူတစ်ဦးကို စစ်ကောင်စီတပ်က အုပ်စုလိုက်အဓမ္မပြုကျင့်ကာ အဖိုးတန်လက်ဝတ်ရတနာများယူသွားမှု နိုဝင်ဘာ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာ (Aklui Khua) တွင် သေ နတ် များကိုင်ဆောင်ထားသော စစ်ကောင်စီတပ်မှတပ်သားသုံးဦးက နေအိမ်တစ်ခုကိုဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ လက်ဝတ်ရတနာများယူဆောင်သွားကြောင်း ကာကယံရှင်များက တိုင်ကြားလာသည်ဟု Chinland Defense Force – Kalay Kabaw Gangaw(CDM Siyin) က ထုတ်ပြန်သည်။

CDM Siyin ( CDF-KKG တပ်ရင်း (၂) )က တိုင်ကြားချက်ကို စစ်ဆေးခဲ့သည်ဟုပါရှိပြီး အဆိုပါဖြစ်စဉ်ညတွင် လက်နက်ကိုင် စစ်ကောင်စီတပ် သားသုံးယောက်သည် တိုင်ကြားသူ နေအိမ်ကို ၀င်ရောက်ကာ အမျိုးသားဖြစ်သူကို ရေချိုးခန်းသို့ခေါ်ဆောင်သွားပြီး ခေါင်းမဖော်ဘဲ ၀ပ်ခိုင်းထားကာ ခေါင်းထောင်သည်နှင့်တပြိုင်နက် ဘေးမှ ကြွေပန်းကန်များဖြင့် ရိုက်ပေါက်၊ သေနတ်ဒင်နှင့်ထုထောင်း ထိန်းချုပ်ထားပြီး၊ မီးဖွားထား သည်မှာ တလခွဲခန့်သာရှိသေးသည့် အသက် ၂၇ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို မုဒိန်းမှုကျူးလွန်ခဲ့သည်ဟုဆိုသည်။

ထို့နောက်ည ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ်စစ်သားနှစ်ယောက်ထပ်မံ​ရောက်ရှိလာကာ ဒုတိယအကြိမ်ပြုကျင့်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးဖြစ်သူ၏ လက်၀တ်လက်စားများကိုပါ ချွတ်ယူသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

စွပ်စွဲခံရသူ သုံးယောက်၏ အမည်နှင့် ကိုယ်ပိုင် အမှတ်များကို CDM Siyin ( CDF-KKG တပ်ရင်း ၂) မှစုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ နစ်နာခဲ့သူ ကာယကံရှင် မိသားစုကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။mizzima

နိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ သတင်းပေးဟု စွပ်စွဲခံရသူနှင့် လက်နက်ကိုင်ပျူစောထီး ၁၁ ဦးထက်မနည်း အသတ်ခံရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ သတင်းပေးဟု စွပ်စွဲခံရသူနှင့် လက်နက်ကိုင်ပျူစောထီး ၁၁ ဦးထက်မနည်း အသတ်ခံရကြောင်း ရန်ကုန်ခေတ်သစ်က အချက်အလက်ကောက်ယူရရှိသည်။

ဝမ်းတွင်းတွင် သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ ကိုချက်ဖောင်း သေနတ်ဖြင့်ပစ်သတ်ခံရ

====================================================================

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန်လုပ်နေသူ တင်မျိုးထွန်း ခေါ် ချက်ဖောင်း ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် လက်ဘက်ရည်ဆိုင်အတွင်း သေနတ်ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

တွံတေး၊ အောင်စေတီရွာရှိ စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူဇော်ဆန်း ပစ်သတ်ခံရ

==========================================================================

တွံတေးမြို့နယ်၊ အောင်စေတီကျေးရွာနေ စစ်ကောင်စီ သတင်းပေးဒလန် ကျောင်းသားကြီး (ခ) ဇော်ဆန်းအား ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် သုတ်သင်ရှင်းလင်းလိုက်ကြောင်း မြို့ပြပြောက်ကြား-တွံတေး အဖွဲ့က သတင်းထုတ်ပြန်သည်။ကျည်ပြီးသည်ဟု ရပ်ကွက်အတွင်း လှည့်လည်ကြွားဝါလေ့ရှိသူ ဇော်ဆန်းသည် အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက်ခံ၍ အများပြည်သူ အတိဒုက္ခရောက်စေရန် သတင်းပေးဒလန်လုပ်မှုကြောင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကြား-တွံတေး အဖွဲ့မှ ပြောဆိုသည်။

