စစ်အာဏာရှင်လက်အောက် ရန်ကုန်မြို့သို့ ခ ရီးနှင်ခြင်း

စစ်အာဏာသိမ်းပြီး ၉ လအကြာ ယခုလဆန်းပိုင်းက မြို့တော်ရန်ကုန်သို့ ခရီးသွားဖြစ်ခဲ့သည်။ မန္တလေးမှ ရန်ကုန်သွားမည့် အဝေးပြေးကားပေါ်တက်လိုက်သည်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် အသင့်ပြင်ပြီးသားဖြစ်သွားသည်။ 

မိုင် ၃၀၀ ကျော်ခန့်ရှိ အမြန်လမ်းအတိုင်း ခရီးသွားမည်ဆိုပါက ယခင်က ယာဉ်မတော်တဆထိခိုက်မှုမဖြစ်စေရန် အဓိကသတိထားကြသော် လည်း ယခုအခါ ပစ်ခတ်တိုက်ခိုက်မှုကြုံရမည်၊ စစ်ကောင်စီတပ်၏ စစ်ဆေးမေးမြန်းခံရမည်ကို ကြိုတင်တွက်ဆထားရသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စွန့်ခွာခဲ့သော ရန်ကုန်သို့ရောက်လျှင် မည်သို့လှည့်လည်သွားလာရမည်ကို တွေးကာ ရင်ခုန်မိသည်။ နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးပေါက်ကွဲမှုနှင့် ဖမ်းဆီးစစ်ဆေးမှုများကြောင့် ရန်ကုန်သွားရမည်ကို နောက်ကျောမလုံ။ သို့ သော်လည်း အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာသူများရှိလာပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် အဝေးပြေးခရီးသည်ယာဉ်လိုင်းများ ရပ်ဆိုင်းသွားသလို ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်းကြောင့် ခရီးသွားလာမှုများပြတ်တောက်သွားရာမှ တစ်စတစ်စ လမ်းပြန်ပွင့်လာခြင်းဖြစ်သည်။ ရုံးဖွင့်ရက်ဖြစ်သော်လည်း ကျွန်တော်စီးမည့် မန္တလေး – ရန်ကုန် အဝေးပြေးကားပေါ်တွင် ထိုင်ခုံလွတ်မရှိဘဲ ခရီးသည်ပြည့်နေသည်။

သို့သော် လွတ်လပ်လုံခြုံမှုကို မခံစားရ။ ယခင်က ကားပေါ်ရောက်လျှင် သီချင်းနားထောင်ပြီး ရှုခင်းများကို ကြည့်၍ ကိုယ်စိတ်ကြည်နူးရသော် လည်း ယခုအခါ ဘယ်နေရာတွင် ဘာဖြစ်လာမလဲ ကြောင့်ကြစိတ်က လွန်ကဲနေသည်။ 

စစ်ဆေးရေးဂိတ် ထူထပ်သည့် အမြန်လမ်း

ရန်ကုန်နှင့် မန္တလေးအမြန်လမ်းတွင် ရဲနှင့်စစ်သား ပူးပေါင်းစောင့်ကြည့်သည့် စစ်ဆေးရေးဂိတ်ပေါင်း တစ်ဒါဇင်ထက်မနည်းချထားသည်ကို တွေ့ရသည်။ အထူးသဖြင့် အမြန်လမ်းမှနေ၍ မြို့အသီးသီးကို ခွဲထွက်သည့် လမ်းသွယ်များအနီး၊ အမြန်လမ်းဘေး တပ်ရင်းများအနီးတွင် စစ်ဆေးရေးဂိတ်များ ချထားသည်ကို တွေ့ရသည်။

