မန္တလေးက ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ်ကို စစ်ကောင်စီက ဖမ်းဆီး

မန္တလေးမြို့ရှိ ရွှေမဟာနွယ် ပရဟိတ သွေးလှူအသင်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ် (ခ) ဒေါ်နွယ်နွယ်ဝင်းကို စစ်ကောင်စီက ယနေ့ ဖမ်းစီးသွားကြောင်း အဆိုပါအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။အောင်မြေသာစံမြို့နယ်၊ ၂၅လမ်း၊ အရှေ့မြို့ ပတ်လမ်းထောင့်၊ မဟာဇေယျာဘုံ အပိုင်း(၂)၊ သရက်ကုန်း ကွက်သစ်တွင် တည်ရှိသည့် အဆိုပါ အဖွဲ့ရုံးသို့ နိုဝင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်များက အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အသင်းက မိဘမဲ့တွေ စစ်ဘေးရှောင်တွေကို အဝတ်အထည်တွေ လှူဒါန်း ပေးနေတာဗျ။ အခု ဆောင်းအဝင်ဆိုတော့ အနွေး ထည်တွေ အလှူခံတာ၊ အဲဒီထဲမှာ ကွန်မန်ဒို အဝတ်အထည်ထုတ် ပါလာတယ်။ အဲဒီ အထုတ် ဓါတ်ပုံနဲ့လာပြီး ဖမ်းတာ “ဟု အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပါဂျဲရိုးကား နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အသင်းသူ အသင်းသားများကိုလည်း “မင်းတို့ သေချင်ရင် လိုက်ခဲ့”ဟု ခြိမ်းခြောက်သွားသည်ဟု ဆိုသည်။အဖမ်းခံရသည့် အသင်း ဥက္ကဋ္ဌသည် ယခုည ၇ နာရီခွဲတွင် နန်းမြို့တွင်း စစ်ကြောရေး စခန်းသို့ ရောက်ရှိနေကြောင်း အ သင်းတာဝန်ရှိသူက ပြောသည်။
၂၀၁၄ ခုနှစ်တွင် အသင်းသူ အသင်းသား ၃၂ ဦးဖြင့် စတင် တည်ထောင်ခဲ့သော ရွှေမဟာနွယ် ပရဟိတအသင်းသည် လူမှုပရဟိတ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်ကာလ အတွင်း၌လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည်။အသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရခြင်းကြောင့် အသင်းသူ အသင်းသားများက စိုးရိမ်နေကြပြီး အသင်းဝင် အချို့လည်း ရှောင်တိမ်းနေကြသည်။mizzima