မိုးကုတ်ရှိ သတင်းပေးဟု သတ်မှတ်ခံထားရသော ဗေဒင်ဆရာမိသားစု ၄ ဦး ပစ်သတ်ခံရ

===================================================================

မန္တလေးတိုင်း မိုးကုတ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဟု နာမည်ကြီးနေသည့် ဗေဒင်ဆရာ မိသားစု သေနတ်ဖြင့် အပစ်ခံရပြီး ၄ ဦး သေဆုံးခဲ့ပြီး၊ အခြား ၁ ဦးမှာ ခြေထောက်တွင် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။မိုးကုတ်မြို့ အရှေ့ပိုင်း စွန်းလွန်းရိပ်သာနားက သူတို့ရဲ့ နေအိမ်ကို အမည်မသိလူတစ်စုက သေနတ်နဲ့ ဝင်ပစ်တာ၊ဗေဒင်ဆရာ လင်မယားနဲ့ လူလတ်ပိုင်း သားသမီး ၂ ယောက် သေတယ်၊ အခြားတစ်ယောက်က ခြေထောက်မှာ သေနတ်ထိတယ်၊ သူတို့ကြောင့် CDM သမားတွေနဲ့ ရပ်ကွက်ထဲကလူငယ်တွေ ဖမ်းဆီးခံရတာတွေရှိတယ်” ဟု ဒေ သခံတစ်ဦးမှ ပြောသည်။ယင်းပစ်ခတ်မှုအား ပတ္တမြားမြေ PDF ဒလန်ရှင်းလင်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးကုတ်တွင် သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ၏ ကားအတွင်း ဗုံးပစ်သွင်

း=======================================================

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ အောင်နီလာရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီ သတင်းပေး ဒလန်တစ်ဦး၏ ကားအတွင်း ဗုံးပစ်သွင်းပြီး သတိပေးခဲ့ကြောင်း ပတ္တမြားမြေ PDF က ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မတ္တရာတွင် ပုန်းအောင်းနေသည့် စဉ့်ကူးမြို့၊ ဟင်္သာမကျေးရွာမှ သတင်းပေးဟု စွပ်စွဲခံရသူ ကိုမော် အသတ်ခံရ

===================================================================================

စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာမှ စစ်ကောင်စီသတင်းပေး ဒလန်လုပ်နေသူ ကိုမော် (ခ) ဘဲမော်အား ယနေ့ နိုဝင်ဘာလ ၁၄ ရက် နေ့လယ် ၁ နာရီတွင် စဉ့်ကူးပြောက်ကြားတပ်ဖွဲ့ SGF က သေနတ်ဖြင့် ၂ ချက်ပစ်ကာ သုတ်သင်ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။ကိုမော်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ခေါ်ဆောင်လမ်းပြကာ ဟင်္သာမကျေးရွာရှိ နေအိမ်များအား ဖျက်ဆီးခိုင်းနေကြောင်း၊ ၎င်း၏ သမီးနေထိုင်သည့် မတ္တရာမြို့နယ်၊ တံငါမြောက်ရွာတွင် ပုန်းအောင်းနေကြောင်း၊ မတ္တရာ PDF အကူအညီဖြင့် SGF က ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွှေပြည်သာရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးတင်မောင်သန်း ပစ်သတ်ခံရ

=========================================================

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ ရပ်ကွက် ရာအိမ်မှူး ဦးတင်မောင်သန်း(ခေါ်) ရခိုင်ကြီးအား ယနေ့ နိုဝင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် သေနတ်ဖြင့် သုံးချက်ပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။ ရခိုင်ကြီးကို ၂ ပတ်တိတိ စောင့်ကြည့်နေခဲ့ကြောင်း၊ ၎င်းသည် ရပ်ကွက်နေပြည်သူများအား အကြမ်းဖက်စစ်တပ်နှင့်ခြိမ်းခြောက်ခြင်း ဖမ်းဆီးခိုင်းခြင်းများ ဆက်တိုက် ပြုလုပ်လာသောကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း Blue Bird Rangers အဖွဲ့မှ ပြောသည်။