လမ်းအသုံးပြုခကောက်ခံသည့် တိုးဂိတ်များတွင်မူ စစ်သားများကို မတွေ့ရဘဲ အမြန်လမ်းရဲတစ်ချို့ကိုသာ တွေ့ရသည်။ ရဲနှင့် စစ်သားများ တိုးဂိတ်တွင် ရှိပါက တိုးဂိတ်ဝန်ထမ်းများကိုပါ တိုက်ခိုက်ခံရမည်စိုးရိမ်၍ သီးခြားစီလုပ်ငန်းဆောင်ရွက်ကြောင်း အမြန်လမ်းတိုးဂိတ်တစ်ခုမှ ဝန် ထမ်းတစ်ဦးက ပြောဖူးသည်ကို သတိရမိသည်။ 

စစ်ကောင်စီလက်နက်ကိုင်များသည် မှောင်ရီပျိုးချိန်တွင် ယူနီဖောင်းဝတ်၍ ဟိုနားဒီနားသွားလာမှုများကို ရှောင်ကြဉ်ကြောင်းနှင့် ညနေပိုင်းတွင် အရက်သေစာသောက်စားသည့် တပ်ဖွဲ့ဝင်များရှိ၍ မထင်ရင်မထင်သလို ခရီးသွားများကို စစ်ဆေးရိုက်နှက်တတ်သည်ကို တွေ့ဖူးကြောင်း ထိုတိုးဂိတ်ဝန်ထမ်းအမျိုးသားက ဆိုသည်။ 

နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန် − မန္တလေးအမြန်လမ်းရှိ ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရသည်။ အမြန်လမ်း မိုင်တိုင် ၁၁၀ အနီးရှိ ဇဟား(ခ) စေတီတစ်ထောင်ရဲကင်းကို အလစ်အငိုက်ဖမ်းတိုက်ခိုက်ခြင်းကြောင့် ရဲ ၅ ဦးသေဆုံးပြီး လက်နက်များကို သိမ်းဆည်းရမိကြောင်း စစ်ကောင် စီကို ရရာလက်နက်စွဲကိုင်လျက်တော်လှန်နေသော အဖွဲ့တစ်ခုက ကြေညာခဲ့သည်။ 

စစ်ဆေးရေးဂိတ်တွင် ယာယီတဲငယ်များ၊ သဲအိတ်ဘန်ကာများဆောက်လုပ်ထားသည်။ လမ်းမပေါ်တွင် လေးပေအမြင့်ရှိ သံဆူးကြိုးအတား အဆီးများကို တြိဂံပုံသဏ္ဌာန် ကန့်လန့်ဖြတ်ချကာ သေနတ်များလွယ်ထားသည့် စစ်သားများက ယာဉ်မောင်းများကို စစ်မေးစဉ် အခြားစစ်သားတစ်ဦးက စာအုပ်တွင် ရေးမှတ်နေသည်ကို တွေ့ရသည်။

အချိန်ကြာမြင့်စွာ စစ်မေးခြင်းမဟုတ်ဘဲ သွားမည့်နေရာကို မေးမြန်း၍ လွှတ်ပေးသည်။ အဝေးပြေးကားများကို စစ်ဆေးရာတွင် ကုန်ပစ္စည်းတင်သည့်နေရာများကို ဖွင့်ပြရသည်။ တော်လှန်ရေးအင်အားစုများ၏ လက်နက်သယ်ယူမှုကို ထိန်းချုပ်ရန် စစ်ဆေးလိုပုံရသည်။ စီးနင်းလာသည့် ခရီးသည်များ၏ မှတ်ပုံတင်နံပါတ်နှင့် ဖုန်နံပါတ်များကို စစ်ဆေးရေးဂိတ်များတွင် ပေးရသည်ကို တွေ့ရသည်။ 

ပုံမှန် ဆောင်းဦးပေါက် ပွင့်လင်းရာသီတွင် ပြည်တွင်းပြည်ပခရီးသွားများနှင့် စည်ကားခဲ့သည့်ကာလနှင့်ယှဉ်လျှင် အမြန်လမ်းခရီးသွားလာသူများအရေအတွက်မှာ ဆီနှင့် ရေလို ကွာခြားနေသည်။ 

