စစ်ကောင်စီကို ပုန်ကန်သူ ရဲတပ်သားအချို့ဦးဆောင်မည့် ပြောက်ကျားတပ်ဖွဲ့ 

နိုင်ငံတဝန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ခုခံတော်လှန်မှုများ အရှိန်မြင့်သထက် မြင့်တက်လာချိန်တွင် “ပထမဆုံးနယ်မြေစိုးမိုးမှုရှိအောင် လုပ်မယ်” ဟု ဆိုလာသူတစ်ဦးမှာ စစ်ကောင်စီကို ပုန်ကန်နေသူ ရဲတပ်သား ကိုပြည့်စုံဖြစ်သည်။

ကိုပြည့်စုံနှင့်အတူ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ရဲတပ်သားအချို့ ဦးဆောင်ကာ မကြာသေးမီက ပြောက်ကျား တပ်ဖွဲ့စည်းခဲ့သည်။ မြေလတ်ပြောက်ကျားအဖွဲ့ဟု အမည်ပေးထားသည့် ၎င်းတို့အဖွဲ့သည် ချင်းပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း အ နောက်မြောက်ဒေသတွင် ခြေကုပ်ရယူရန် ရည်မှန်းထားသည်။

“တစ်နေရာသိမ်းနိုင်လည်း တစ်နေရာသိမ်းပြီး လှုပ်ရှားမယ်။ နယ်မြေစိုးမိုးမှုရှိလာပြီဆိုရင် ထောက်ပို့ကိစ္စ တွေ အဆင်ပြေသွားပြီ။ အခွင့်သာရင်သာသလို ဝင်တိုက်လို့ရတယ်။ သူတို့ (စစ်ကောင်စီ) အတွက်လည်း အဟန့်အတားဖြစ်လာမယ်” ဟု ၎င်းတို့ပြောက်ကျားတပ်ဖွဲ့၏ ရည်မှန်း ချက်အကြောင်း စစ်ကောင်စီကို ပုန်ကန်သူ ရဲတပ်သားကိုပြည့်စုံက ပြောပြခြင်းဖြစ်သည်။

ထိုပြောက်ကျားတပ်ဖွဲ့ကို ကိုပြည့်စုံနှင့်အတူ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့် ရဲတပ်သားအချို့ ဦးဆောင်မည်ဖြစ် သည်။ ထိုလူငယ်ရဲတပ်သား လူငယ်များမှာ အချုပ်ထဲ တန်းရောက်နိုင်သည်ကိုသိလျက် မတရားမှုကို လက်မခံဘဲ ပြည်သူဘက်မှ ရပ်တည်ခဲ့ကြသူများဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးတစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မကွေးမြို့၌ ဆန္ဒပြလူအုပ်ကို စစ်ကောင်စီက ရေအမြှောက်ကားဖြင့် ဖြိုခွဲစဉ် ကိုပြည့်စုံ၊ ဇော်ထက်လင်းနှင့် တေဇာထွန်းဆိုသူ ရဲတပ်သားသုံးဦးက ၎င်းတို့ကိုင်ဆိုင်ထားသော ဒိုင်းများဖြင့် ဆန္ဒပြသူများကို ကာကွယ်ပေးခဲ့သည်။ ထိုဖြစ်ရပ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ 

“ပြည်သူ့ရဲ ပြည်သူ့ရဲ” ဟူသော အော်ဟစ်အားပေးသံများက ထိုရဲတပ်သားသုံးယောက်ကို ခြေမကိုင်မီ လက်မကိုင်မီဖြစ်စေခဲ့သည်။ ဒိုင်းများ၊ တုတ်များဖြင့် ပြည်သူကို ရန်မူလိုစိတ်များ ပျောက်ကွယ်ခဲ့ရသည်ဟု ရဲတပ်သားကိုပြည့်စုံက ပြန်ပြောင်းပြောပြသည်။

