ဖားကန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများအတွင်း ယနေ့ (နိုဝင်ဘာ ၁၄) တွင် စစ်ကောင်စီက ဂျက်လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု သိရသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ နမ်ဂျန်ဒေသရှိ အောင်လျဲန်၊ ဆိုင်းဂျာ၊ ဂါခရန် စသည့် စစ်ကောင်စီစခန်းသုံးခုကို KIA က တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရပြီး နှစ်နာရီခန့်အကြာတွင် ဂျက်လေယာဉ်ဖြင့် ပစ်ကူလာကြောင်း၊ တိုက်ပွဲအခြေနေအသေးစိတ်ကို မသိရသေးကြောင်း​ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီမနက် ၇ နာရီဝန်းကျင်ကတည်းက ဖြစ်တာပါ။ နမ်ဂျန်ခူးဘက်က စစ်ကောင်စီထိုင်တဲ့ စခန်းသုံးနေရာ ဝင်တိုက်တယ်လို့ သတင်းတက်လာပါတယ်။ ဖိုက်တာ(ဂျက်လေယာဉ်) တွေ လာပြီးတော့ အပစ်ကူတယ်လို့လည်း သတင်းတက်လာတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဖားကန့်မြို့နယ် မြောက်ဘက် ၁၀ မိုင်ဝန်းခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီ၏ အောင်လျဲန်စခန်း၊ ဆိုင်းဂျာ စခန်းတို့ကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

“သူတို့  (စစ်တပ်) ဘက်က အကျဆုံးများတယ်တဲ့။ လက်နက်ကတွေလည်း အများကြီးသိမ်းမိတယ်လို့ သတင်း Update (နောက်ဆုံးသိရသည့်အခြေအနေ) ဝင်လာတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ အောင်လျဲန်စခန်း၊ ဆိုင်းဂျာ စခန်းတို့ကို လက်လွှတ်လိုက်ရပြီးနောက် ကံဆီးဒညှင်းကုန်းရှိ ဗျူဟာကုန်း၊ ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းဗျူဟာကုန်းသုံးခုမှ လက်နက်ကြီးများ ကူပစ်နေသည့်အပြင် နံနက် ၉ နာရီဝန်းကျင်မှစ၍ ဂျက်လေယာဉ် အသုံးပြုတိုက်ခိုက်မှု သုံးကြိမ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ မြို့ခံများက စစ်ကောင်စီစခန်းများ သိမ်းယူနိုင်နေသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းပြီး စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ကချင်ပြည်နယ်အပါအဝင် နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းဒေသတချို့တွင် KIA နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တချို့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခြင်းများလည်း ရှိခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s