အမေရိကန်သတင်းစာဆရာ Danny Fenster ထောင်ကလွတ်မြောက်

အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား သတင်းစာဆရာ Danny Fenster ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၅) တွင် ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster မှာ ယနေ့ (နိုဝင်ဘာ ၁၅) မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်ကာ ပြည်နှင်ဒဏ်ပေးခံ ရခြင်းဖြစ်ကြောင်း ၎င်းလုပ်ကိုင်ခဲ့သည့် Frontier Myanmar မဂ္ဂဇင်းတာဝန်ရှိသူက အတည်ပြုသည်။

စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် တရားစွဲဆိုထားသည့်  Danny Fenster မှာ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်ပြီး အိမ် (မိသားစုရှိရာ အမေရိကန်နိုင်ငံ) ပြန်လာနေပြီဖြစ်ကြောင်း မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ဝါရင့် အမေရိကန်သံတမန်ဟောင်း Bill Richardson က အတည်ပြုပြောကြားသည်ဟု အမေရိကန် AP သတင်းဌာနက ရေးသားထားသည်။ 

“ပြန်လွတ်လာပါပြီ။ အခု လေယာဉ်ပေါ်ရောက်နေပြီလို့ သိရတယ်။ Deported ( ပြည်နှင်ဒဏ်ပေးခံရခြင်း) လုပ်ခံရတာပါ” ဟု Frontier Myanmar မဂ္ဂဇင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဆန်နီဆွေက Myanmar Now ကို အတည်ပြုသည်။ 

Myanmar Now သတင်းဌာနတွင် အင်္ဂလိပ်ပိုင်းစာတည်းအဖြစ်၂၀၂၀ နှစ်လယ်ထိလုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းတွင် နောက်ပိုင်းပြောင်းရွှေလုပ်ကိုင်ခဲ့သော အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်မှ Danny Fenster ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေကို ဖောက်ဖျက်မှုများဖြင့် စွပ်စွဲကာ လွန်ခဲ့သည့် အပတ်က ထောင် ၁၁ နှစ်ချမှတ်ခဲ့သည်။ 

ထို့ပြင် ၎င်းအား အနှစ် ၂၀ ထိ အမြင့်ဆုံးအပြစ်ပေးနိုင်သော နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ ဖြင့်လည်း တရားစွဲဆိုထားခဲ့သည်။ 

၎င်းအား စွဲဆိုသည့်ပုဒ်များတွင် လဝကစွပ်စွဲချက်မှလွဲ၍ ကျန်သည့် ပုဒ်မများမှာ Myanmar Now သတင်းဌာနတွင် အာဏာသိမ်းပြီးနောက် ပိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟုဆိုကာ Myanmar Now သတင်းဌာန မြန်မာလူမျိုး အယ်ဒီတာ ၃ ဦးနှင့်အတူ စွဲဆိုထားခြင်းဖြစ်သည်။ 

စစ်တပ်က အာဏာမသိမ်းမီ ၆ လကျော်ကတည်းက Danny Fenster မှာ Myanmar Now မှ အလုပ် ထွက်ထားသူ ဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့သော်လည်း ထိုလျှောက်ထားချက်များကို မျက်ကွယ်ပြု၍ စစ်တပ်၏ တရားရုံးက ၎င်းအား ထောင်ဒဏ်များချမှတ်ထားခြင်းဖြစ်သည်။ 

Danny Fenster မှာ ပြီးခဲ့သည့် မေလ ၂၄ က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း နေပြည်တော်သို့ နိုင်ငံတကာသံတမန်တချို့ လာရောက်လျက်ရှိရာ စစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ ဂျပန်အစိုးရ၏ အ ထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဆာဆာကာဝါနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုဝင်ဘာ ၁၃ တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s