မြို့နယ်အချို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီကန့်သတ်နေ 

နိုင်ငံတစ်ဝန်းတွင် ခုခံတော်လှန်မှုများ အရှိန်မြင့်တက်နေချိန်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ဆိုင်ကယ်ကို အဓိကထား၍ အသုံးပြုသည့် မြို့နယ်အချို့တွင် အာဏာသိမ်းစစ်ကောင်စီက အမျိုးသားများ ဆိုင်ကယ်စီးနင်းခြင်းကို ကန့်သတ်လျက်ရှိသည်။ 

တနင်္သာရီတိုင်း ထားဝယ်မြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မန္တလေးတိုင်းအတွင်း တောင်သာ၊ ကျောက်ပန်းတောင်းနှင့် မိတ္တီလာမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး စီးခွင့်မပြု၊ တစ်ဦးသာ ရမည်၊ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး စီးနင်းလျှင် အမျိုးသားမောင်းနှင်ရမည်၊ အ မျိုးသမီးနှစ်ဦးဆိုပါက ခွင့်ပြုသည်၊ မလိုက်နာလျှင် သေနတ်ဖြင့် ပစ်မည် စသဖြင့် အမျိုးမျိုးအထွေထွေသော စည်းကမ်းများ ချမှတ်နေသည်။ 

Facebook တွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ ပြန့်နေသည့် ရုပ်သံဖိုင်တစ်ခုအရ မိတ္ထီလာမြို့အတွင်း ဆိုင်ကယ်စီးနင်းသူဦးရေ သတ်မှတ်ချက်ကို အထက်ပါအတိုင်း လိုက်လံကြေညာနေသည်ကို တွေ့ရသည်။

မလိုက်နာပါက နိုဝင်ဘာ ၁၆၊ ၁၇ ဆိုလျှင် ဆိုင်ကယ်သိမ်းမည်၊ ၁၈ ရက်နောက်ပိုင်းတွင် “ဒီစည်းကမ်းများ ဖောက်ဖျက်ပါက ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည် ခင်ဗျာ” ဟု သတိပေးသည်ကို ထိုရုပ်သံ၌ တွေ့ရသည်။

မိတ္ထီလာကဲ့သို့ပင် တောင်သာနှင့် မုံရွာတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လူစည်ကားသော နေရာများတွင် ဆိုင်ကယ်များတား၍ ထိုသို့ကန့်သတ်လိုက်ကြောင်း အသိပေးနေပြီး ယနေ့(နိုဝင်ဘာ ၁၅) အထိ ပညာပေးကာလ သတ်မှတ်ထားသည်ဆိုကာ အရေးယူမှုမရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထို့အတူ နိုဝင်ဘာ ၁၁ ရက်က နေရာသုံးခု၌ ပေါက်ကွဲမှုများဖြစ်ပြီးနောက် ညနေပိုင်း၌ ကျောက်ပန်းတောင်းမြို့တွင်လည်း အလားတူ ဆိုင်ကယ်စီးသူဦးရေ ကန့်သတ်ကြောင်း လိုက်လံကြေညာသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများခင်ဗျား။ ဆိုင်ကယ်စီးလျှင် အမျိုးသားလူငယ်ဆိုလျှင် တစ်ဦးတည်း စီးနင်းရမည်။ အ မျိုး သမီးဆိုလျှင် နှစ်ယောက်စီးနင်းနိုင်သည်။ သက်ကြီးရွယ်အိုများ၊ လူကြီးများကို တင်ဆောင်ပါက နှစ်ယောက်စီးနင်းနိုင်သည်”ဟု ကြေညာကြောင်း ၎င်းက ပြောသည်။

ထိုနေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု၊ စစ်တပ်ပိုင် အင်းဝဘဏ်ရှိ လုံခြုံရေးဂိတ်၊ အ.ထ.က ၂ ကျောင်းတွင် အ ခြေစိုက်သည့် စစ်တပ်ယာယီစခန်းတစ်ခုတို့ ဗုံးဖြင့် တိုက်ခိုက်ခံရကြောင်း၊ နောက်နှစ်ရက် (အောက်တို ၁၃) တွင် မြို့နယ်စည်ပင်ရုံး၌ ဗုံးလေး လုံးကွဲကြောင်း ထိုသူ့ထံမှ သိရသည်။

