ရဲတံခွန်စီမံကိန်းမှ စစ်ကောင်စီ ဝင်ငွေရနေမှုအတွက် ဂျပန်ကို NUG ဝေဖန်

ဂျပန်အစိုးရပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဝင်ငွေကို စစ်ကောင်စီက လက်နက်ဝယ်ယူရေးလုပ်ငန်းတွင် သုံး စွဲနိုင်ခြေများသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြော သည်။

မြန်မာနိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်း ကပ္ပလီပင်လယ်ပြင်ရှိ အဆိုပါစီမံကိန်းတွင် ဂျပန်အစိုးရပါဝင်သည့် Nippon Oil Exploration (Myanmar) က ရှယ်ယာငါးပုံတစ်ပုံဖြစ်သည့် ၁၉ ဒသမ ၃၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် ဒေါ်လာသန်းရာနှင့်ချီ ဝင်ငွေရှိသည့် စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းကို စစ်ကောင်စီထိန်းချုပ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) က ၂၀ ဒသမ ၄၅၊ ထိုင်းနိုင်ငံပိုင် PTTEP က ၁၉ ဒသမ ၃၁ နှင့် အဓိကရှယ်ယာရှင်နှင့် အော်ပရေတာဖြစ်သည့် မလေးရှားနိုင်ငံပိုင် Petronas က ၄၀ ဒသမ ၉၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

“ဒီပရောဂျက်က ပိုက်ဆံဟာ သေချာတယ်၊ စစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးကိစ္စရပ်တွေမှာ အသုံးချဖို့ဆိုတာ အများကြီးဖြစ်နိုင်တယ်” ဟု ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ပြောသည်။

စစ်ကောင်စီသည် အုပ်ချုပ်ရေး၊ ဥပဒေပြု‌‌ရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်လုံးယူထားပြီး MOGE ကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရန်ပုံငွေကို လိုသလိုအသုံးပြုနိုင်ရန် အမိန့်ပေးမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရဲတံခွန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာရှင်များအနေဖြင့​ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးသင့်သည်ဟု ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ယူဆသည်။

“ဒါနဲ့ ပတ်သက်တဲ့ဟာ NUG နဲ့ တွေ့ဖို့ သူတို့အနေနဲ့ အမြန်စီစဉ်သင့်တယ်။ ဒါမှ ကျွန်တော်တို့က သူတို့ကို ဘယ်လိုမျိုး ethical business (ကျင့်ဝတ်နှင့် ညီညွတ်သော စီးပွားရေး) အနေနဲ့ ဆက်လုပ်နိုင်မလဲဆိုတာကို ဆက်ညွှန်ကြားပေးနိုင်မှာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းတွင် ဆက်လက်ပါဝင်ခြင်းဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြတ်မှုများကို ကူညီအားပေးရာရောက်သည်ဟူသော ဝေဖန်မှုများကို ဂျပန်က ငြင်းဆန်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်က ဂျပန်လွှတ်တော်အတွင်း အမတ်တစ်ဦးက ထိုကိစ္စကို မေးမြန်းရာ Hiroshi Kajiyama ဦးဆောင်သည့် ဂျပန်ကုန်သွယ် ရေးဝန်ကြီးဌာန၊ Nippon Oil Exploration တာဝန်ရှိသူက “ရဲတံခွန်စီမံကိန်းနှင့် ပတ်သက်သည့် ရန်ပုံငွေများမှာ စစ်ကောင်စီထံ စီးဆင်းသည်ဟု သိမထားကြောင်း” တုံ့ပြန်ထားသည်။

ထို့အပြင် “မြန်မာစစ်တပ်ထံ ရန်ပုံငွေရောက်မရောက် သေချာသိနိုင်ရန် လွန်စွာခက်ခဲသည်” ဟုလည်း ယင်းနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးမော်ထွန်းအောင်ကမူ MOGE ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်မှာ သေချာရှင်းလင်းနေပြီးဖြစ်၍ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်ကို လက်ခံနိုင်စရာမရှိဟု ဆိုသည်။

ရန်ကုန်မြို့ရှိ Y-Complex အိမ်ခြံမြေစီမံကိန်းမှ မြေငှားရမ်းခကို ဂျပန်အစိုးရက မြန်မာစစ်တပ်ထံ ပေးချေသည့်နည်းဖြင့် ထောက်ပံ့ကူညီနေသည်ဟူသော ထောက်ပြမှုများကိုလည်း အလားတူတုံ့ပြန်ခဲ့သည်။

Myanmar Now က ရရှိထားသည့် ထုတ်ပြန်ချက်တစ်စောင်တွင် Nippon Oil Exploration သည် ရဲတံခွန်စီမံကိန်းနှင့် ပတ်သက်သည့် ၎င်းတို့ ၏ ရပ်တည်ချက်ကို စဉ်းစားနေပြီဟု ဆိုသည်။