ရွှေဘို၊ ပေါက်ချိုင်ရွာတွင် သတင်းပေးဟု သတ်မှတ်ခံထားရသူ ၂ ဦး အသတ်ခံရ

=============================================================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် ဒလန် ၂ ဦးဖြစ်သည့် ငထက် (ခ) နိုင်စိုးနှင့် ရာဇာဖြိုးတို့ ၂ ဦးအား ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်တွင် သုတ်သင်လိုက်ကြောင်း C&T Shwebo အဖွဲ့ထံမှ သိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေ ပျူစောထီးများ၊ သတင်းပေးဒလန်များကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း မိချောင်းနှင့်ကျား-ရွှေဘို (C&T ShweBo) အဖွဲ့က ထုတ်ပြန်ထားသည်။

ချောင်းဦးတွင် ပျူစောထီးခေါင်းဆောင် သူရိန်ဦး ပစ်သတ်ခံရ

=============================================

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကင်မွန်းတော်ရွာမှ ပျူစောထီးခေါင်းဆောင် သူရိန်ဦးနှင့်အပေါင်းအပါများကို ယနေ့ MHG က ပစ်သတ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။khit thit

နေရာ ၄ ခုတွင် ဖောက်ခွဲရေးပြုလုပ်ပြီးနောက် အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့ စည်းကြောင်း ကြေညာ

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်ရှိ နေရာ လေးနေရာတွင် ဖောက်ခွဲရေး ပြုလုပ်ပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် အင်းတ‌ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အင်းတကော် PDF)ကို ဖွဲ့စည်းလိုက်ပြီဟု ယင်းအဖွဲ့က ထုတ်ပြန်ကြေညာသည်။ ဖောက်ခွဲရေးလုပ်ငန်းများကို အောက်တိုဘာလ ၁၂ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်တွင် အင်းတကော် PDF ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၁၄ရက်တွင် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အင်းတကော်ထွေအုပ်ရုံး၊ ထောက်ပို့တပ်ဂိတ်နှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၇နာရီ မိနစ် ၃၀ခန့်တွင် ရပ်ကွက်(၁)စိန်ကုန်း အုပ်ချုပ်ရေးမှူးရုံးတို့ကို အထိအခိုက်မရှိ သတိပေးဖောက်ခွဲခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအား အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် အနိုင်ကျင့် နှိပ်စက်လျက်ရှိသည့်အပေါ် အကာအကွယ်ပေးနိုင်ရန်အတွက် အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အင်းတကော်မြို့နယ်အတွင်းရှိ လူငယ်၊လူရွယ်များဖြင့် ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် ဒလန်များအားတိုက်ခိုက်ရာတွင် (NUG/CRPH)တို့၏ လမ်းညွှန်ချက်များနှင့်အညီ လက်တွေ့မြေ ပြင်တွင် လုပ်ဆောင် လျက်ရှိသော တော်လှန်ရေးရဲဘော်ညီနောင်များနှင့် လက်တွဲ ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် အင်းတကော် PDFကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အင်းတကော် PDF အနေဖြင့် စစ်ကောင်စီနှင့် အာဏာရူးစစ်ကောင်စီလက် ပါးစေ ဒလန် များအားတိုက်ခိုက်ရာတွင် အများပြည်သူနှင့်သက် ဆိုင်သည့် ကျောင်း၊ဆေးရုံ အစရှိသကဲ့သို့သော အများပြည်သူကို ထိခိုက်စေနိုင်မည့် နေရာများအား တတ်နိုင်သမျှ ရှောင်ရှားတိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီနှင့် သက်ဆိုင်သောနေရာများ၊ စစ်ကောင်စီဒေါက်တိုင်ဒလန်များနှင့် နီးနီးကပ်ကပ်နေခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ကူညီကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။mizzima

ရွှေပြည်သာမြို့နယ် (၄)ရပ်ကွက် ရာအိမ်မှူး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ​ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး ယ​နေ့ နိုဝင်ဘာ ၁၄ ရက်​နေ့ ​နေ့လယ် ၁၂ နာရီ​ကျော်က ​သေနတ်ဖြင့် ပတ်ခတ်ခံရခဲ့ရသည်။အဆိုပါ ပစ်ခတ်ခံရသူမှာ ရာအိမ်မှူး ဦးတင်​မောင်သန်း (​ခေါ်) ရခိုင်ကြီးဖြစ်ပြီး Blue Bird Rangers(B.R.B ) မြို့ပြ​ပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူကြောင့်အဖမ်းအဆီးခံရသူတွေလည်းရှိနေပါတယ်၊ စစ်ကောင်စီတပ်ကကောင်တွေကိုခေါ်လို့ ဖမ်းဆီးခံရသူလူငယ် နှစ်ဦးလည်းရှိပါတယ်။ ရပ်ကွက်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့်ပါ။ သူက စစ်​ကောင်စီသတင်း​ပေးလုပ်​နေတာကြာပါပြီ။