ထားဝယ်မြို့၌မူ ထိုသို့ ကန့်သတ်ချက်ကို တရားဝင်လိုက်လံကြေညာခြင်းမရှိသော်လည်း မြို့နေလူထု စုပေါင်းအသုံးပြုသည့် Facebook စာမျက်နှာတစ်ခုတွင် ထိုသို့ကန့်သတ်သည်ဆိုသော အမိန့်စာတစ်ခု ပြန့်နေသည်ဟု ဒေသခံအချို့က ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၅) နံနက်တွင် အ.ထ.က ၂ ကျောင်းရှေ့၌ ဆိုင်ကယ်တစ်စီးတည်း စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးက ထိုးကြိတ်ကာ နောက်တစ်ကြိမ်မစီးရန် သတိပေးခဲ့သည်ဟု ကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အတူ ယမန်နေ့ (နိုဝင်ဘာ ၁၄) ကလည်း ဝဲကျွန်း ညောင်ရမ်းရပ်ကွက် စကိတ်ကွင်းအနီးတွင် ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဒဏ်ကြေးတောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးသွားသည်ဟု ထိုသူကပင် ပြောသည်။

ထားဝယ်မြို့ခံ အထက်ပါ သတင်းရင်းမြစ်မှာ စစ်ကောင်စီနှင့် ပတ်သက်သည့် အချက်အလက်များကို မှတ်တမ်းတင်နေသူဖြစ်သည်။ သို့သော် ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသို့ကန့်သတ်မှုများနှင့် ပတ်သက်၍ အမိန့်ညွန်ကြားချက် မရှိကြောင်း၊ တပ်ဖွဲ့ဝင်များ ထိုသို့လုပ်နေသည်ဆိုသော သတင်းများကို သူမသိကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့ ရဲမှူးအောင်စိုးက ပြောသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့မူ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

သယ်ယူပို့ဆောင်ရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုသည့် နေရာများတွင် ထိုသို့ လိုက်လံကန့်သတ်၊ ခြိမ်းခြောက်နေခြင်းမှာ စားဝတ်နေရေးနှင့် လူနေမှုဘဝကို အကြီးအကျယ်ထိခိုက်နစ်နာစေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ငွေညှစ်နိုင်သည့် အခွင့်အလမ်းများစေသည်ဟု မိတ္ထီလာမြို့ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်သားနဲ့ ရဲတွေကျတော့ နှစ်ယောက်ရော၊ သုံးယောက်ရော စီးနေကြတာပဲ၊ ပြည်သူတွေကိုကျတော့ ယောက်ျားလေးနှစ်ယောက် မစီးရဘူးတဲ့။ အဓိက ဒုက္ခရောက်တာက ဆိုင်ကယ်ကယ်ရီသမားတွေရယ်၊ ရွာတွေကနေ မြို့ပေါ်တက် ဈေးဝယ်သွားလာကြသူတွေပဲ”ဟု ၎င်းက ပြော သည်။

ဆိုင်ကယ်စီးဦးရေကို ကန့်သတ်ထိန်းချုပ်လိုက်ခြင်းဖြင့် ၎င်းတို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ လျော့နည်းသွားမည်ဟု စစ်ကောင်စီက မျှော်လင့်နေပုံရကြောင်း တောင်သာမြို့ခံတစ်ဦးက သုံးသပ်သည်။

“သူတို့ ဦးနှောက်က ဒီလောက်ပဲ မီတော့တယ် ထင်ပါတယ်။ ပြည်သူကို ပြန်ငဲ့ညှာတာ မရှိတော့ဘဲ သူတို့ဆန္ဒရှိရင် အကုန်လုပ်တော့တာပဲ။ ဒါတွေက ပြောနေလဲ အပိုဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ထိုလုပ်ရပ်ကို လက်မခံနိုင်သည့် ပြည်သူအများအပြားက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြချိန်တွင် စစ်တပ်ဘက်ကလည်း ဧည့်စာရင်း၊ ခရီးသွားထောက်ခံစာ စသည့် အုပ်ချုပ်ရေးနည်းလမ်းအ သွယ်သွယ်ကို သုံး၍ တန်ပြန်နေသည်။

ထိုသို့ ထိန်းချုပ်ထားသည့်တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်လာနေပြီး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများ သတ်ဖြတ်ခံနေရသလို အစိုးရရုံးဌာနများတွင် ပေါက်ကွဲမှုများလည်း နေ့စဉ်မပြတ်ရှိနေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s