မိတ္ထီလာမြို့အနီးရှိ သီးကုန်းယာဉ်ရပ်နားစခန်း၊ ၁၁၅ မိုင်ယာဉ်ရပ်နားခန်းတို့တွင် ခရီးတစ်ထောက်နားသည့် ကားများတွေ့ရသော်လည်း သိပ်မများလှပေ။ လမ်းတစ်လျှောက် ယာဉ်နားစခန်းများရှိ စားသောက်ဆိုင်ကြီးများအားလုံးနီးပါး ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။  

ဒေသထွက်ကုန်နှင့် ဒေသအစားအစာများရောင်းချသည့် ဆိုင်များဖွင့်လှစ်ထားသလို ငုံးဥပြုတ်နှင့် ပြောင်းဖူးပြုတ်ရောင်းချသည့် ကျပန်းဈေး သည်များကိုလည်း တွေ့ရသည်။ ဆယ်ကျော်သက်အရွယ် ငုံးဥသည်များကိုလည်း တွေ့ရသည်။

ထူးထူးခြားခြားအနေဖြင့် အမြန်လမ်းတစ်လျှောက်ရှိ ခရီးတစ်ထောက်နားရာ စားသောက်ဆိုင်ကြီးများ၌ နိုင်ငံခြားသားခရီးသွားတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ ရန်ကုန်အဝင် သုညမိုင်ရောက်ရှိသည်အထိ ကားပေါ်တက်၍ စစ်သားများက စစ်ဆေးခြင်းမရှိသလို ခရီးသည်တစ်ဦးချင်းကို စစ်ဆေးမေးမြန်းသည်ကို မကြုံတွေ့ခဲ့ရပေ။ 

သို့သော် ယခင်က တိုးဂိတ်မှလွဲ၍ တံခါးမရှိဓားမရှိ ဖြတ်သန်းမောင်းနှင်နိုင်သော်လည်း ယခုအခါတွင်တော့ စစ်ဆေးရေးဂိတ်များကြောင့် ခရီး သွားချိန် ၂ နာရီခန့် ပိုမိုကြာမြင့်လေသည်။ အချိန်ပိုကြာရခြင်းမှာ စစ်ဆေးရေးဂိတ်များကြောင့်သာမဟုတ် ကားသမားများက လမ်းတစ် လျှောက်တွင် ဟိုနားသည်နား ကုန်ဝင်တင်ခြင်းနှင့် ခရီးသည်အတင်အချများသောကြောင့်လည်း ဖြစ်သည်။ 

ရန်တွေမကုန်သည့်​ ရန်ကုန်

မိုင်ပေါင်းများစွာဖြတ်ကျော်ပြီးနောက် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းဆုံတွင် ကားကြီး၊ ကားငယ်များ စုပြုံတိုးလျက်ရှိသည်။

ထိုနေရာတွင် စစ်သားနှင့် ရဲအင်အား အများအပြားအထိုင်ချထားကာ လမ်းတစ်ခြမ်းကို ကန့်လျက် ကားများကို စစ်ဆေးခြင်းဖြစ်သည်။ စစ် ဆေးသည့်နေရာသို့ ရောက်ရန် အချိန်တော်တော်ကြာသည်။ ကားသမားများက ဘယ်ကနေလာ၍ ဘယ်ကိုသွားဆိုသည့် ခရီးသွားလာမှုအ ခြေအနေကို သတင်းပို့ရသည်။ ကားစစ်ဆေးသည့်နေရာအရောက်တွင် စစ်ယူနီဖောင်းအပြည့်အစုံဝတ်ထားသည့် တပ်သားတစ်ဦးက ကားပေါ်သို့တက်လာကာ တစ်မိနစ်ခန့်ကြာ ခရီးသွားများကို ကြည့်ပြီးနောက် ခရီးဆက်စေသည်။ 