ဒါ့​ကြောင့် သူ့ကို ကျွန်​တော်တို့ထဲက အဖွဲ့ဝင်တစ်ဦးက ကိစ္စတစ်ခုကို အ​ကြောင်းပြပြီး လူရှင်းတဲ့​နေရာတစ်ခုကို​ခေါ်ပြီး ရှင်းပစ်ခဲ့တာပါ၊ သုံးချက်ပစ်ခတ်ခဲ့ပါတယ်”ဟု B.R.B မြို့ပြပြောက်ကျားအဖွဲ့က မဇ္စျိမကို ​ပြောသည်။

သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့် ရာအိမ်မှူးကို ၎င်းတို့အဖွဲ့အနေဖြင့် တစ်လကြာ ​စောင့်ကြည့်ခဲ့ပြီး ဖုန်းဖြင့်လည်း ဆက်သွယ် သတိ ပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။mizzima

ကွမ်းခြံကုန်းတွင် ဒေသခံများ၏ နေအိမ်လေးလုံးကို စစ်တပ်က မီးဝင်ရှို့ 

ကင်းလှည့်နေသော စစ်ကား တိုက်ခိုက်ခံခဲ့ရသည့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်အစောပိုင်းက ဒေသခံများ၏ နေအိမ်လေးလုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့နံနက် ၂ နာရီခန့်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်စစ်သားများက နေအိမ်လေးလုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက အတည်ပြုသည်။

“ဒီနေ့ အစောကြီး ရွာထဲ ဝင်လာပြီးတော့ မီးရှို့ပြီး ပြန်ထွက်သွားတယ်တဲ့။ ဒါက အဲဒီရက်(နိုဝင်ဘာ ၅) က တိုက်ခိုက်ခံရမှုနောက်ဆက်တွဲ ရမ်းကားနေတာပါ” ဟု မီးရှို့ခံရသည့် ရွာ၌ ရှိနေသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး၌ စစ်သား ၂၅ ဦးခန့်လိုက်ပါလာသည့် စစ်ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့နောက် အနီးနားရှိ အင်္ဂလုံး၊ ဒေးဒနော၊ ရန်ကြီးအောင် စသည့် ရွာများမှ ဒေသခံရွာသား ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့သောကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

ထွက်ပြေးတိမ်းရှောင်နေသူ ဒေသခံများအနက် ဒေးဒနောရွာသား ဦးလှစိုး၊ ​ဦးကျော်ဖုန်း၊ ဦးကျောက်ခဲနှင့် ဦးဝိုင်းချစ်တို့၏ နေအိမ်များကို စစ် တပ်က ယနေ့နံနက်ပိုင်းတွင် မီးရှို့သွားခြင်းဖြစ်ကာ ဦးလှကြည်ဆိုသူ၏ နေအိမ်ကိုလည်း ရိုက်ဖျက်သွားသည်ဟု အမည်မဖော်လိုသူ ရွေး ကောက်ခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ 

စစ်ကားတိုက်ခိုက်ခံရပြီးနောက် အဖမ်းခံခဲ့ရသည့် ရွာသား ၄၀ ကျော်အနက် ပြန်လွတ်လာသူအချို့ ရှိနေသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသူများအနက် ဒေးဒနောရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ဇင်ဝေအောင်နှင့် အသက် ၃၅ နှစ် အရွယ် ကိုမင်းဇော်ဦးတို့သည် ဖမ်းဆီးခံရပြီး နောက်တစ်နေ့မနက် (နိုဝင်ဘာ ၆) မှာပင် စစ်ကြောရေး၌ သေဆုံးခဲ့ကာ အသက် ၄၄ နှစ်အရွယ် ဦးဝင်းအောင်လတ်သည် လူမြင်ကွင်း၌ပင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသောအိမ်များမှာ သစ်နှင့် ဝါး တွဲဆောက်ထားသည့် အဆောက်အအုံများဖြစ်ပြီး ကာလတန်ကြေးအားဖြင့် ၁၅ သိန်းနီးပါး တန်ကြေးရှိကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်နေ့ကတည်းက အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရသည့်အတွက် နေအိမ်ရှိပစ္စည်းအားလုံး မီးထဲပါကာ ဆုံးရှုံးခဲ့ရသည်ဟု အမည်မဖော်လိုသူ အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အနှစ်နှစ်အလလ ရှာဖွေပြီးတော့မှ အိမ်တစ်လုံး ခြံတစ်ကွက်ရအောင် တည်ဆောက်ခဲ့ရတာဗျာ။ သူတို့က တစ်ညတည်းနဲ့ ဘာမဆိုင်ညာမဆိုင်နဲ့ မီးရှို့ပြီးဖျက်ဆီးသွားတာကို မြင်ရတော့ စိတ်တော့မကောင်းဘူး။ စစချင်းကြားတော့ မယုံနိုင်သေးဘူးဗျ။ ဓာတ်ပုံနဲ့တွေ့ရတော့မှ စိတ်မကောင်းဖြစ်ရတယ်။ နှမျောတာပေါ့ဗျာ” ဟု ထိုသူက ဆိုသည်။