“Water Cannon (ရေအမြှောက်) နဲ့ထိုးတာ။ အမေအရွယ်တွေ မျက်ရည်ကျနေတာကို မြင်ရတော့ တဆက်ဆက်တုန်နေတာ။ ဘယ်သူ့ကိုလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ တုတ်တွေ၊ ဒိုင်းတွေ ပစ်ချလိုက်တာ။ အမေအအရွယ်တွေက ငိုယိုပြီး သားတို့ရယ် မလုပ်ပါနဲ့ တောင်းပန်နေကြတာ။ သူတို့ မျက်ရည်ကျနေတာကို မခံစားနိုင်ဘူး” ဟု ဖေဖော်ဝါရီ ၉ ရက်နေ့က အဖြစ်အပျက်အပေါ် ကိုပြည့်စုံက ပြောသည်။

ဆန္ဒပြလူအုပ်ကို ဖြိုခွင်းရန် တာဝန်ကျနေသော်လည်း စစ်ကောင်စီအမိန့်ကို နာခံနေရသော ရဲတပ်ဖွဲ့ကို ရဲတပ်သားလေးသုံးယောက်က ပုန်ကန်လိုက်သည်။ 

“အမိန့်ဆိုတာ တရားသောအမိန့်လား၊ မတရားသောအမိန့်လား ခွဲခြားရတာပေါ့” ဟု ကိုပြည့်စုံက ဆိုသည်။ 

တာဝန်ကျရဲတပ်သားတစ်ဦး၏ စစ်အာဏာသိမ်းမှု အတွေ့အကြုံ

မကွေးတိုင်းရဲတပ်ဖွဲ့ရုံး၊ အကူတပ်ဖွဲ့ခွဲတွင် တာဝန်ကျနေရင်း စစ်အာဏာသိမ်းမှုနှင့် လူထုဆန္ဒပြပွဲ များကို ကိုယ်တိုင်ကြုံတွေ့ပြီးနောက် ရဲတပ်ဖွဲ့ကို စွန့်ခွာခဲ့သူ ရဲတပ်သားကိုပြည့်စုံ။ (ဓာတ်ပုံ − Supplied)

ရဲတပ်သား ကိုပြည့်စုံမှာ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မကွေးတိုင်း လွှတ်တော်ရုံး ဝင်ရောက်စီးနင်းရာ၌ တာဝန်ကျခဲ့သူဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်အင်အား ၆၈ ဦးအနက် ၎င်းတို့ရဲတပ်သား သူငယ်ချင်းသုံးဦးလည်း အပါအဝင်ဖြစ်သည်။

အာဏာမသိမ်းမီ ည ၁၂ နာရီဝန်းကျင်တွင် တပ်မ ၈၈ ဗျူဟာမှူးနှင့် တိုင်းရဲတပ်ဖွဲ့ ဦးလှိုင်းတင့်တို့ တွေ့ဆုံပြီးနောက် လက်နက်ထုတ်ရန် အမိန့်ကျလာသည်ဟု ဆိုသည်။ 

“လုံခြုံရေးထွက်ရမယ်လို့ ပြောတယ်။ အဲဒီအချိန်ထိ ဘာတွေဖြစ်နေတာလဲပေါ့။ ကိုယ်ဟာကိုယ် ပြန်စဉ်းစားတယ်။ ပင်ပန်းနေပြီ။ ဘာတွေလုပ်နေမှန်း မသိဘူးပေါ့” ဟု ထိုညက ကြုံတွေ့ရပုံကို ကိုပြည့်စုံက ပြောသည်။

လွှတ်တော်ရုံးကို ဝင်ရောက်စီးနင်းရာတွင် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးရပြီး နိုင်ငံရေးသမားများကို ဖမ်းဆီးခြင်းကို တပ်မ ၈၈ က ဆောင်ရွက်ခဲ့ကာ နံနက် ၂ နာရီမှ ၅ နာရီခွဲအထိ လုံခြုံရေးယူပေးခဲ့ရသည်ဟု ကိုပြည့်စုံက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အပြတ်အသတ်အနိုင်ရခဲ့သည့် ရွေးကောက်ပွဲရလဒ် သည် ပြည်သူများ၏ ဆန္ဒအစစ်အမှန်ဖြစ် သည်ဟု ယုံကြည်ထားသော်လည်း မဲစာရင်းအကြောင်းပြ၍ စစ်တပ်က အာဏာသိမ်းလိုက်သည့်အပေါ်  နားမလည်နိုင်ဖြစ်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