စစ်ဆေးရေးဂိတ်တာဝန်ရှိသူများက ခရီးစထွက်သည့် မြို့နှင့် အချိန်ကို မေးမြန်းကြောင်း၊ မန္တလေး-ရန်ကုန် ကားဖြစ်သည်ဟု ပြောဆိုရာ နောက်တစ်ခေါက်ခရီးစဉ်တွင် ထိုးမုန့်ဝယ်လာရန် မှာလိုက်ကြောင်း ကားစပယ်ယာက ပြန်ပြောပြသည်။

“ထိုးမုန့်ဝယ်ခိုင်းတယ်။ ငါတို့တောင် Express ကားမောင်းတယ်သာပြောတာ။ အုန်သီးသည်လိုပဲ။ ဟိုတစ်လုံး ဒီတစ်လုံး လိုက်ကောက်သလို ခရီးသည်တွေလိုက်စုနေရတာ။ အဆင်ပြေနေတာ မဟုတ်ဘူး” ဟု ကားစပယ်ယာ၏ ပြောစကားအပေါ် ယာဉ်မောင်းဖြစ်သူက ညည်းတွားသည်။

အာဏာသိမ်းပြီးနောက် အမှတ် ၃ လမ်းဆုံသည် ကားပိုပိတ်လာပြီး ထိုနေရာမှ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်ရန် တစ်နာရီကျော်ကြာတတ်ကြောင်း ယာဉ်မောင်းက ဆိုသည်။ ပုံမှန်ဆိုလျှင် ၁၀ မိနစ် ၁၅ မိနစ်မျှသာကြာသည့် ခရီးဖြစ်သည်။ 

မန္တလေးမှ မနက် ၈ နာရီခွဲတွင် ထွက်လာခဲ့သော်လည်း ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ ရောက်ချိန်တွင် ည ၈ နာရီဝန်းကျင်ရှိပြီဖြစ်သည်။ ပုံမှန်ချိန်တွင် ၂၄ နာရီနီးပါး ပျားပန်းခပ်မျှ အလုပ်များနေသည့် အဝေးပြေးဝင်းမှာ လူရှင်းနေသည်။

သို့သော် ထုံးစံအတိုင်း ဈေးအဆမတန်တင်တောင်းသည့် တက္ကစီသမားများကမူ ခရီးဦးကြိုပြုလျက်ရှိသည်။ စက်သုံးဆီဈေးနှင့် နယ်မြမတည်ငြိမ်မှုကို အကြောင်းပြကာ တက္ကစီခပိုမြှင့်ထားသည်။ တက္ကစီသမားများမှာလည်း သူ့အပူနှင့် သူရှိသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အနှံ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံကဲ့သို့ အစွန်ကျသည့်မြို့နယ်များသို့ ခရီးသည်ပို့ဆောင်ရန် ဝန်လေးကြသည်။ ထို့မြို့နယ်သို့ ပို့မည်ဆိုပါက တော်ရုံတန်ရုံဈေးဖြင့်လိုက်ရန် စဉ်းစားရကြောင်း တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။ ထိုမြို့နယ်များတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည်။

ကျွန်တော်သွားသည့် သာကေတမြို့နယ်သို့ တက္ကဆီခ ၁၁,၀၀၀ ကျပ်ငွေ ပေးရလေသည်။ လမ်းတွင် လူစည်ကားတတ်သည့် အင်လျားကန်အနီး ကမ္ဘာအေးဘုရားလမ်းမဘေးတွင် လူသူအနည်းအကျဉ်းသာ တွေ့ရသည်။ 