နေအိမ်မီးရှို့ခံရသည့် ဒေးဒနာရွာသား နောက်တစ်ဦးကလည်း “ကျွန့်တော့်အိမ်ကတော့ ၁၅ သိန်းလောက်ပဲ တန်မှာပါ။ နွားတင်းကုပ်လည်း မီး လောင်သွားတယ်။ ဝက်ခြံလည်း မီးလောင်သွားတယ်။ ခြံထဲမှာ ရှိတဲ့ ဝက်သုံးကောင်လည်း မီးထဲပါသွားတယ်”ဟု ပြောသည်။

နိုဝင်ဘာ ၈ ရက်ကတည်းက ရွာမှ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီး မိသားစုဝင် ၅ ဦး ကြုံရာကျပန်း လုပ်ကိုင်စားသောက်ပြီး အချိန်ယူတည် ဆောက်ထားရသည့် နေအိမ် မီးရှို့ခံရဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ၎င်းက ဆက်ပြောသည်။

ဒေးဒနာရွာမှ အသက်ကြီးပိုင်းများအပါအဝင် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီး ပြေးလွှားရန် မလွယ်သည့် အသက် ၈၀ ကျော်အရွယ် အဘိုး/အဘွားနှင့် ထိုသူများကို ပြုစုစောင့်ရှောက်သည့် ဒေသခံအနည်းငယ်သာ ကျန်ခဲ့သည်ဟု နေအိမ်မီးရှို့ခံရသူနှစ်ဦးက ပြောသည်။ 

ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ 

ကွမ်းခြံကုန်းတိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ နိုဝင်ဘာ ၆ ၌ သတင်းထုတ်ပြန်ခဲ့ရာ ကင်းလှည့်နေသည့် စစ်ကားကို လမ်းဘေး မီတာ ၁၀၀ ခန့် တွင် ဝဲ/ယာနှစ်ဖက်မှ လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်ပေါ်ပါစစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် ၅ ဒဿမ ၅၆ မီလီမီတာရှိ ကျည်ဆန်များနှင့် မိုင်းဆွဲဖောက်ခွဲခဲ့သည့် ဝါယာကြိုးများ၊ လက်လုပ်စိန်ပြောင်းတစ်လက်လည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း စစ်သားများ၏ သေဆုံး၊ ဒဏ်ရာရသည့်အခြေအနေနှင့် ပတ် သက်၍ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

ရွာသူသားများကို ဖမ်းဆီးသတ်ဖြတ်ရုံမက နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းသည် ဒေသခံများအနေဖြင့် ပြည်သူ့တော်လှန်ရေးသမားများကို မထောက်ခံရေးအတွက် ခြိမ်းခြောက်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ အနိုင်ရပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လျှပ်စစ်ဝန်ကြီးလည်းဖြစ်သော ဦးစိုးသူရထွန်းက မှတ်ချက်ပြုသည်။

“အဓိကကတော့ ပြည်သူကို ခြောက်လှန့်တာပေါ့။ ဘာလဲဆိုတော့ သူတို့ကို တိုက်ခိုက်တဲ့သူတွေကို လက်ခံထားတာပဲဖြစ်ဖြစ်၊ မသိချင်ယောင်ဆောင်ထားတာပဲဖြစ်ဖြစ်၊ အားပေးအားမြှောက်ပြုတာပဲဖြစ်ဖြစ်၊ မလုပ်အောင်လို့ တမင်သက်သက်လုပ်တာ။ ဒါကတော့ စစ်တပ်မှာဆိုရင်တော့ စစ်ဦးဘီလူးလို့ ခေါ်တာပေါ့” ဟု ဝန်ကြီးက ပြောသည်။