လွှတ်တော်ရုံးအတွင်း လုံခြုံရေးတာဝန်ယူပြီးနောက် တိုင်းရဲတပ်ဖွဲ့ရုံးကို ပြန်လည်ထွက်ခွာလာချိန်ထိ စစ်တပ်က အာဏာသိမ်သည်ကို ရဲတပ် သားကိုပြည့်စုံတစ်ယောက် တိတိပပ မသိသေးပေ။ နံနက် ၇ နာရီခွဲ တွင် လုံခြုံရေးထွက်ရန် လူစုခေါ်ချိန်မှ ရဲဘော်များအချင်းချင်း တီးတိုးပြောရာမှတဆင့် အဖြစ်မှန်ကို သိခဲ့ရသည်ဟု ကိုပြည့်စုံက ဆိုသည်။ 

“သူများနိုင်ငံတွေမှာဆို ဒီမိုကရေစီလည်းဖြစ်တယ်။ ပြည်သူကလည်း ရဲတပ်ဖွဲ့ကို လုံခြုံမှုပေးတယ်။ အဲဒီလို ဟာမျိုးတွေက အာဏာသိမ်းလိုက်တော့ ဖြစ်မလာတော့ဘူး။ အာဏာသိမ်းလိုက်ပြီဆိုတော့ ဟာ..ဟင်ဆိုပြီး အဲဒီနေ့ တစ်နေ့လုံးလည်း ထမင်းစားလို့မရဘူး” ဟု ၎င်းက ပြော သည်။

“အဲဒီနေ့ကတည်းက ကျွန်တော်တို့သုံးယောက် (ရဲတပ်သားသူငယ်ချင်းသုံးယောက်) က ပြည်သူတွေနဲ့ ဘယ်နေ့ရပ်တည်မလဲဆိုတာ ညတိုင်းတိုင်ပင်တယ်” ဟု ကိုပြည့်စုံက ဆက်ပြောသည်။ 

မကွေးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုများ စတင်သည့် ဖေဖော်ဝါရီ ၆ ရက်မတိုင်မီ၌ ရဲတပ်သားကိုပြည့်စုံတစ်ယောက် မီးခိုးဗုံးသေနတ် (ဖြိုခွင်းရေးသုံးသေနတ်) တစ်လက်ကိုင်၍ လမ်းမများပေါ် လုံခြုံရေးယူခဲ့ရသည်။ ညစဉ်ညတိုင်း သူငယ်ချင်းဖြစ်ကြသည့် ရဲတပ်သားဇော်ထက်လင်း၊ တေဇာထွန်းတို့နှင့် ရဲတပ်ဖွဲ့က ထွက်ပြေးနိုင်ရေး တိုင်ပင်ကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထွက်ပြေးရန် အကြမ်းဖျဉ်းရက်သတ်မှတ်ထားလိုက်ကြသည်။ 

ရဲတပ်သားကိုပြည့်စုံသည် စစ်ကောင်စီကို ပုန်ကန်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြသခြင်း မပြုမီကတည်းက စစ်အာဏာသိမ်းမှုကို လက် မခံနိုင်ကြောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မကွေးမြို့၌ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပထမဆုံး ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့သည်။ မကွေးတက္ကသိုလ်အနီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့သည်။ ထိုသို့ လမ်းပိတ်ဆို့ထားစဉ် လူထုကို ရိုက်နှက်ခြင်း၊ ပစ် ခတ်ခြင်း မလုပ်ရန် ကိုပြည့်စုံက အတူရှိနေသည့် ရဲတပ်သားများကို သတိပေးခဲ့သည်ဟု ဆိုသည်။ 

