Monthly Archives: Nov 2021

ဓနုဖြူမြို့ အထက (၁) ကျောင်းလမ်းအနီးက ရဲလိုင်းခန်းတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ အထက (၁)ကျောင်းလမ်း အနီးရှိ ရဲလိုင်းခန်းထောင့်တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့် အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။အဆိုပါ ပေါက်ကွဲမှုကို ဓနုဖြူမြို့ပြ ပြောက်ကျားတပ်ဖွဲ့(ဓနုဖြူ STF )က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံများနှင့် စစ်ကောင်စီအား ထောက်ခံနေသော ရဲမိသားစုများအား သတိပေးသော အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဓနုဖြူ STF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဓနုဖြူမြို့ပေါ်လမ်းများတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ည ၆ နာရီခန့်အချိန်တွင် ရပ်ကွက်များအတွင်း ဝင်ရောက်၍ မတရားဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောသည်။ mizzima

ကနီမြို့နယ် ကျေးရွာ ၄ ရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး၊ ရွာသားများ အိုးအိမ်စွန့်ခွာထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဲဒင်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၄ ရွာကို  စစ်ကောင်စီတပ်တွေက  နိုဝင်ဘာ ၁၆ ရက်ဒီနေ့ မနက်ခင်း ၁၁ နာရီခွဲလောက်က  ဝင်ရောက်လာတာကြောင့် ရွာသားတွေ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။ 

စစ်ကောင်စီတပ်တွေက ရွာထဲဝင်လာပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေ မွှေနှောက်ပြီး ရွာသားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်သွားကြတယ်လို့  ‌ဒေသခံတွေထံက သိရပါတယ်။

ကျွန်းရွာမှာ နေထိုင်တဲ့ ကျေးရွာသူတဦးက “ ကျမတို့ရွာဆီကို ပထမ ကနီမြို့ဘက်ကနေ ကျွန်းရွာကို အရင်ရှာဖွေတာတွေ လုပ်တယ်။ ဘာရှာဖွေတယ်ဆိုတာလဲ မသိဘူး။ သူတို့လုပ်သွားတာက ဒေသခံအိမ်တွေထဲဝင်တယ်။ နောက်ပြီး သေတ္တာတွေ သော့ဖျက်ပြီး ရှာဖွေတယ်။ နောက်တခုက ကျမတို့ ‌ထမင်းချက်စားတဲ့ ဆန်တွေနဲ့ဆီကို သူတို့လိုချင်သလောက်ယူတယ်။ ကျန်တဲ့အိမ်တွေက ဆန်နဲ့ ဆီတွေကို မြေပြင်ပေါ် အကုန်ပစ်ကျဲ သွန်ပစ်ထားခဲ့ကြတာ။ ကျမတို့  ကျွန်းရွာကတော့ ထွက်သွားပြီရှင့်။ အခု မဲဒင်ကျေးရွာထဲ ဝင်ရောက် မွှေနောက်ရှာဖွေတာတွေ လုပ်နေတယ်။” လို့ပြောပါတယ်။ 

ဒေသခံရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ ဖမ်းဆီး သတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက် ပြေး တိမ်းရှောင်နေခဲ့ကြတယ်လို့ သိရပါတယ်။ 

“စစ်ကောင်စီတပ်က ပြည်သူကို ပြည်သူလို့ သဘောမထားဘူး။ အခုလည်းကြည့်လေ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အိမ်တွေ၊ ဆန်တွေ၊ ဆီတွေနဲ့ အိမ်ထောင်ပရိဘောဂတွေ ဖျတ်ဆီးစရာလား။ သူတို့ကို ကျမတို့ပြည်သူတွေက ဘယ်သူမှ ဘာမှမလုပ်ဘဲနဲ့။ ဒါသက်သက် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာ။ သူတို့ကတွေ့တဲ့လူအကုန်ဖမ်းဆီးတယ်။ လူသာဒိုင်းအဖြစ် ပထမသုံးတယ်။ အဲဒီလို လူသားဒိုင်းအဖြစ် သုံးပြီးတာနဲ့  ခေါင်းတေ့ပြီး သေနတ်နဲ့ ပစ်သတ်ထားခဲ့တဲ့ အရင်ဖြစ်စဉ် သာဓကတွေလည်းရှိခဲ့တော့ အကုန်ကြောက်ပြီးထွက်ပြေးရတာဖြစ်တယ်”လို့ ရွာသူ တစ်ဦးက ပြောပါတယ်။ 