မီးရှို့ခံရသည့် ပြည်သူများနှင့် စစ်ဘေးရှောင်နေရသည့် ဒေသခံရွာသားများကို ကူညီမည့် အဖွဲ့အစည်းများဖြင့်လည်း ချိတ်ဆက်ပေးသွားမည်ဟု ဦးစိုးသူရထွန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ကွမ်းခြံကုန်းမြို့နယ်ရှိ စစ်တပ်သတင်းပေး ဒလန်ဟု ယူဆရသူတစ်ဦးအသတ်ခံရ၊ Mytel တာဝါတိုင်များ ဖျက်ဆီးခံရပြီးနောက် စစ်တပ်က အနီးနားရှိ ဒေသခံရွာသားများကို လမ်းပေါ်မှောက်အိပ်ခိုင်း၍ ရိုက်နှက်ခဲ့သည်။  myanmar now

လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ဗုံးခွဲ သတိပေးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အမှတ် (၉၅၉) အင်ဂျင်နီယာတပ်ရင်းရှေ့မှာရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှာ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၅ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်သွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်ဆေးတာ တချို့လုပ်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေသခံပြည်သူလူထုတွေနဲ့ စုစည်းထားတဲ့ People Security and Defense LSO Army (PSD-Army) LSO က သတိပေးအ နေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။

လားရှိုးမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်ရှင်လူကျောင်း သားပြည်သူတွေကို စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်းသုံးကာ ပစ်ခတ်ဖြိုခွင်း သတ်ဖြတ်ပြီးနောက်ပိုင်း ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေဖွဲ့စည်းကာ စစ်အာဏာရှင်တွေကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။DVB

မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ်တွင် ရဲကားအပစ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်-ထားကားလမ်းမကြီးပေါ်တွင် ယမန့်နေ့ နိုဝင်ဘာ ၁၃ရက် နံနက် ၁၁ နာရီခန့်က ရဲကားတစ်စီး မိုင်းထိပြီး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ထိုဖြစ်စဉ်မှာ မြိတ်-ထားကားလမ်းမကြီးပေါ် ကတွဲရွာ အနီးတွင်ဖြစ်ပွားခဲ့ပြီး ယာဉ်အနည်းငယ်ပျက်စီးခဲ့သည်ဟု သိရသည်။

“မိုင်းထိပြီး​ ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့တာဖြစ်တယ်”ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ အဆိုပါ ပစ်ခတ်မှု​​​​​​​ကြာင့်​ ယာဉ်အစီးရေ ၅၀ ခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။mizzima

ရဲတံခွန်စီမံကိန်းမှ စစ်ကောင်စီ ဝင်ငွေရနေမှုအတွက် ဂျပန်ကို NUG ဝေဖန်

ဂျပန်အစိုးရပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဝင်ငွေကို စစ်ကောင်စီက လက်နက်ဝယ်ယူရေးလုပ်ငန်းတွင် သုံး စွဲနိုင်ခြေများသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြော သည်။

မြန်မာနိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်း ကပ္ပလီပင်လယ်ပြင်ရှိ အဆိုပါစီမံကိန်းတွင် ဂျပန်အစိုးရပါဝင်သည့် Nippon Oil Exploration (Myanmar) က ရှယ်ယာငါးပုံတစ်ပုံဖြစ်သည့် ၁၉ ဒသမ ၃၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် ဒေါ်လာသန်းရာနှင့်ချီ ဝင်ငွေရှိသည့် စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းကို စစ်ကောင်စီထိန်းချုပ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) က ၂၀ ဒသမ ၄၅၊ ထိုင်းနိုင်ငံပိုင် PTTEP က ၁၉ ဒသမ ၃၁ နှင့် အဓိကရှယ်ယာရှင်နှင့် အော်ပရေတာဖြစ်သည့် မလေးရှားနိုင်ငံပိုင် Petronas က ၄၀ ဒသမ ၉၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

“ဒီပရောဂျက်က ပိုက်ဆံဟာ သေချာတယ်၊ စစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးကိစ္စရပ်တွေမှာ အသုံးချဖို့ဆိုတာ အများကြီးဖြစ်နိုင်တယ်” ဟု ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ပြောသည်။