“ရဲဘော်တွေကို ပြောထားတာ။ မင်းတို့လည်း မပစ်နဲ့။ ငါလည်း မပစ်ဘူး။ ဝင်လည်း မရိုက်နဲ့ပေ့ါ။ ရိုက်တဲ့လူ၊ ပစ်တဲ့လူ ငါပြန်ပစ်မှာလို့။ အဲဒီနေ့ကတော့ ဘာမှ မဖြစ်လိုက်ဘူး။ လမ်းတွေဘာတွေပိတ် တာလောက်ပဲဖြစ်ခဲ့တာ” ဟု သူက ပြောသည်။ 

တိုင်းရဲတပ်ဖွဲ့မှူးအမိန့်ဖြင့် ပိတ်ဆို့ထားသည့်လမ်း ပြန်ဖွင့်ပေးပြီးနောက် ထိုနေရာမှပြန်လည်ထွက်ခွာ စဉ် ကိုပြည့်စုံက ရဲတပ်ဖွဲ့ကားပေါ်နေမှနေ ၍ မသိမသာ လက်သုံးချောင်းထောင်ပြခဲ့သည်။ 

ရဲကားပေါ်မှနေ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်သုံးချောင်းထောင်ပြခဲ့သူ ရဲတပ်သားမှာ မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲတပ်သားပြည့်စုံဖြစ်သည်။ (ဓာတ်ပုံ − Supplied) 

ရဲတပ်ဖွဲ့ကို စွန့်ခွာခြင်း 

ရဲတပ်ဖွဲ့မှ ထွက်ပြေးရန် ကိုပြည့်စုံတိုင်ပင်ထားသူများမှာ သူငယ်ချင်းများဖြစ်ကြသည့် ရဲတပ်သား ဇော်ထက်လင်းနှင့် တေဇာထွန်းတို့ဖြစ် သည်။ ရဲတပ်သား ဇော်ထက်လင်းမှာ သူနှင့်တစ်နယ်တည်းသာ ပေါက်မြို့နယ်မှဖြစ်သည်။ တေဇာထွန်းမှာမူ ချောက်ဇာတိဖြစ်သည်။ 

၎င်းတို့သုံးဦးလုံးမှာ အသက် ၂၀ ကျော်အရွယ် လူငယ်များဖြစ်ကြပြီး ရဲတပ်ဖွဲ့လက်လှမ်းမမီနိုင်သည့် တစ်နေရာရာကို ပြေးရန်စဉ်းစားထားကြသော်လည်း ဘယ်အရပ်ကိုပြေးရမှန်း ရေရေရာရာ မဆုံးဖြတ်နိုင်ကြပေ။ 

ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းတော့မည့်အကြောင်း ပေါက်ကြားလာသည့် ကြေးနန်းအရ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ကိုပြည့် စုံတို့ ရဲတပ်သားများ သိထားသည်။ နောက်တစ်ရက်တွင် မကွေးမြို့တောင်တွင်းလမ်းပေါ်၌ ဆန္ဒပြလူထုကို လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဲတပ်ဖွဲ့က ရေအမြှောက်ကားဖြင့် စတင်ဖြိုခွင်းချိန်တွင် ကိုပြည့်စုံတို့ ရဲတပ်သားသုံးယောက်က အမိန့်ကိုဖီဆန်ကာ လူထုနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ရေအမြှောက်ကားဖြင့် ပစ်ခတ်ဖြိုခွင်းနေစဉ် ၎င်းတို့သုံးဦးက ပြည်သူများဘက်မှနေ၍ ဒိုင်းများဖြင့် ဝင်ကာပေးခဲ့သည်။ 