မဲဒင်ကျေးရွာအုပ်စုမှာ မဲဒင်‌ရွာမ၊ မဲဒင်‌မြောက်ရွာ၊ ကျွန်းရွာ၊ စာဖိုကြီးရွာဆိုပြီး ကျေးရွာ ၄ ရွာရှိကာ အဆိုပါကျေးရွာတွေဟာ ကနီမြို့နဲ့ အ ထက်ဘက်  ၂ ဖာလုံလောက် ကွာဝေးကာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်မှာ တည်ရှိတာလဲ ဖြစ်ပါတယ်။DVB

ရန်ကုန်၊ မင်္ဂလာဒုံ လေတပ်စခန်း ဂိတ်တွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ လေတပ်စခန်း ဂိတ်အမှတ် (၂) ၌ ယနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီ ၅၂ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မင်္ဂလာဒုံမြို့နယ် လေတပ်စခန်း ဂိတ်အမှတ် (၂) ကို ကျွန်တော်တို့အဖွဲ့ ရှို့ပစ်နဲ့ ဝင်ပစ်ခဲ့တာပါ။ နှစ်ယောက်သေတယ်လို့ သတင်းရပါတယ်။ လက်လုပ်မိုင်းပါဗျ။ ရှို့မှိုင်းပါ။ ဂိတ်က လမ်းသွယ်ထဲက ရထားသံလမ်းဘေးမှာ ရှိတာပါ”ဟု ဖောက်ခွဲမှု လုပ်ခဲ့သည့် Dictator Revolt Front အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေ ဆုံး ကြောင်း ကနဦး သိရပြီး အသေးစိတ်ကို မသိရသေးပေ။ mizzima

သေနတ်ပစ်ခံရသည့် မင်္ဂလာဒုံမြို့နယ်က ရာအိမ်မှူးအမျိုးသမီး တာဝန်မှ နုတ်ထွက်

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်(ဘိုခြံ)က ရာအိမ်မှူးဒေါ်အောင်နန္ဒာဝင်းဟာ နိုဝင်ဘာ ၁၅ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီး ဒီနေ့မှာတော့ တာဝန်ကနေ နုတ်ထွက်စာတင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရာအိမ်မှူးဒေါ်အောင်နန္ဒာဝင်း (ခ) ပူစူးမဟာ မနေ့က  အမည်မသိ သေနတ်သမားရဲ့ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခံရပြီး အသက်မသေဘဲ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်ခံရပြီးတဲ့နောက် မိသားစုအရေးနဲ့ ကျန်းမာရေးကြောင့်လို့ဆိုပြီး တာဝန်ကနေ နုတ်ထွက်သွားတာပါ။ ဒါ့အပြင် သူ တာဝန်ထမ်းဆောင်တဲ့ ကာလတလျှောက်မှာ အများထိခိုက်စေတဲ့ ဘယ်အလုပ်မှ မလုပ်ခဲ့ဘူးလို့လည်း အသိပေးခဲ့ကြောင်း  ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်နန္ဒာဝင်းကို မနေ့က ဘယ်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

စစ်တပ်နယ်မြေဖြစ်တဲ့  မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာလအတွင်း ရပ်ကျေး အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားသူတွေ  ဆက်တိုက်နုတ်ထွက်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီဒေါက်တိုင်တွေကို ပစ်ခတ်ဖောက်ခွဲမှု ခပ်စိပ်စိပ်ပြုလုပ်ပါတယ်။DVB

ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူရွာအနီး လယ် ကွင်းများဘက်သို့ စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့်ပစ်ခတ်

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအနီးရှိ လယ်ကွင်းများဘက်သို့ ယ‌မန်‌နေ့ နို၀င်ဘာလ ၁၅ရက် ည ၉နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကရင်နီအမျိူးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ် ပြန်သည်။

” လက်နက်ကြီးနဲ့ သုံးလုံးပစ်တာ ဘုရားဖြူမှာကပထမဆုံးအပစ်ခံရတာ ၊ ညဘက်ဆို‌ တော့ ဘယ်ဘက်ကနေပစ်လဲ သေချာမသိရဘူး။ မိုး‌ဗြဲကနေပစ်တဲ့ပုံပဲ။ လောလောဆယ် ဒီးမော့ဆိုဘက် စစ်လေယာဉ်တွေနဲ့ စစ်အင်အားလာဖြည့်တာ သတင်းရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်မှ ပြန်ကြားရေးတာ၀န်ခံက မဇ္ဈိမကိုပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် ရွာတိုင်းစစ်ဘေးရှောင်နေကြရပြီး နို၀င်ဘာလ ၁၁ ရက်အထိ ထူးလွှီးဘီလာ ကျေးရွာနှင့် ပဒုံငံကျေးရွာတွင် နှစ်ဖက်တိုက် ပွဲများ ပြင်းထန်ခဲ့ပြီး လက်ရှိတွင်ငြိမ်သက်နေသော်‌လည်း စစ်‌ကောင်စီတပ်ဖွဲ့က စစ်အင်အားတိုးချဲ့လာခြင်း၊ အသင့်နေရာယူထားခြင်းများရှိနေကြောင်း သိရသည်။ mizzima

ကယားတွင် စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် စစ်ရှောင်များ ရိက္ခာပြတ်လပ်

ကရင်နီ (ကယား)ပြည်နယ်မှာ စစ်ကောင်စီက နိုဝင်ဘာ ၃ ရက်နေ့ကစပြီး စားနပ်ရိက္ခာသယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ  ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး စစ်​ကောင်စီက  ပြည်နယ်အတွင်း လုပ်ငန်းရှင်တွေကို အစည်းအဝေး တရပ်ခေါ်ယူပြီး  ပြည်နယ်အတွင်း စား နပ်ရိက္ခာ အထူးသဖြင့် ဆန်သယ်ယူမှုကို ကန့်သန့်လိုက်တာကြောင့် အခုလို အခက်အခဲကြုံနေကြတာပါ။

ပြည်နယ်အတွင်း ဆန်အိတ် ၃ ပုံးအိတ် ၁၀ အိတ်နဲ့အထက် သယ်ယူပါက မြို့နယ်အုပ်ချုပ်​ရေးရုံးကို ​တင်ပြ​တောင်းဆို ခွင့်ပြုချက်ရရှိမှသာ သယ်ယူပို့​ဆောင်ရမယ်လို့ တားမြစ်ထားပြီး ​ဖောက်ဖျက်ပါက ပြင်းထန်စွာ အ​​ရေးယူခံရမယ်ဆိုပြီး ပြောထားပါတယ်။