ပလက်ဖောင်းပေါ်တွင် လူငယ်သုံးလေးဦးသွားနေသည်ကို တွေ့ရပြီး ၎င်းတို့၏ အမူအရာမှာ ယခင်လို အပြင်ထွက်၍ အပျင်းပြေလျှောက်လည်သည့် အသွင်မဟုတ်ဘဲ နေအိမ်သို့ ပြန်ရောက်ရန် စိတ်ဆန္ဒစောနေသည်ဟု ထင်ရသည်။ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရ ကာဖျူးအမိန့်ရှိသေးသည်မဟုတ်ပါလော။ 

ရန်ကုန်မြို့၏ ညသည် မီးရောင်တလက်လက်ဖြင့် လှုပ်ရှားသက်ဝင်နေခြင်းမရှိဘဲ တိတ်ဆိတ်နေလွန်းသည်ဟု ခံစားမိလေသည်။  

နောက်ကျောမလုံတော့ပြီ 

လွန်ခဲ့သော ၁၁ ရာစုခန့်က မွန်ဘုရင်တို့တည်ခဲ့သော ဒဂုံမြို့၊ နောက်ပိုင်း အမည်ပြောင်းလာခဲ့သည့် ရန်ကုန်မြို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်အကြီးအကျယ်ခံခဲ့ရသလို၊ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ပြည်တွင်းစစ်ကို အနီးကပ်မြင်တွေ့ခဲ့ရဖူးသည်။ 

လက်ရှိရန်ကုန်မြို့သည် စစ်မီးတောက်လောက်နေသည့်မြို့ မဟုတ်သေးသော်လည်း စစ်အာဏာသိမ်းမှုကြောင့် မကြာခဏဆိုသလို ဗုံးကွဲသံနှင့် သေနတ်သံများ ကြားရသည့်မြို့ဖြစ်သည်။ 

ကျွန်တော်ရောက်သည့်နေ့တွင်လည်း ရန်ကုန်နေရာအချို့၌ ပေါက်ပွဲမှုများဖြစ်ပေါ်သည်။ သို့သော် ရန်ကုန်ရှိလူများသည် ဟန်မပြတ် သွားလာလှုပ်ရှားနေကြသည်။ 

လမ်းမများထက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များကို သိပ်မတွေ့ရတော့ပေ။ ဘာကြောင့်မတွေ့ရတော့သည်ကို သေချာမသိသော်လည်း စစ်သားနှင့် ရဲများ လမ်းမပေါ်တွင် မတွေ့ရလျှင် တစ်ရန်ရှင်းသည်ဟု ခံစားရကြောင်း၊ လမ်းတွင်ဆုံပါက ပြဿနာ တစ်ခုမဟုတ်တစ်ခုရှိကြောင်း တက္ကစီယာဉ်မောင်းဆရာတစ်ဦးက ပြောသည်။

“မိတ်ဆွေတစ်ယောက်ဆို သူတို့ကားကို ကျော်မတက်ရဲလို့ နောက်ကနေပဲ လိုက်လာတာ ဘေးကပ်ရပ်ခိုင်းပြီး စစ်ဆေးတယ်။ ဘာလို့နောက်က ကပ်လိုက်တာလဲပေါ့။ တကယ်တော့ ကျော်မတက်ရဲလို့ နောက်က မောင်းတာ။ အဲဒါကို စစ်ဆေးပြီးပြန်လွှတ်လို့ တော်သေးတယ်။ ဒီကောင်တွေရှိရင် တော်တော်ကို အဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများကိုယ်တိုင် စိုးရိမ်ထိတ်လန့်မှုရှိနေပြီး လမ်းပေါ်ထွက်မည်ဆိုပါက သေနတ်များ အသင့်ချိန်ရွယ်ကာ သွားလာလှုပ်ရှားနေသည်။

ဈေးဝယ်စင်တာများ၊ ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စက်ရုံအလုပ်ရုံများပြန်ဖွင့်နေပြီး ရုံးတက်ရုံးဆင်းချိန်တွင် ဘက်စ်ကားများလည်း လူကျပ်နေသည်။ တာမွေမြို့နယ် Ocean ဈေးဝယ်စင်တာတွင် ကြိတ်ကြိတ်တိုးမဟုတ်သော်လည်း ဈေးဝယ်သူ အထိုက်အသင့်ရှိသည်ကို တွေ့ရသည်။ 