“ကျောင်းသားတွေ၊ ပြည်သူတွေ ခံနေရတာကို မခံစားနိုင်လို့။ အပြစ်ရှိလို့ အပြစ်ပေးတာလည်း မဟုတ်ဘူး။ ဘာမှအပြစ်မရှိတဲ့သူတွေကို ရေ ပိုက်နဲ့ထိုး၊ အပြစ်ပေးနေနတာကို မလိုလားဘူး။ အပြစ်မရှိတဲ့သူတွေကို ထိခိုက်အောင်လုပ်တာက လုံခြုံရေးပိုင်းနဲ့လည်း မသက်ဆိုင်ဘူး။ သူတို့ စိတ်ဆန္ဒအရကို လုပ်နေတာ” ဟု ထိုနေ့ကအဖြစ်အပျက်ကို ကိုပြည့်စုံက ပြောသည်။

“ကျွန်တော်တို့ သုံးယောက်က  လုံခြုံရေးအဖွဲ့ရဲ့ နောက်ဆုံးမှာ။ ရှေ့ကားက ရေကုန်တော့မှာ။ ဓာတုဓာတ်ငွေ့တွေပါတယ်။ မျက်စိထဲဝင်တာများရင် မျက်စိကန်းနိုင်တာတွေအထိဖြစ်နိုင်တယ်။ ကြာကြာတောင့်မခံနိုင်အောင် လုပ်ထားတာမျိုးတွေ၊ ယားယံစေတာမျိုးတွေ ဖြစ်နိုင်တာပေါ့။ ထိတာများရည် အရေပြားတွေလည်း လောင်နိုင်တာပေါ့။ အဲဒါကြောင့် ဝင်ကာတာ” ဟု ကိုပြည့်စုံက ရှင်းပြသည်။

ထိုသို့ ပြည်သူများဘက်မှနေ၍ ဒိုင်းဖြင့်ဝင်ကာပေးသည့် ရဲတပ်သားသုံးဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက လိုက်ဆွဲသည်။ သူတို့ကလည်း ပြန်လိုက်ရန် ငြင်းဆန်သည်။ တချိန်တည်း၌ပင် ပြည်သူများကို ဝင်ကာသည့် ရဲသုံးယောက် အဖမ်းမခံရစေရန် ဆန္ဒပြပြည်သူများက လူပင်လယ်ကြီး အတွင်းသွင်းကာ ကာကွယ်လိုက်ကြသည်။ 

“နိုင်ငံ့ဝန်ထမ်းတွေဟာ အခုလိုပူးပေါင်းပါဝင်တယ်ဆိုတာ သူတို့ရဲ့ ဘဝတွေမျှော်လင့်ချက်မဲ့သွားနိုင်တာကို ယုံကြည်မှုနဲ့ လာရောက်ပူးပေါင်းတာဖြစ်တဲ့အတွက် လာရောက်ပူးပေါင်းတဲ့ ရဲတပ်သားတွေကို လုံးဝဖိအားမပေးပါနဲ့။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်တော်တို့အသက်နဲ့လဲပြီး ထပ် တူကာကွယ်ပေးဖို့ ကျွန်တော် လေးလေးနက်နက်တောင်းဆိုပါတယ်” ဟု ဆန္ဒပြသူများကို ဒိုင်းဖြင့်ဝင်ကာပေးသည့် ရဲများ နှင့်ပတ်သက်၍ မ ကွေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးဖြစ်သူ ဦးနေမျိုးကျော်က ဆန္ဒပြပွဲအတွင်း လူထုကို တိုက်တွန်းခဲ့သည်။ 

ထိုနေ့က ဆန္ဒပြပွဲအပြီး လူစုကွဲချိန်တွင် ရဲတပ်သားကိုပြည့်စုံတို့ သူငယ်ချင်းသုံးယောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ လုံခြုံရာ၌ ပုန်းအောင်းနေထိုင်ခဲ့သည်။ စခန်းကိုပြန်လာရန်နှင့် အမှုပေါ့အောင်လုပ် ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ဖုန်းဖြင့်ဆက်သွယ်ကာ မက်လုံးပေးပြောဆိုလာသော် လည်း ကိုပြည့်စုံတို့ သူငယ်ချင်းသုံးယောက်က စိတ်တူကိုယ်တူ ငြင်းပယ်ခဲ့ကြသည်။ 

