ပို့ကုန်သွင်းကုန်နှင့်ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သက် သေထွက်ဆိုမည်

စစ်ကောင်စီက ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတွေနဲ့ စွဲထားတဲ့ အမှုတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ သက်သေအဖြစ် ထွက်ဆိုသွားဖို့ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒီကနေ့ရုံးချိန်းမှာ တရားသူကြီးက ဒီအမှုနှစ်ခုအတွက် သက်သေစာရင်းတင်ဖို့ ရှိ မရှိ မေးမြန်းခဲ့ပြီး သက်သေတင်ပြဖို့ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုကို နိုဝင် ဘာလ ၁၅ ရက်နေ့က နေပြည်တော်ကောင်စီဝန်းအတွင်းက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုနှစ်ခုအတွက် မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့မှာ အတိုင်ပင်ခံကိုယ်တိုင်သက်သေအဖြစ်ထွက်ဆိုမှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့ နှစ်ဖက်အပြီးသတ်လျှောက်လဲချက် တင်သွင်းရမှာဖြစ်ပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုပေါင်း ၁၁ မှုထိရှိပြီး ရှေ့နေတွေကိုလည်း အမှုတွေနဲ့ပတ်သက်လို့ ဖြေကြားခွင့် ပိတ်ပင်ထားပါတယ်။ အမှုအများစုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သက်သေအဖြစ်ခုခံချေပနေတာဖြစ်ပြီး အမှု ၁၁ ခုကို ဆက်တိုက်ခုခံနေရတဲ့အတွက် တချို့အမှုတွေကို ၂ ပတ်ခြားတစ်ခါရုံးချိန်းခေါ်ပေးဖို့ ရှေ့နေအဖွဲ့က တရားရုံးကို တင်ပြခဲ့ပေမယ့် တရားရုံးက အမှုတွေကို ဆက်တိုက်ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။DVB