Monthly Archives: Nov 2021

ပို့ကုန်သွင်းကုန်နှင့်ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သက် သေထွက်ဆိုမည်

စစ်ကောင်စီက ပို့ကုန်သွင်းကုန်ဥပဒေနဲ့  ဆက်သွယ်ရေးဥပဒေတွေနဲ့ စွဲထားတဲ့ အမှုတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ သက်သေအဖြစ် ထွက်ဆိုသွားဖို့ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားသူကြီးက ဒီအမှုနှစ်ခုအတွက် သက်သေစာရင်းတင်ဖို့ ရှိ မရှိ မေးမြန်းခဲ့ပြီး သက်သေတင်ပြဖို့ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုကို နိုဝင် ဘာလ ၁၅ ရက်နေ့က နေပြည်တော်ကောင်စီဝန်းအတွင်းက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုနှစ်ခုအတွက် မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့မှာ အတိုင်ပင်ခံကိုယ်တိုင်သက်သေအဖြစ်ထွက်ဆိုမှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့ နှစ်ဖက်အပြီးသတ်လျှောက်လဲချက် တင်သွင်းရမှာဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုပေါင်း ၁၁ မှုထိရှိပြီး ရှေ့နေတွေကိုလည်း အမှုတွေနဲ့ပတ်သက်လို့ ဖြေကြားခွင့် ပိတ်ပင်ထားပါတယ်။ အမှုအများစုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သက်သေအဖြစ်ခုခံချေပနေတာဖြစ်ပြီး အမှု ၁၁ ခုကို ဆက်တိုက်ခုခံနေရတဲ့အတွက် တချို့အမှုတွေကို ၂ ပတ်ခြားတစ်ခါရုံးချိန်းခေါ်ပေးဖို့ ရှေ့နေအဖွဲ့က တရားရုံးကို တင်ပြခဲ့ပေမယ့် တရားရုံးက အမှုတွေကို ဆက်တိုက်ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။DVB

စဉ့်ကူး၊ ဟင်္သာမကျေးရွာ၌ စစ်စခန်းလာချ၍ ဒေသခံတို့ တိမ်းရှောင်နေရ

တစ်ပတ်အတွင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီသတင်းပေး (ဒလန်) တစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာဘုန်းကြီးကျောင်းတွင် ယမန်နေ့(နိုဝင်ဘာ ၁၄) နေ့လယ် ၁၁ နာရီခန့်မှစ၍ စစ်အင်အား ၄၀ ခန့် လာရောက်တပ်စွဲနေကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်တွင် ဟင်္သာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရသလို ယမန်နေ့တွင် မတ္တရာမြို့နယ်၊ တံငါမြောက်ရွာ၌ သွားရောက်ပုန်းအောင်းနေသည့် ကျေးရွာတွင်း ဒလန်ဟု နာမည်ကျော်သူ ကိုမော်(ခ) ဘဲမော်ကို ဒေသကာကွယ်ရေးအဖွဲ့(PDF) က ပစ်သတ်ခဲ့သည်။

ပစ်ခတ်မှုများနှင့် ပတ်သက်၍ အသေးစိတ်မသိရသော်လည်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း သေဆုံးသည့် နောက်တစ်နေ့(နိုဝင်ဘာ ၈) တွင် ဟင်္သာမရွာသို့ စစ်ကောင်စီက ဝင်မွှေခဲ့ဖူးပြီး ဒေသခံအချို့ကို အတင်းအဓမ္မ စစ်မေး၊ လမ်းညွှန်စေကာ သံသယရှိသူ နေအိမ်အချို့ကို ဖျက်ဆီး၊ ပစ္စည်းများ လုယက်သွားကြသေးသည်။

ထိုဖြစ်စဉ်အပြီး ဒလန်ဟု နာမည်ကျော်သူ ကိုမော်(ခ) ဘဲမော် အခြားတစ်နေရာ၌ သတ်ဖြတ်ခံရသည့် နေ့တွင်းချင်း(နိုဝင်ဘာ ၁၄) ပင် ဟင်္သာမကျေးရွာသို့ စစ်တပ်က စခန်းလာချသဖြင့် နောက်တစ်ကြိမ် ထိုသို့အဖြစ်မျိုးကြုံရမည်ကို စိုးရိမ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးနှစ်ဦးက ပြောသည်။