မတ်လတွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရေး ရှေ့ခရီးဆက်ရန် ရဲတပ်သားကိုပြည့်စုံတို့ သူငယ်ချင်းသုံးယောက် လူစုခွဲလိုက်ကြသည်။ 

စစ်ကောင်စီကို ခုခံတော်လှန်ရန် အင်အားစုဖွဲ့ခြင်း 

ရဲတပ်ဖွဲ့ကို စွန့်ခွာကာ လူစုခွဲလိုက်ပြီးနောက် ရဲတပ်သားကိုပြည့်စုံတို့ သူငယ်ချင်းသုံးယောက် လ အတန်ကြာ အဆက်သွယ်ပြတ်တောက်သွားခဲ့သည်။ ယခုအခါတွင် ၎င်းတို့အချင်းချင်း အဆက်အ သွယ်ပြန်ရပြီဖြစ်ကာ စစ်ကောင်စီကို ပြန်တိုက်ရန် ပြင်ဆင်စုဖွဲ့လျက်ရှိကြသည်။

“ထွက်လာကာစက တိုက်ဖို့အထိ ရည်ရွယ်ချက် မရှိဘူး။ သူငယ်ချင်းတွေက သင်တန်းသွားတက်ကြတယ်။ ကျွန်တော်ကို အကြောင်းမကြားဘူး။ သူတို့နဲ့ ပြန်အဆက်သွယ်ရတော့မှ ဖွဲ့တာ။ ငါတို့တွေလည်း တိုက်နိုင်တာပဲ။ လူပျိုလူလွတ် ဘာမှငဲ့စရာမရှိဘူး။ ကိုယ့်ထက်ငယ်တဲ့ကလေးတွေတောင် တိုက်နေတဲ့အခါကျတော့ ကျွန်တော်လည်း တစ်ထောင့်တစ်နေရာကနေ တိုက်ချင်တာပဲ။ CDM ဆိုတာနဲ့ မလုံလောက်တော့ဘူး” ဟု ကိုပြည့်စုံက ပြောသည်။

ရဲတပ်သားကိုပြည့်စုံ၏ ဇာတိ ပေါက်မြို့နယ်တောင်ပိုင်းတွင် ဇူလိုင်လအတွင်း စစ်ကောင်စီက ကျေးရွာ အချို့ကို ဝင်ရောက်စီးနင်းကာ ဒေသခံများဖမ်းဆီးနှိပ်စက်ခြင်း၊ မီးရှို့ခြင်းများ ပြုခဲ့သည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များနှင့် ထိတွေ့ကာ အပြန်အလှန်တိုက်ခိုက်မှုများလည်း ဖြစ်ပွားရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည်။ 

ကိုပြည့်စုံသည် ပေါက်မြို့နယ်တောင်းပိုင်း၌ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးနေရသည့် ရွာသားများအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပို့ဆောင်ပေးလေ့ရှိသူဖြစ်သည်ဟု ပေါက်မြို့နယ် ဝန်ခြုံရွာသားတစ်ဦးက ပြောသည်။ 

“သူထွက်လာပြီး (ရဲတပ်ဖွဲ့ကထွက်လာသည့်အချိန်) အ​စောပိုင်းတွေတုန် PDF တွေနဲ့ ရောက်ရောက်လာတယ်။ ဆေးထိုးဖို့လိုရင် သူက ဆရာ ဝန်တွေ ခေါ်လာတယ်။ ထောက်ပို့လုပ်တာပေါ့” ဟု ၎င်းက ပြောသည်။