ဒီအတွက် စစ်ရှောင်စခန်းတွေအတွက် ဆန်ဝယ်ယူ သယ်ဆောင်ရာမှာ အခက်အခဲဖြစ်လာပြီး စားနပ်က္ခာ ပြတ်လပ်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“အဲဒါတွေ ကျနော်တို့အတွက်တကယ်စိုးရိမ်စရာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့စစ်ဘေးရှောင်က ကျနော်တို့ ကယားပြည်နယ်ထဲမှာ ဖယ်ခုံမြို့အပါအဝင် ၁သိန်း ၁ သောင်း အထက် ရှိတဲ့အခါမှာ ကျနော်တို့က လူတယောက်ကို နို့ဆီဘူး ၂ ခွက်စားတဲ့အချိန်မှာ တလအတွင်း ဆန်အိတ်ပေါင်း ၁၄၄၀ ကုန်မယ်။ ဆိုတော့ တရက်ကို ၁၀ အိတ်ပဲ သယ်လို့ရတယ်ဆိုတော့ အကြမ်းဖြင့် အိတ် ၃၀၀ လောက်ပဲ သယ်လို့ရမှာပါ့။ တစ်လကို ကျနော်တို့က ခွဲပြီးပို့တာရှိတယ်။ ဒါပေမယ့် အဓိက မိန်းလမ်းမကို ဒီးမော့ဆိုအရှေ့ခြမ်း ဖရူဆို၊ လွိုင်ကော် အရှေ့ဘက်ခြမ်း အဲဒါအားလုံးပေါင်းလိုက်ရင် လိုအပ်ချက်က ဆန်အိတ်က ၁၄၄၀ လိုတာ။ အကယ်၍ အကန့်အသတ်ပေါ်မှာပဲ မူတည်ပြီးသယ်ရင် နောက်ပိုင်းဆိုရင် ကျနော်တို့စိုးရိမ်တာက စားနပ်ရိက္ခာ ပြတ်လပ်မှုကို ချက်ချင်းဖြစ်ပေါ်စေနိုင်တယ်။”

ဒါ့အပြင် ဒေသတချို့မှာ စပါးမစိုက်ဘဲ တခြားသီးနှံစိုက်ပျိုးတဲ့ ကျေးရွာတွေရှိသလို ရိတ်သိမ်းလို့မရတော့တဲ့ စပါးခင်းတွေနဲ့ သီးနှံခင်းတွေရှိတဲ့အတွက် အိုင်ဒီပီတွေအပြင် ဒေသခံတွေလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် အဖွဲ့ဝင်တဦးကလည်း အခုနောက်ပိုင်း စစ်ရှောင်တွေကို ကူညီပေးရတာ ပိုမိုခက်ခဲလာနေသလို စစ်ရှောင်ဦးရေကလည်း တိုးလာနေတယ်လို့ ပြောပါတယ်။

“ပထမအချက်က အကူအညီဆောင်ရတဲ့ လူတွေအနေနဲ့က သွားဖို့လာဖို့ လုံခြုံမှုမရှိဘူး။ မြို့ထဲမှာ ပစ္စည်းတွေဘာတွေ သွားဝယ်ရတာလည်း ကျနော်တို့လူတွေ မကြာမကြာ အဖမ်းခံရတာရှိသလို စစ်ရှောင်အတွက် ပစ္စည်းသယ်ယူဖို့နေရာမှာ လုံခြုံမှုတွေ သိပ်မရှိဘူး။ နောက်တချက်ကတော့ စစ်ဘေးရှောင်တွေက တရက်ပြီး တရက်ပိုတိုးလာတယ်။ အထူးသဖြင့် ဒီရက်ပိုင်းမှာ ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်တွေ တော်တော်လေး ဒုက္ခရောက်နေတယ်။ အခု ကျနော်တို့ကူညီသလောက်ဆိုရင် အဓိက စားစရာ ဆန်ရယ်၊ အနွေးထည်တွေ အလောတကြီးလိုနေတယ်ပေါ့။”

ကယားပြည်နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီရင်း အဖမ်းဆီးခံရသူ ၇ ဦး ထက်မနည်းရှိပြီး သူတို့တွေဟာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရသူတွေကတော့ ကိုသက်မှူးအောင်၊ ကိုကလယ်မင်းဦး၊ ကိုဇင်လင်းထက်၊ ကိုစိုင်းလင်းလင်းဦး၊ မမေဇင်ထူး၊ မနန္ဒဦးခင် နဲ့ ဖယ်ခုံမြို့နယ်က တဦးဖြစ်ပြီး သူတို့ထဲက ၄ ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး နောက် ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ စွဲဆိုထားတယ်လို့ ဆိုပါတယ်။