“သူတို့လာနေပြီဆိုတာကို မရောက်ခင်ကတည်းက ကြိုသိရတဲ့အတွက် ရွာက ယောက်ျားသားတွေအကုန် တောထဲ ပြေးကြရတာပဲ၊ အခုထိတော့ ပြန်မလာနိုင်ကြသေးဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အခြားအမျိုးသမီးတစ်ဦးကလည်း ၎င်း၏ အမျိုးအဆွေများပါ တိမ်းရှောင်နေရသည်ဟု ပြောသည်။

“စစ်သားတွေ ရှိနေရင်တော့ သူတို့ပြန်လာနိုင်မှာမဟုတ်ဘူး။ ဘယ်ချိန်ထိ ရှိနေမလဲမှန်းလည်း မသိရဘူး။ မထင်ရင် မထင်သလို ဖမ်းခံရမှာဆိုတော့ ပြန်လာဖို့လည်း မလွယ်လောက်ဘူး”ဟု ၎င်းက ဆိုသည်။

သို့သော် အိမ်ခြေ ၁၂၀၀ ခန့်ရှိ ဟင်္သာမကျေးရွာတွင် ဦးရေမည်မျှ ထွက်ပြေးတိမ်းရှောင်နေရသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အထက်ပါ အမျိုးသမီးနှစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းမှစ၍ ၎င်းတို့ သံသယရှိသူတို့၏ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်း၊ ဒေသခံတို့ မွေးမြူထားသည့် ကြက်များကို ဖမ်းဆီးစားသောက်ခြင်း၊ ဈေးဆိုင်အချို့မှ အလိုရှိရာများကို ယူဆောင်ခြင်းတို့ ပြုမူနေကြောင်း သိရသည်။

နိုဝင်ဘာ ၈တွင် စစ်ကောင်စီက မွှေနှောက်စဉ်ကမူ ဟင်္သာမကျေးရွာရှိ နေအိမ်လေးလုံး ဖျက်ဆီးခံရသလို ရွာအတွင်းရှိ ဈေးဆိုင်တစ်ဆိုင်မှ ဆန်၊ ဆီနှင့် စက်သုံးဆီအပါအဝင် ဈေးရောင်းရငွေများကို ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောထားသည်။

ထို့အပြင် ရွာမှ ပြန်ထွက်ချိန် ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် တံငါလုပ်ငန်းသုံးစက်လှေများမှ အင်ဂျင် ၉ လုံးကို ဖြုတ်ယူကာ မော်တော်နှင့် စက်လှေအချို့ကို ဖျက်ဆီးသွားကြောင်း၊ ဟင်္သာမရွာသားတစ်ဦးပိုင်သည့် မော်တော်တစ်စင်းကိုပါ ယူဆောင်သွားကြောင်း သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။myanmar now

ဖယ်ခုံတွင် စစ်ရှောင်ကူညီသူ ၁ ဦးအပါအဝင် ၇ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ပရဟိတသမား အမျိုးသား  ၁ ဦးနဲ့ လူငယ်တွေ အပါအဝင်    ၇ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်မှာနေထိုင်တဲ့ ဦးညီခင်ကို  ဒီနေ့  မနက် ၁၀ နာရီ ဝန်းကျင်လောက်ကသူ့ရဲ့အိမ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူ့ကို ၁၀ နာရီဝန်းကျင်လောက်က ဖမ်းသွားတယ်လို့ကြားတယ်။ သူက ဗမာလူမျိုး။ သူက စစ်ရှောင်တွေကူညီတာ။ သူကဆေးထုတ်တွေဘာတွေကော၊ စားစရာတွေအများစုထားတာ။”

ဦးညီခင်ဟာ ဖယ်ခုံမြို့တွင်းရှိ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေ ညီပေးနေသူတစ်ဦး ဖြစ်တဲ့အပြင် ပရဟိတလုပ်ငန်းကိုလည်း စိတ်အားထက်သန်စွာ လုပ်ဆောင်သူလို့ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်မှာ နေထိုင်တဲ့ သားအဖ ၅ ယောက်အပါအဝင် အသက် ၁၅ နှစ်အရွယ်ဝန်ကျင် ကလေးငယ် ၃ ဦးကို စစ်ကောင်စီ တပ်မ ၆၆  က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူတို့နဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