မကွေးမြို့ဆန္ဒပြပွဲတွင် အကြမ်းဖက်ဖြိုခွင်းခံနေရသည့် ပြည်သူများကို ဒိုင်းဖြင့်ဝင်ကာခဲ့သည့် ရဲတပ်သားသုံးဦးအနက် နှစ်ဦးမှာ ပေါက်နယ်သားဖြစ်ကြောင်း သိရသောအခါ ဂုဏ်ယူမိသည်ဟု ပေါက်မြို့နယ် ဇီးတောရွာသားတစ်ဦးက ဆိုသည်။ 

“ဆန္ဒပြပွဲတုန်းက ဒိုင်းနဲ့ကာတဲ့ ရဲသုံးယောက်ထဲမှာ ကိုယ်မြို့နယ်ထဲက နှစ်ယောက်ပါတယ်ဆိုတော့ ကိုယ့်မှာ ဂုဏ်ယူတာပေါ့။ တော်လှန်ရေးမှာလည်း သူ(ကိုပြည့်စုံ) ပါမှန်းမသိဘူး။ မထင်မှတ်ဘဲ သူတို့နဲ့ လက်တွဲလုပ်ရတော့ ပိုပြီးတော့ ဂုဏ်ယူတာပေါ့” ဟု ၎င်းက ပြောသည်။ 

အထက်ပါ ဇီးတောရွာသားသည် စက်တင်ဘာလဆန်းပိုင်းတွင် ကိုပြည့်စုံနှင့် စတင်ရင်းနှီးကျွမ်းဝင်ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ ၎င်းသည် မြေ လတ်ပြောက်ကျားအဖွဲ့တွင် ပါဝင်တိုက်ခိုက်မည့်သူတစ်ဦး လည်းဖြစ်သည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပြသူများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် လူငယ်အများအပြား လက်နက်ကိုင်ခုခံတော်လှန် ရေးလမ်းစဉ်နောက် လိုက်ခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများ၌ တာဝန်ကျ နေ သူ ရဲနှင့် စစ်သားများလည်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ 

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် ရဲတပ်ဖွဲ့ကို စွန့်ခွာခဲ့သည့် ရာနှင့်ချီသော ရဲတပ်ဖွဲ့များတွင် ရဲတပ်သားတစ်ဦးဖြစ်သူ ကိုပြည့်စုံလည်း အပါအဝင်ဖြစ်သည်။ 

မကွေးတိုင်း ပေါက်မြို့နယ်ဇာတိ ကိုပြည့်စုံမှာ ၂၀၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ မိတ္ထီလာရှိ ရဲတပ်ရင်း ၃၅ မှ ရဲတပ်သားတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ် ဖားကန့်မြို့ရှိ လုံးခင်းနယ်မြေရဲစခန်းနှင့် မိမိဇာတိ ပေါက်မြို့နယ် ကိုင်လည်ရွာရဲစခန်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၂၀ ရွေးကောက် ပွဲမတိုင်မီ ငါးလအလိုတွင် မကွေးတိုင်းရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ ၁၂ သို့ ပြောင်းရွှေ့ တာဝန်ကျခဲ့ရာမှ အာဏာသိမ်းမှုနှင့် ဆန္ဒပြဖြိုခွင်းမှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်သည်။

ရဲတပ်ဖွဲ့ကို စွန့်ခွာပြီးနောက် မကွေးတိုင်းအတွင်း ကျန်နေခဲ့သူ ကိုပြည့်စုံတစ်ယောက် ဇူလိုင်လတွင် ကွဲကွာနေသော သူငယ်ချင်း ရဲတပ်သားဖြစ်ကြသည့် ဇော်ထက်လင်း၊ တေဇာထွန်းတို့နှင့် ပြန်လည်အဆက်အသွယ်ရခဲ့သည်။