နာမည်ကြီး Lotteria ကြက်ကြော်ဆိုင်တွင် စားသုံးသူအများအပြား တန်းစီဝယ်ယူနေကြသလို ကြေးအိုးဆိုင်တွင်လည်း ဆိုင်ထိုင်စားသောက်သူအချို့ကို တွေ့ရသည်။ သို့သော် Ocean စင်တာတွင် နိုင်ငံခြားအမှတ်တံဆိပ် Pizza Company တစ်ခု အရောင်းဆိုင်ပိတ်သိမ်းထားသည်ကို တွေ့ရသည်။ 

စစ်အာဏာသိမ်းပြီးနောက် မျက်မြင်အရ ရန်ကုန်သည် ပုံမှန်ပြန်လည်ပတ်နေပြီဟု ရုတ်တရက်ယူဆနိုင်သော်လည်း အနှစ်သာရအားဖြင့် ယခင်နှင့် များစွာကွာခြားသွားသည်ဟု ထင်သည်။ 

လုပ်ငန်းများ အရဲစွန့်ပြန်ဖွင့်မှုကြောင့် ဝန်ထမ်းများလုပ်ငန်းခွင်ပြန်ဝင်နေသော်လည်း သိန်းနှင့်ချီသော အလုပ်သမားများ အလုပ်ပြုတ်သွားသည်ကိုမူ မမြင်တွေ့နိုင်ပေ။

သို့သော် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံအလုပ်သမားများကို အဆောင်းငှားစားရန် ဖွင့်လှစ်ထားသည့် အဆောင်များတွင် လူသူကင်းမဲ့နေမှုမှာ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်ကို ဖော်ပြနေကြောင်း ကျွန်တော့်ကို လိုက်ပို့ပေးသည့် နောက်ထပ် တက္ကစီယာဉ်မောင်းတစ်ဦးက ပြော သည်။ 

၎င်း၏ မိတ်ဆွေသည် လှိုင်သာယာတွင် အတော်အသင့်ကျယ်ဝန်းသည့် အခန်းပေါင်း ၂၆ ခန်းပါဝင်သည့် အဆောင်ဖွင့်လှစ်ထားပြီး တစ်ခန်းလျှင် တစ်သိန်းနှုန်းဖြင့် ငှားစားခဲ့ကြောင်း၊ အခြားအလုပ်အကိုင်မရှိဘဲ အဆင်ပြေခဲ့သော်လည်း ယခုအဆင်မပြေတော့ကြောင်း ၎င်းက ဆို သည်။ 

“စက်ရုံတွေပိတ်၊ အလုပ်တွေပြုတ် အလုပ်သမားတွေမနေကြတော့ အဲဒီကောင် တိုင်ပတ်နေပြီ” ဟု ၎င်းက ဆိုသည်။

အလုပ်အကိုင်အဆင်မပြေသော်လည်း ကုန်ဈေးနှုန်းတက်သည်။ ဓာတ်ဆီနှင့် ဒီဇယ် ဈေးတက်သည်။ CNG ကို ဝယ်ယူခွင့်ပမာဏလျှော့ချလိုက်သည်။ စစ်ကောင်စီ၏ တင်းကျပ်သော စနစ်မျိုးစုံကြောင့် အရာရာ ခက်ခဲလာပြီး တော်လှန်ရေးအမြန်အောင်မြင်ရန် မျှော်လင့်မိကြောင်း အဆိုပါတက္ကစီဒရိုင်ဘာက ပြောသည်။