“သူတို့အစပိုင်း သူ့သား နှစ်ယောက် ဆိုင်ကယ်သွားပြင်ရင်းနဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာ စစ်တပ်ကို သွားတိုးတာပေါ့။ အဲမှာ အဖမ်းခံရတယ်။ အဲဒါနဲ့ အိမ်ပြပေးဦးဆိုတော့ အိမ်ရောက်လည်း ရောက်တော့ သူ့အိမ်မှာရှိတဲ့အစ်ကို တယောက်ထပ်ဖမ်းတယ်။ သူ့အဖေက ကျနော့်သားတွေ ဘာမှမလုပ်ဘူး။ အသက်လည်းငယ်သေးတယ်ဆိုတော့ သူတို့က မင်းအဲမှာ အသက်ရှင်ချင်ရင် ဆက်ပြောဆိုတော့ မပြောရဲတော့ဘူးလေ။ နောက် ည သန်းခေါင်ရောက်ရော သူ့အဖေလည်း ပြန်အဖမ်းခံရတယ်။ နောက်အိမ်နှစ်ဘေးမှာ ရှိတဲ့ သူ့တူလေး ၂ ယောက်လည်း ထပ်ပါသွားတယ်။ စုစုပေါင်း ၆ ယောက်ပေါ့။”

အဖမ်းဆီးခံရသူတွေကတော့ ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်မှာနေတဲ့ ဦးမောင်လဲ့ (အသက် ၅၀ ကျော်)၊ မောင်ဘိ (၂၁) နှစ်၊ ယောဟန် (၁၉)နှစ်၊ မောင်ဘီးယို့ ၁၇ နှစ်တို့ဖြစ်ပြီး သူ့တို့ဟာ သားအဖတွေဖြစ်ပါတယ်။ နောက်ထပ် တူတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ်ဝန်ကျင် မောင်သီဟနဲ့ ဆော့လမုန်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

အောက်တိုဘာလ ကုန်လောက်စပြီး ဖယ်ခုံမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်ပွားနေပြီး ဖယ်ခုံမြို့နယ်က ကျေးရွာတွေအပြင် မြို့ပေါ်မှာ နေထိုင်တဲ့ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က ဖယ်ခုံမြို့နယ်လွယ်ဝှဲကျေးရွာမှာ ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာကို မီးရှို့ခဲ့တဲ့အတွက် အိမ် ၃ လုံး မီး လောင်ပျက်စီးခဲ့ရပါတယ်။

နို၀င်ဘာ ၈ ရက်​နေ့မှာတော့  ဖယ်ခုံမြို့နယ် ​ခေါင်းအိ​ကျေးရွာအုပ်စု လတူးကယန်းရွာရှိနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လအိကျေးရွာဟာ အိမ်ခြေ ၃၀ လောက်ရှိတဲ့ရွာဖြစ်ပြီးပြီး လွန်ခဲ့တဲ့ ၁၀ နှစ်မှ ပြန်လည်တည်ဆောက်ထားတဲ့ ကျေးရွာဖြစ်တယ်လို့  ကူညီကယ်ဆယ်လုပ်နေသူဆီက သိရပါတယ်။

အလားတူ ဖယ်ခုံမြို့နယ် ကောင်ဝှပ်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းမှာ ဝင်ရောက်ခဲ့တဲ့အတွက် အိမ်ခြေ ၇၀ လောက်ရှိတဲ့  ကျေး ရွာဟာ တောတောင်ထဲ ပြန့်ကျဲပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နဲ့  ဒီးမော့ဆိုမြို့နယ်တွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်  အဲဒီမြို့နယ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေ ထိခိုက်ပျက်စီးတာတွေရှိသလို ဖမ်းဆီးခံရတာတွေလည်း  ရှိနေပါတယ်။DVB

KIA က စစ်ကောင်စီစခန်းများကို တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဂျန်ရွာအနီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် KIA တပ်မဟာ ၉ အထူးတပ်ဖွဲ့က စစ်ကောင်စီ၏ ဂါးခရေန် တပ်စခန်းကို အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခုအား KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ ယခုစခန်းသည် တတိယမြောက် သိမ်းပိုက်ရရှိသော စခန်းဖြစ်ကြောင်း သိရှိရသည်။

“ညနေ ၅ နာရီ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်တယ်။ သေ နတ်သံတွေလည်း ဆူညံနေတာပဲ။ မနက်ပိုင်းမှာ လေယာဉ်တွေ လာသေးတယ်။ ပစ်တော့ မပစ်ဘူးပြောတယ်။ ပြည်သူတွေကတော့ KIA နဲ့ PDF အောင်ပွဲဆင်ဖို့ ပဲ ဆုတောင်းတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။khit thit