“သူတို့နှစ်ယောက်ကလည်း ကွဲသွားကြတာ။ စစ်သင်တန်းတက်မှ ပြန်ဆုံကြတယ်ပြောတယ်။ အခု ဇော်ထက်လင်းက ရှေတန်းတစ်နေရာမှာ။ ငါ ရှေ့တန်းမှာ တိုက်နေပြီတဲ့။ ငါကိုင်တဲ့ သေနတ်ပြမယ်ဆိုပြီး ဗုံးပစ်လောင်ချာပြတာ။ သူက အဲဒါကို တအားကြိုက်တာ။ အဲဒါကနေ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ပြန်လုပ်မယ်ဆိုပြီး စီစဉ်နေတာ” ဟု သူငယ်ချင်းများနှင့် ပြန်လည်စုဖွဲ့ဖြစ်ပုံကို ကိုပြည့်စုံက ပြောသည်။

ယခုအခါ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းရှိရာ နယ်မြေရောက်ရှိနေသည့် သူငယ်ချင်းရဲတပ်သား များနှင့်အတူ လက်နက်ကိုင်တော်လှန် ရေး အစီအစဉ်ကို ကိုပြည့်စုံဆွေးနွေးတိုင်ပင်လျက်ရှိသည်။ ၎င်းတို့နှင့်အတူ အခြား CDM ရဲတစ်ဦးနှင့် CDM ကျောင်းဆရာများ ပူးပေါင်းပါဝင်မည်ဟု သိရသည်။ 

“လက်နက်အင်အား မပြည့်စုံသေးသည့်အတွက် မလုပ်နိုင်သေးဘူး။ လောလောဆယ် လက်နက်မရှိတော့ အခက်အခဲအများကြီးရှိနေတယ်။ လက်လုပ်တွေတော့ ရှိတာပေါ့။ ဒါပေမယ့် ကောင်းတာလေးရှိတော့ လုပ်ရတာ ပိုအဆင်ပြေနိုင်တာပေါ့” ဟု ကိုပြည့်စုံက ဆိုသည်။

အဆက်အသွယ်တစ်ခုမှတဆင့် ၎င်းတို့ဝယ်ယူထားသည့် ကျပ်သိန်း ၃၀၀ တန်ကြေးရှိ လက်နက်ခဲယမ်းများမှာ ယခုလဆန်းပိုင်း မန္တလေးမြို့တွင် အဖမ်းခံရသဖြင့် ဆုံးရှုံးခဲ့ရသည်။ လတ်ရှိတွင် စစ်ကောင်စီကို ပုန်ကန်သူ ရဲတပ်သားများဦးဆောင်မည့် မြေလတ်ပြောက်ကျားအဖွဲ့မှာ စစ်ကောင်စီသတင်းပေး ဒလန်ရှင်းလင်းရေးကိုသာ ဆောင်ရွက်နိုင်သေးသည်ဟု ဆိုသည်။ 

၎င်းတို့မြေလတ်ပြောက်ကျားအဖွဲ့အနေဖြင့် ပေါက်မြို့နယ်ရှိရာ မကွေးတိုင်းအနောက်မြောက်ဒေသတွင် ခြေကုပ်ရယူလျက် အခြားနီးစပ်ရာ မြို့နယ်များမှ PDF များနှင့်ပူးပေါင်းက စစ်ကောင်စီကို တစ်ဆင့်ချင်း ခုခံတိုက်ခိုက်သွားရန် ရည်မှန်းထားသည်။

“ကျွန်တော်တို့ အဆုံးထိတိုက်မှာ။ CDM ကြောင့် သူတို့ (စစ်ကောင်စီ) ယန္တရားရပ်တန့်မည်ထင်ခဲ့တာ။ အကုန်လုံး CDM မပါတော့ ခုချိန်ထိ မရပ်တန့်ဘူး။ မအောင်မြင်သေးဘူးပေါ့။ အဲဒီအခါကျတော့ အဆုံးထိသွားဖို့ပဲရှိတယ်။ အားလုံးရဲ့ပန်းတိုင်က စစ်ကောင်စီပြုတ်ကျဖို့ပဲ” ဟု အာ ဏာသိမ်းစစ်ကောင်စီကို ပုန်ကန်နေသူ ရဲတပ်သား ကိုပြည့်စုံက ဆိုလိုက်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s