ကျွန်တော်ထိုင်သည့် လက်ဖက်ရည်ဆိုင်တွင် အာဏာမသိမ်းမီက တွေ့ဖူးသည့် လူငယ်များ အုံနှင့်ကျင်းနှင့် စုဖွဲ့ဂိမ်းဆော့နေသည့် မြင်ကွင်းကို မတွေ့မိပေ။ လူငယ်တိုင်းကို ပစ်မှတ်ထားကာ သိမ်းကြုံးစစ်ဆေးတတ်သည့် စစ်ကောင်စီကြောင့် လူငယ်များကို အပြင်လွှတ်ရန် အုပ်ထိန်းသူတို့က တွေးပူမိပုံရသည်။

အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းများ၊ အစိုးရဌာနဆိုင်ရာရုံးများအနီးတွင် နေထိုင်သော မိသားစုများတွင် လူငယ်မိသားစုဝင်များရှိပါက ပို၍ သတိထားကြရသည်။ တော်လှန်ရေးအဖွဲ့များက အုပ်ချုပ်ရေးမှူးရုံးများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီကလည်း နီးစပ်ရာလူငယ်များကို ဖမ်းဆီးတတ်သည်။

တော်လှန်ရေးကို အားပေးထောက်ခံပြီး စစ်ကောင်စီကို ဆန့်ကျင်ကန်ကွက်သော်လည်း အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်ရမည်ကို ရှောင်ကြဉ်ရမည့်သဘောဟု သားနှစ်ဦးနှင့် အတူနေထိုင်သည့် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ယခင်က ရန်ကုန်တွင် နံရံသာခြားသည့် ဟိုဘက်အိမ်၊ ဒီဘက်အိမ် သေချာမစပ်စုတတ်သော်လည်း ယခုအခါ ရပ်ကွက်လမ်းအတွင်း လူစိမ်းတစ်ဦးဝင်လျှင် စောင့်ကြည့်နေသည်ဟု ခံစားရသည်။ နေသားမကျသေးသည့် အခြေအနေကြောင့် သတိလွန်ကဲခြင်းလည်းဖြစ်လိမ့်မည်။

ရန်ကုန်သွားလျှင် ဧည့်စာရင်းမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်နေသည်။ ဧည့်စာရင်းကို ကျယ်ကျယ်ပြန့်ပြန် မစစ်ဆေးနိုင်သေးဟု ယုံကြည်ရသော်လည်း တိုင်မထားလျှင် စိတ်မချရသလိုဖြစ်နေသည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးရုံးများကိုယ်တိုင်ပင် ပုံမှန်မလည်ပတ်နိုင်ဘဲ မြို့နယ်အချို့တွင် လုံးဝပိတ်ထားရသည်ဟု ဆိုကြသည်။ 

အချို့မြို့နယ်များတွင် ဧည့်စာရင်းကို ၆ လနေမှ တိုင်ရမည်၊ တစ်ပတ်၊ ခြောက်ရက်နေလျှင် မတိုင်ရဟု ပြောဆိုမှုလည်းရှိသည်။

မည်သို့ဆိုစေ လွတ်လပ်လုံခြုံမှုမှာ အစရှာမရအောင် ပျောက်သွားသည်။ အရာရာစိုးရိမ်ထိတ်လန့်နေရသဖြင့် အများသူငါမှာ လိုအပ်မှပင် အ ပြင်ထွက်ကြသည်။ 

သန်းခေါင်ယံတွင် ဧည့်စာရင်းစစ်၍ အကြောင်းရှာဖမ်းဆီးမည်ကို စိုးရိမ်ရသည်။ ယုတ်စွအဆုံး မှတ်တိုင်တွင် ကားစောင့်လျှင်ပင် နောက်ကျောမလုံလှ။ ထိုအခြေအနေမှာ ရန်ကုန်သွားသူတိုင်း အနည်းနှင့်အများ ရင်ဆိုင်ရမည့် ပကတိအခြေအနေပင်ဖြစ်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s