အမေရိကန်သတင်းစာဆရာ Danny Fenster ထောင်ကလွတ်မြောက်

အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား သတင်းစာဆရာ Danny Fenster ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၅) တွင် ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster မှာ ယနေ့ (နိုဝင်ဘာ ၁၅) မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်ကာ ပြည်နှင်ဒဏ်ပေးခံ ရခြင်းဖြစ်ကြောင်း ၎င်းလုပ်ကိုင်ခဲ့သည့် Frontier Myanmar မဂ္ဂဇင်းတာဝန်ရှိသူက အတည်ပြုသည်။

စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် တရားစွဲဆိုထားသည့်  Danny Fenster မှာ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်ပြီး အိမ် (မိသားစုရှိရာ အမေရိကန်နိုင်ငံ) ပြန်လာနေပြီဖြစ်ကြောင်း မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ဝါရင့် အမေရိကန်သံတမန်ဟောင်း Bill Richardson က အတည်ပြုပြောကြားသည်ဟု အမေရိကန် AP သတင်းဌာနက ရေးသားထားသည်။ 

“ပြန်လွတ်လာပါပြီ။ အခု လေယာဉ်ပေါ်ရောက်နေပြီလို့ သိရတယ်။ Deported ( ပြည်နှင်ဒဏ်ပေးခံရခြင်း) လုပ်ခံရတာပါ” ဟု Frontier Myanmar မဂ္ဂဇင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဆန်နီဆွေက Myanmar Now ကို အတည်ပြုသည်။ 

Myanmar Now သတင်းဌာနတွင် အင်္ဂလိပ်ပိုင်းစာတည်းအဖြစ်၂၀၂၀ နှစ်လယ်ထိလုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းတွင် နောက်ပိုင်းပြောင်းရွှေလုပ်ကိုင်ခဲ့သော အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်မှ Danny Fenster ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေကို ဖောက်ဖျက်မှုများဖြင့် စွပ်စွဲကာ လွန်ခဲ့သည့် အပတ်က ထောင် ၁၁ နှစ်ချမှတ်ခဲ့သည်။ 

ထို့ပြင် ၎င်းအား အနှစ် ၂၀ ထိ အမြင့်ဆုံးအပြစ်ပေးနိုင်သော နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ ဖြင့်လည်း တရားစွဲဆိုထားခဲ့သည်။ 

၎င်းအား စွဲဆိုသည့်ပုဒ်များတွင် လဝကစွပ်စွဲချက်မှလွဲ၍ ကျန်သည့် ပုဒ်မများမှာ Myanmar Now သတင်းဌာနတွင် အာဏာသိမ်းပြီးနောက် ပိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟုဆိုကာ Myanmar Now သတင်းဌာန မြန်မာလူမျိုး အယ်ဒီတာ ၃ ဦးနှင့်အတူ စွဲဆိုထားခြင်းဖြစ်သည်။ 

စစ်တပ်က အာဏာမသိမ်းမီ ၆ လကျော်ကတည်းက Danny Fenster မှာ Myanmar Now မှ အလုပ် ထွက်ထားသူ ဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့သော်လည်း ထိုလျှောက်ထားချက်များကို မျက်ကွယ်ပြု၍ စစ်တပ်၏ တရားရုံးက ၎င်းအား ထောင်ဒဏ်များချမှတ်ထားခြင်းဖြစ်သည်။ 

Danny Fenster မှာ ပြီးခဲ့သည့် မေလ ၂၄ က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း နေပြည်တော်သို့ နိုင်ငံတကာသံတမန်တချို့ လာရောက်လျက်ရှိရာ စစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ ဂျပန်အစိုးရ၏ အ ထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဆာဆာကာဝါနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုဝင်ဘာ ၁၃ တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ myanmar now

မိုးကုတ် အထက ၁ ကျောင်းအနီး ဗုံး ၃ လုံးဆင့်ပေါက်၊ ပိတ်စွယ်ရပ်ကွက်၌ အပြန်အ လှန်ပစ်ခတ်