စစ်ကောင်စီသည် အုပ်ချုပ်ရေး၊ ဥပဒေပြု‌‌ရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်လုံးယူထားပြီး MOGE ကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရန်ပုံငွေကို လိုသလိုအသုံးပြုနိုင်ရန် အမိန့်ပေးမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရဲတံခွန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာရှင်များအနေဖြင့​ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးသင့်သည်ဟု ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ယူဆသည်။

“ဒါနဲ့ ပတ်သက်တဲ့ဟာ NUG နဲ့ တွေ့ဖို့ သူတို့အနေနဲ့ အမြန်စီစဉ်သင့်တယ်။ ဒါမှ ကျွန်တော်တို့က သူတို့ကို ဘယ်လိုမျိုး ethical business (ကျင့်ဝတ်နှင့် ညီညွတ်သော စီးပွားရေး) အနေနဲ့ ဆက်လုပ်နိုင်မလဲဆိုတာကို ဆက်ညွှန်ကြားပေးနိုင်မှာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းတွင် ဆက်လက်ပါဝင်ခြင်းဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြတ်မှုများကို ကူညီအားပေးရာရောက်သည်ဟူသော ဝေဖန်မှုများကို ဂျပန်က ငြင်းဆန်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်က ဂျပန်လွှတ်တော်အတွင်း အမတ်တစ်ဦးက ထိုကိစ္စကို မေးမြန်းရာ Hiroshi Kajiyama ဦးဆောင်သည့် ဂျပန်ကုန်သွယ် ရေးဝန်ကြီးဌာန၊ Nippon Oil Exploration တာဝန်ရှိသူက “ရဲတံခွန်စီမံကိန်းနှင့် ပတ်သက်သည့် ရန်ပုံငွေများမှာ စစ်ကောင်စီထံ စီးဆင်းသည်ဟု သိမထားကြောင်း” တုံ့ပြန်ထားသည်။

ထို့အပြင် “မြန်မာစစ်တပ်ထံ ရန်ပုံငွေရောက်မရောက် သေချာသိနိုင်ရန် လွန်စွာခက်ခဲသည်” ဟုလည်း ယင်းနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးမော်ထွန်းအောင်ကမူ MOGE ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်မှာ သေချာရှင်းလင်းနေပြီးဖြစ်၍ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်ကို လက်ခံနိုင်စရာမရှိဟု ဆိုသည်။

ရန်ကုန်မြို့ရှိ Y-Complex အိမ်ခြံမြေစီမံကိန်းမှ မြေငှားရမ်းခကို ဂျပန်အစိုးရက မြန်မာစစ်တပ်ထံ ပေးချေသည့်နည်းဖြင့် ထောက်ပံ့ကူညီနေသည်ဟူသော ထောက်ပြမှုများကိုလည်း အလားတူတုံ့ပြန်ခဲ့သည်။

Myanmar Now က ရရှိထားသည့် ထုတ်ပြန်ချက်တစ်စောင်တွင် Nippon Oil Exploration သည် ရဲတံခွန်စီမံကိန်းနှင့် ပတ်သက်သည့် ၎င်းတို့ ၏ ရပ်တည်ချက်ကို စဉ်းစားနေပြီဟု ဆိုသည်။

“မြန်မာပြည်သူတို့၏ အသက်ရှင်နေထိုင်မှုကို သိသာထင်ရှားသည့်အကျိုးသက်ရောက်မှု၊ ထို့ပြင် ထိန်းသိမ်းခံရသူ၊ သတ်ဖြတ်ခံရသူအရေအ တွက် ကြီးထွားလာမှုနှင့် ပတ်သက်ပြီး ကုမ္ပဏီက အလွန်စိုးရိမ်မိသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ အနာဂတ်စီမံကိန်းအတွက် ရဲတံခွန်စီမံကိန်း၏ မိတ်ဖက်များ၊ ဂျပန်အစိုးရနှင့် ဆွေး နွေး ညှိနှိုင်းမည်ဟု ဖော်ပြထားသည်။