အလားတူ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ တခြားလူမှုကူညီရေး အဖွဲ့ဝင်တချို့ လည်း ဖမ်းဆီးခံရမှုတွေရှိလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ စစ်ရှောင်တွေကို ကူညီဖို့ အရမ်းအန္တရာယ်များတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန် ရက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အခု စစ်ရှောင်ကူညီဖို့အတွက် အရမ်းအန္တရာယ်များတဲ့အချိန်ပေါ့နော်။ မြို့ထဲသွားလာရတာလည်း အဆင်မပြေဘူး၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်။ ပုဒ်မ ၅၀၅ နဲ့လည်း မထင်ရင်မထင်သလိုစွဲတယ်။ စစ်ကောင်စီအနေနဲ့ ပုဒ်မတွေနဲ့ မထင်ရင် မထင်သလို စွဲတယ်။ ဒီလိုစိန်ခေါ်မှုတွေကျတော့ ဒီတလမှာ အခက်ခဲဆုံးအချိန်လို့ ကျနော်တို့ကတော့ ထင်တယ်။ ”

စစ်အာဏာသိမ်းပြီးနောက် ကယာပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒီနေ့အချိန်ထိ စစ်ရှောင် ၁၃၀,၀၀၀ ကျော် ရှိနေတယ်လို့ ကူညီကယ် ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။DVB

စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ် ၂ စီးကို ယင်းမာပင်-PDF ကြားဖြတ်တိုက်ခိုက်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာ-ယင်းမာပင်-ပုလဲကားလမ်းအတိုင်းထွက်ခွာလာသည့် စစ်ကောင်စီ၏ ထောက်ပို့ကုန်တင်ကား နှစ်စီးကို ယင်းမာပင်မြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်က ဖိုဝင်တောင်၏ မြောက်ဘက်တစ်နေရာ၌ မိုးဆွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီမှ ထောက်ပို့ယာဉ်အဖြစ် အသုံးပြုနေသည့် အဆိုပါ အရပ်ဘက်သုံး ကုန်တင်ယာဉ် နှစ်စီးသည် နိုဝင်ဘာ ၁၅ ရက်က မုံရွာမြို့မှ ပုလဲမြို့ဘက်သို့သွားခဲ့ပြီးယနေ့ ပုလဲမြို့မှ မုံရွာမြို့သို့ပြန်လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရောက်သွားတော့ အဲနားမှာ သွေးကွက်တွေလည်း အိုင်နေတယ်။ ကျွန်တော်တို့ မရောက်ခင် နာရေးကားတွေက အရင်သယ်သွားပြီ။ တစ်စီးမိတယ်။ ကျန်တဲ့တစ်စီးကတော့ လွတ်သွားတယ်ပေါ့။ မိတဲ့တစ်စီးကို ပစ္စည်းတွေသိမ်းဖို့ စစ်ဆေးနေတုန်း နောက်ကသူတို့စစ် ကြောင်းက စစ်ကူလာလို့ ကျွန်တော်တို့ နောက်ပြန်ဆုတ်လိုက်ရတယ် ” ဟု ယင်းမာပင်-PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ယင်းမာပင်နယ်ထဲသို့ ခြေလျင်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကြားသိထားရပြီး စစ်ရေးတင်းမာသည့် အနေအထားဟုလည်း ၎င်းက ပြောသည်။ပုလဲ-PDF နှင့် ဆားလင်းကြီး-PDF များမှ မိုင်းဆွဲ တိုက်ခိုက်သောကြောင့် ထိ ခိုက်ထားသည့် စစ်ကောင်စီယာဉ်တချို့နှင့် တပ်ဖွဲ့ဝင်တချို့မှာလည်း ပုလဲဘောလုံးကွင်းတွင် နေရာယူထားကြောင်းဆိုသည်။ထို့အပြင် ပုလဲနှင့် ယင်းမာပင်သွားရာလမ်းရှိ အချို့နေရာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ ရှိနေသေးကြောင်းသိရသည်။ mizzima