မန္တလေးတိုင်း မိုးကုတ်မြို့က အ.ထ.က (၁) အထက်တန်းကျောင်းနားမှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့်  ၁၂ နာရီလောက်က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး  ပိတ်စွယ်ရပ်ကွက်က ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းနားမှာလည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ တစ်ဦးက “ကျောင်းအရှေ့မှာ ဗုံးပေါက်တာ။ ထိခိုက်တာတော့ မရှိဘူး။ ကျောင်းတက်နေသူတွေ ရှိတယ်။ ပိတ်စွယ်မှာက သေနတ်ပစ်သံ ၁၆ ချက်လောက် ကြားလိုက်တယ်။ အပြန်အလှန်ပစ်တာမျိုးပဲ၊ ခုတော့ လမ်းသွားလမ်းလာရှင်း နေတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့က အ.ထ.က (၁) ကျောင်းမှာ ကျောင်းတက်နေသူ အယောက် ၁၀၀ လောက်ရှိပြီး ထိခိုက်မှု မရှိဘူးလို့လည်း သိရပါတယ်။ 

ပိတ်စွယ်ရပ်ကွက်က ပုဗ္ဗာရုံကျောင်းဘက်မှာ ပစ်ခတ်သံတွေကြားခဲ့ရပေမဲ့ ဘယ်အဖွဲ့နဲ့ ပစ်တယ်ဆိုတာကိုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူး။ 

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က စစ်သားတွေက စစ်ကားတွေနဲ့ ကင်းလှည့်နေတယ်လို့လည်း သိရပါတယ်။DVB

မန္တလေးက ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ်ကို စစ်ကောင်စီက ဖမ်းဆီး

မန္တလေးမြို့ရှိ ရွှေမဟာနွယ် ပရဟိတ သွေးလှူအသင်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ် (ခ) ဒေါ်နွယ်နွယ်ဝင်းကို စစ်ကောင်စီက ယနေ့ ဖမ်းစီးသွားကြောင်း အဆိုပါအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။အောင်မြေသာစံမြို့နယ်၊ ၂၅လမ်း၊ အရှေ့မြို့ ပတ်လမ်းထောင့်၊ မဟာဇေယျာဘုံ အပိုင်း(၂)၊ သရက်ကုန်း ကွက်သစ်တွင် တည်ရှိသည့် အဆိုပါ အဖွဲ့ရုံးသို့ နိုဝင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်များက အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အသင်းက မိဘမဲ့တွေ စစ်ဘေးရှောင်တွေကို အဝတ်အထည်တွေ လှူဒါန်း ပေးနေတာဗျ။ အခု ဆောင်းအဝင်ဆိုတော့ အနွေး ထည်တွေ အလှူခံတာ၊ အဲဒီထဲမှာ ကွန်မန်ဒို အဝတ်အထည်ထုတ် ပါလာတယ်။ အဲဒီ အထုတ် ဓါတ်ပုံနဲ့လာပြီး ဖမ်းတာ “ဟု အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပါဂျဲရိုးကား နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အသင်းသူ အသင်းသားများကိုလည်း “မင်းတို့ သေချင်ရင် လိုက်ခဲ့”ဟု ခြိမ်းခြောက်သွားသည်ဟု ဆိုသည်။အဖမ်းခံရသည့် အသင်း ဥက္ကဋ္ဌသည် ယခုည ၇ နာရီခွဲတွင် နန်းမြို့တွင်း စစ်ကြောရေး စခန်းသို့ ရောက်ရှိနေကြောင်း အ သင်းတာဝန်ရှိသူက ပြောသည်။

၂၀၁၄ ခုနှစ်တွင် အသင်းသူ အသင်းသား ၃၂ ဦးဖြင့် စတင် တည်ထောင်ခဲ့သော ရွှေမဟာနွယ် ပရဟိတအသင်းသည် လူမှုပရဟိတ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်ကာလ အတွင်း၌လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည်။အသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရခြင်းကြောင့် အသင်းသူ အသင်းသားများက စိုးရိမ်နေကြပြီး အသင်းဝင် အချို့လည်း ရှောင်တိမ်းနေကြသည်။mizzima

ရွှေဘိုတွင် တူမီးသေနတ် ကိုင်ဆောင်သွားလာနေသော စစ်ကောင်စီခန့် အုပ် ချုပ် ရေးမှူး စိုးနိုင်နှင့် သရက်ချောင်းမှ စစ်ကောင်စီ သတင်း ပေးဟု သတ်မှတ်ခံရသူ စိုးနိုင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် စောင်တန်းကျေးရွာတွင် နေထိုင်သော တူမီး သေနတ် ကိုင်ထားသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးနိုင်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် စောင်တန်းရွာ တောင်ဘက်ရှိ လယ်ကွင်း တစ်နေရာတွင် ရွှေဘို မိုးကြိုးမုန်းတိုင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