မက်လောက်စရာ အမြတ်အစွန်း

ရဲတံခွန်မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာပြီဖြစ်သော်လည်း မြန်မာအတွက် အကြီးဆုံးဝင်ငွေအရင်းအမြစ်တစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အမြတ်အစွန်းပေါ်တွင် ဝင်ငွေခွန်အပြင် ပိုက်လိုင်းတွင်ထည့်ဝင်ထားသည့် ရှယ်ရာမှ အမြတ်ငွေနှင့် ကော်ပိုရိတ်ဝင်ငွေခွန်များကို မြန်မာနိုင်ငံက ရရှိနေသည်။

ရဲတံခွန်စီမံကိန်းမှ စစ်ကောင်စီထံ ဘဏ္ဍာငွေမည်မျှစီးဆင်းနေသည်ကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လျှို့ ဝှက် ထားရမည့်ကိစ္စဖြစ်သည်ဟု ဆိုသည်။

သို့သော် ယခင်က သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင်းလင်းမြင်သာမှုဖော်ဆောင်ရေး EITI အောက်တွင် အဆိုပါသတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာကလည်း သတ္တုတူးဖော်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် အများပြည်သူအတွက် သတင်းအချက်အလက်ထုတ်ပြန်မှုများကောင်းမွန်ရန် ကြိုးစားမြှင့်တင်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ် ကိန်းဂဏန်းအချက်အလက်များအရ မြန်မာအနေဖြင့် ထိုစီမံကိန်းတွင်ထည့်ဝင်သော ရှယ်ယာမှာ ဓာတ်ငွေ့ရောင်းငွေ ကျပ် ၂၁၄ ဘီလျံ (ဒေါ်လာ ၁၅၉ သန်း) နှင့် အခြားဝင်ငွေ ကျပ် ၅၅ ဘီလျံ (ဒေါ်လာ ၄၁) သန်း ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပွင့်လင်းမြင့်သာမှုဖော်ဆောင်ရေးလမ်းစများ ရပ်ဆိုင်းသွားသည်။

ရဲတံခွန်စီမံကိန်း၏ ဓာတ်ငွေပို့ဆောင်ရေးပိုက်လိုင်းမှာလည်း အမြတ်အစွန်းကြီးမားသည်ဟု သိထားကြသည်။ ပိုက်လိုင်းကို ပိုင်သည့် Taninthayi Pipeline ကုမ္ပဏီသည် ၂၀၁၇ နှင့် ၂၀၁၉ ကြားတွင် ပိုင်ရှင်များကို ဒေါ်လာ ၃၀၈ သန်း  ခွဲဝေပေးခဲ့ကြောင်း ဇူလိုင်တွင် Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

MOGE သည် ထိုပိုက်လိုင်းတွင် ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုစဉ်က ဒေါ်လာ ၉၃ သန်း ဝေစုရခဲ့သည်။

ရဲတံခွန်တွင် မြန်မာရမည့် ဝင်ငွေများကို စစ်ကောင်စီလက်လှမ်းမမီရေးအတွက် သေချာစေရန် ဂျပန်အစိုးရကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုဖြစ်သည့် Mekong Watch နှင့် Friend of the Earth Japan တို့က တောင်းဆိုခဲ့သည်။ 

ဆိုလိုသည်မှာ စစ်ကောင်စီမရှိ‌တော့သည်အထိ မြန်မာနိုင်ငံပြင်ပ ဘဏ်စာရင်းများတွင် ငွေကြေးထိန်းသိမ်းထားရန် သို့မဟုတ် ယင်းသို့မဖြစ်နိုင်လျှင် ရဲတံခွန်စီမံကိန်းမှ ထုတ်လုပ်မှုလုပ်ငန်းများ လုံးဝရပ်ဆိုင်းပစ်ရန်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတို့က ဆိုသည်။

မလေးရှား Petronas သည် နည်းပညာဆိုင်ရာပြဿနာကြောင့် ဧပြီတွင် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော်လည်း ဇူလိုင်တွင် ထုတ်လုပ်မှုပြန်စခဲ့ကြောင်း ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

လက်ရှိတွင် ရဲတံခွန်သဘာဝဓာတ်ငွေ့တူးဖော်မှုနှင့် ပိုက်လိုင်းစီမံကိန်းဆောင်ရွက်မှု ရှိမရှိနှင့် စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှု ရှိမရှိ Myanmar Now က မေးမြန်းသော်လည်း Petronas က မှတ်ချက်ပေးရန် ငြင်းဆိုသည်။ ထို့အတူ PTTEP ကုမ္ပဏီကို မေးမြန်းသော်လည်း တုံ့ပြန်မှုမရှိပေ။myanmar now

« Older Entries