“မြန်မာပြည်သူတို့၏ အသက်ရှင်နေထိုင်မှုကို သိသာထင်ရှားသည့်အကျိုးသက်ရောက်မှု၊ ထို့ပြင် ထိန်းသိမ်းခံရသူ၊ သတ်ဖြတ်ခံရသူအရေအ တွက် ကြီးထွားလာမှုနှင့် ပတ်သက်ပြီး ကုမ္ပဏီက အလွန်စိုးရိမ်မိသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ အနာဂတ်စီမံကိန်းအတွက် ရဲတံခွန်စီမံကိန်း၏ မိတ်ဖက်များ၊ ဂျပန်အစိုးရနှင့် ဆွေး နွေး ညှိနှိုင်းမည်ဟု ဖော်ပြထားသည်။

မက်လောက်စရာ အမြတ်အစွန်း

ရဲတံခွန်မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာပြီဖြစ်သော်လည်း မြန်မာအတွက် အကြီးဆုံးဝင်ငွေအရင်းအမြစ်တစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အမြတ်အစွန်းပေါ်တွင် ဝင်ငွေခွန်အပြင် ပိုက်လိုင်းတွင်ထည့်ဝင်ထားသည့် ရှယ်ရာမှ အမြတ်ငွေနှင့် ကော်ပိုရိတ်ဝင်ငွေခွန်များကို မြန်မာနိုင်ငံက ရရှိနေသည်။

ရဲတံခွန်စီမံကိန်းမှ စစ်ကောင်စီထံ ဘဏ္ဍာငွေမည်မျှစီးဆင်းနေသည်ကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လျှို့ ဝှက် ထားရမည့်ကိစ္စဖြစ်သည်ဟု ဆိုသည်။

သို့သော် ယခင်က သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင်းလင်းမြင်သာမှုဖော်ဆောင်ရေး EITI အောက်တွင် အဆိုပါသတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာကလည်း သတ္တုတူးဖော်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် အများပြည်သူအတွက် သတင်းအချက်အလက်ထုတ်ပြန်မှုများကောင်းမွန်ရန် ကြိုးစားမြှင့်တင်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ် ကိန်းဂဏန်းအချက်အလက်များအရ မြန်မာအနေဖြင့် ထိုစီမံကိန်းတွင်ထည့်ဝင်သော ရှယ်ယာမှာ ဓာတ်ငွေ့ရောင်းငွေ ကျပ် ၂၁၄ ဘီလျံ (ဒေါ်လာ ၁၅၉ သန်း) နှင့် အခြားဝင်ငွေ ကျပ် ၅၅ ဘီလျံ (ဒေါ်လာ ၄၁) သန်း ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပွင့်လင်းမြင့်သာမှုဖော်ဆောင်ရေးလမ်းစများ ရပ်ဆိုင်းသွားသည်။

ရဲတံခွန်စီမံကိန်း၏ ဓာတ်ငွေပို့ဆောင်ရေးပိုက်လိုင်းမှာလည်း အမြတ်အစွန်းကြီးမားသည်ဟု သိထားကြသည်။ ပိုက်လိုင်းကို ပိုင်သည့် Taninthayi Pipeline ကုမ္ပဏီသည် ၂၀၁၇ နှင့် ၂၀၁၉ ကြားတွင် ပိုင်ရှင်များကို ဒေါ်လာ ၃၀၈ သန်း  ခွဲဝေပေးခဲ့ကြောင်း ဇူလိုင်တွင် Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

MOGE သည် ထိုပိုက်လိုင်းတွင် ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုစဉ်က ဒေါ်လာ ၉၃ သန်း ဝေစုရခဲ့သည်။

ရဲတံခွန်တွင် မြန်မာရမည့် ဝင်ငွေများကို စစ်ကောင်စီလက်လှမ်းမမီရေးအတွက် သေချာစေရန် ဂျပန်အစိုးရကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုဖြစ်သည့် Mekong Watch နှင့် Friend of the Earth Japan တို့က တောင်းဆိုခဲ့သည်။ 

ဆိုလိုသည်မှာ စစ်ကောင်စီမရှိ‌တော့သည်အထိ မြန်မာနိုင်ငံပြင်ပ ဘဏ်စာရင်းများတွင် ငွေကြေးထိန်းသိမ်းထားရန် သို့မဟုတ် ယင်းသို့မဖြစ်နိုင်လျှင် ရဲတံခွန်စီမံကိန်းမှ ထုတ်လုပ်မှုလုပ်ငန်းများ လုံးဝရပ်ဆိုင်းပစ်ရန်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတို့က ဆိုသည်။

မလေးရှား Petronas သည် နည်းပညာဆိုင်ရာပြဿနာကြောင့် ဧပြီတွင် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော်လည်း ဇူလိုင်တွင် ထုတ်လုပ်မှုပြန်စခဲ့ကြောင်း ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

လက်ရှိတွင် ရဲတံခွန်သဘာဝဓာတ်ငွေ့တူးဖော်မှုနှင့် ပိုက်လိုင်းစီမံကိန်းဆောင်ရွက်မှု ရှိမရှိနှင့် စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှု ရှိမရှိ Myanmar Now က မေးမြန်းသော်လည်း Petronas က မှတ်ချက်ပေးရန် ငြင်းဆိုသည်။ ထို့အတူ PTTEP ကုမ္ပဏီကို မေးမြန်းသော်လည်း တုံ့ပြန်မှုမရှိပေ။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s