“သူက ပျူစောထီးအဖွဲ့ခေါင်းဆောင်လည်း ဟုတ်တယ်။ စစ်ခွေးတွေခန့်တဲ့ အုပ်ချုပ်ရေးမှူးလည်း ဟုတ်တယ်။ တူမီးကိုင်ပြီးတော့ ကျေးရွာတွေကို တော် တော်ဒုက္ခပေးနေတဲ့ ရွာမှာရှိတဲ့ အိမ်တွေကိုလည်း တစ်အိမ် ၅ဝဝဝ မပေးမနေရဆိုပြီး သေနတ်ပြပြီး လိုက်ကောက်နေတာ” ဟု ဒေ သ ခံပြည်သူတစ်ဦးကရန်ကုန်ခေတ်သစ်မီယာသို့ ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်စုက အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ရာအိမ်မှူးဟောင်း စိုးနိုင်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁နာရီခန့်တွင် ဒေသခံပြည်သူ ကာ ကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်း ပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အဆိုပါ ရာအိမ်မှူးဟောင်း စိုးနိုင်သည် ကျောက်လှေ ကားရွာရှိ ၎င်းပိုင်ဆိုင်သော ရောဘာခြံသို့ သွားရောက်စဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို ကျည် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit

ပုလဲမြို့တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကောင် စီတပ်ကို အရာတော် ARA က မိုင်းဆွဲတိုက် ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အရာတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပုလဲမြို့နယ်မှာ ဒီနေ့မနက် ၉ နာရီနဲ့ မွန်းတည့် ၁၂ နာရီတို့မှာ ကျောက်သလင်းတောင်အဆင်း မြစ်ကျတံတားနားနဲ့ ကျောက်ပုံကွေ့နားမှာ တိုက်ဖြစ်ပွားခဲ့တာလို့ ပုလဲပြည်သူကာကွယ်ရေးအဖွဲ့ ဗိုလ်နဂါးက ပြောပါတယ်။

“ကျနော်တို့ မိုင်းထောင်တာကို လာရှင်းတဲ့အချိန်  မနက် ၉ နာရီလောက်ပေါ့ မိုင်းခွဲလိုက်တာ။ ပစ်ခတ်တာတော့ ခဏပါပဲ။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး။ နောက် တကြိမ်က နေလယ် ၁၂ နာရီလောက် ကျောက်ပုံကွေ့မှာ ထပ်ဖြစ်တယ်။ ဒေသကျွမ်းကျင်တာကို အသုံချခဲ့တာကြောင့် အကျဆုံးမရှိဘူး။ သူတိုဘက်ကတော့ အကျဆုံးများ လိမ့်မယ်။  အတိကျတော့ မပြောနိုင်သေးဘူး။” 

ပုလဲမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့အတွက်  နိုဝင်ဘာ ၁၅ ရက်မှာ  စစ်ကောင်စီဘက်က သံချပ်ကာ ကား ၃ စီး၊ စစ်ကားအကြီးအစီး ၄၀ လောက်နဲ့ ပုံတောင်ပုံညာဘက်ကနေ  အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အရာတော်မြို့နယ်မှာလည်း အိုင်လျားရွာနဲ့နောင်ကြီးအိုင်မြောက်ပိုင်းကို မွှေနှောက် ဖျက်ဆီး ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက နောင်ကြီးအိုင်ရဲစခန်း အဝင်ဝမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) ပြန်ကြားရေးက ပြောပါတယ်။

“နောင်ကြီးအိုင်မြောက်ပိုင်းက အရင်နေ့က ဖမ်းခံရတဲ့ အိမ်တွေကို ထပ်မွှေပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်စိတ်ပါ။ ရဲစခန်းအဝင်မှာ စောင့်ပြီး ဆွဲလိုက်တာ ၇ ယောက်လောက် အမိအရထိ ပါတယ်။ သေဆုံးတော့ အတိအကျ မသိရသေးဘူး” 

အခုလို ရဲစခန်းရှေ့ထိ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နောင်ကြီးအိုင်လမ်းမပေါ်မှာ ဖမ်းဆီးစစ်ဆေး တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)ဟာ အကြမ်းဖက်စစ်တပ်ကို ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၉၀ လောက်အထိ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။DVB

« Older Entries