ရွှေဘိုမြို့က အခွန်းရုံးနှင့် မြဝတီဘဏ် ဗုံးခွဲတိုက်ခိုက်ခံရ ရဲ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အကောက်ခွန်ရုံးနဲ့ မြဝတီဘဏ်တို့ကို နိုဝင်ဘာ ၁၆ ရက်  ဒီကနေ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေး ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ဝင်ငွေရှာပေးနေတဲ့ ရွှေဘိုမြို့အခွန်ရုံးကို ဗုံးခွဲခဲ့ပြီး‌ တဆက်တည်း နေ့လယ်လောက်မှာ  စစ်အုပ်စုပိုင် မြဝတီဘဏ်ကို လုံခြုံရေးယူနေတဲ့ သဲအိတ်ဘန်ကာထဲကို ဩဇာသီးတစ်လုံးပစ်ပေးခဲ့တယ်” လို့  PDF Shwebo ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြဝတီဘဏ် ဘန်ကာထဲက လုံခြုံရေး ရဲ ဝန်ထမ်း နှစ်ယောက် သေဆုံးတယ်လို့ မြို့ခံတွေ အတည်ပြုပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရုံးတွေနဲ့နီးတဲ့ နေရာတွေသွားလာတာ မပြုလုပ်ကြဖို့ ရွှေဘိုမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သ တိ ပေးထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့ မြဝတီဘဏ်မှာ ဇူလိုင် ၂၃ ရက်နေ့ကလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး  ရဲနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။DVB

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို SSTF ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ ၁၆ ရက် ညနေ ၃နာရီဝန်းကျင်တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Salingyi Special Task Force ( SSTF )အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဗန်းမော်-ယင်းမာပင်လမ်းမပေါ် အင်ကြင်းတောင်လမ်းခွဲတွင် စစ်ကောင်စီ၏ ကားလေးစီးပါယာဉ်တန်း၏ ရှေ့ဆုံးမှ ကားတစ်စီးကို ပထမအ ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ဒုတိယ အကြိမ်တွင် ဖိုလ်ဝင်တောင် လမ်းခွဲတွင် ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “သူတို့တွဲကားတစ်စီး အရင်ထွက်လာတယ်။ အရင်ထွက်လာတဲ့ကားကို အရင်ဆွဲလိုက်တာ၊ ပြီးတော့ နောက်က သုံးစီး ထပ်တက်လာတယ်။ အဲဒီ သုံးစီးကိုလည်း ထပ်ဆွဲလိုက်တယ်။

ကြားထဲက ပြည်သူ့ကားတစ်စီးတော့ ထိသွားတယ်။ နောက်ကနေ ကြောက်တာနဲ့ ရှေ့ကိုတိုးလာတာ တိုးရင်းနဲ့ လူတစ်ယောက်ခိုက်မိသွားတယ်။ မုံရွာဆေးရုံကြီးကို ပို့ထားတယ်” SSTF အဖွဲ့တာဝန်ရှိသူက ပြောသည်။အဆိုပါ မိုင်းဆွဲတိုက်မှုနှင့် တစ်ပြိုင်တည်း နီးပါးအချိန်တွင် ဖိုလ်ဝင်တောင်လမ်းခွဲနှင့် လယ်ငေါက် လမ်းခွဲနေရာများတွင်လည်း စစ်ကောင်စီ၏ ကားတန်းနှင့် ခြေလျင်တပ်များကို တတိယ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

“ပထမတစ်ကြိမ်နဲ့ အချိန်တူတူလောက်ပဲ။ သေဆုံး ဒဏ်ရာရတာတော့ အတိအကျတော့မသိဘူး။ လေးယောက်သေတာတော့ တွေ့လိုက်တယ်”ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။အဆိုပါ သုံးကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စုစုပေါင်း ထိခိုက်၊ သေဆုံးသူ အရေအတွက်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ mizzima

« Older Entries Recent Entries »