စစ်ကောင်စီတပ်က PDF ဆန့်ကျင်ရေးစာများ လမ်းဘေးတွင် လိုက်ကပ်

ယမန်နေ့ (နိုဝင်ဘာ ၁၆) မှစ၍ စစ်ကောင်စီတပ်က PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်နွယ်သည်ဟု ယူဆခံရသူတို့၏ နေအိမ်များကို သိမ်းမည်ဟု မန္တလေးတွင် စာကပ် ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“PDF နေအိမ်များကို သိမ်းမည်၊ ကျေးရွာများကို ရွှေ့ပြောင်းပစ်မည်၊ အကြမ်းဖက် NLD ပါတီ” စသည့် စာသားများပါဝင်သည့် စာရွက်များကို ချမ်းမြသာစည်၊ အမရပူရ စသည့် မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကပ်ထားခြင်းဖြစ်သည်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် PDF တို့ကို တိုက်ခိုက်ရေးသားထားသည့် လက်ကမ်းစာစောင်များကိုလည်း စစ်ကောင်စီက ဖြန့်ဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ခံနေထိုင်ခွင့်ပြုသည့်ကျေးရွာများကို စုစည်းရွာအဖြစ် သတ်မှတ်ပြီး ရွှေ့ပြောင်းမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း မြန်မာပြည်အလယ်ပိုင်းအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ခြိမ်းခြောက်တာပါပဲဗျ။ သူတို့က PDF ကို ချေမှုန်းဖို့ လုပ်နေတာပဲလေ။ ကျွန်တော်တို့ကတော့ သူတို့ ဘာလုပ်လုပ် စိတ်မဝင်စားဘူး။ ဘာကြေညာချက်ထုတ်ထုတ်၊ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါပဲ။ အခုဆို ကျွန်တော်ဆို နေရာ ၂ ခု ချိတ်ပိတ်ခံထားရတာ” ဟု  သူက မှတ်ချက်ပြုသည်။

PDF ကို ထောက်ခံမှု နည်းပါးအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယမန်နေ့က အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အဆိုပါစာရွက်များ လာကပ်သည့် စစ်သားတို့က စာရွက် ဆုတ်ဖြဲ၊  ခွာယူပါက ရွာကို လာမွှေမည်ဟု ခြိမ်းခြောက်ခဲ့ကြသည်ဟု သိရသည်။

ယနေ့ မနက်တွင် စစ်ကောင်စီတပ်သားများ ကမ္ဘဲ့ကျေးရွာသို့ ရောက်လာပြီး ဒေသခံများကို စာရွက်ဖျက်ဆီးသည်ဟု စွပ်စွဲ ရိုက်နှက်သွားသည်ဟု အမရပူရမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ကျွန်တော်သိသလောက်တော့ ရွာ ၇ ရွာ လောက်ကို ကပ်တာမှာ ကမ္ဘဲ့(ရွာ)က စာရွက်တချို့ ဆုတ်ဖြဲခံရတယ်။ မနေ့က ကြိမ်းသွားတဲ့ကြားထဲက ဆုတ်ဖြဲခံရတော့ ဒီနေ့မနက်ကတည်း စစ်သားတွေ ရွာထဲ ရောက်လာပြီး ရွာကို ပိတ်၊ တွေ့သမျှ ရွာသားတွေ ခေါ်စစ်၊ ရိုက်နှက်ပဲ၊ အဲ့ဒီဘက်ကို လုံးဝသွားမရဘူး”ဟု ထိုအမျိုးသားက ပြောသည်။

စစ်သားတို့ လိုက်ကပ်သည့်စာများတွင် NLD ပါတီသည် အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲထားပြီး မြန်မာ့မြေပေါ်တွင် ရပ်တည်ခွင့်မရှိတော့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းမှု ထောက်ခံသည်ဟု ဆိုသူများ(စစ်တပ်လက်ပါးစေများ) က အွန်လိုင်းလူမှုကွန်ရက်တွင်လည်း အမည်ဝှက်မျိုးစုံဖြင့် အလားတူ ရေးသားလှုံ့ဆော်နေသည်။

အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲတွင် မဲအပြတ်သတ်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ဖမ်းဆီးပြီး ပါတီကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ခိုက်လျက်ရှိသည်။

ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ယင်းကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက ကြေညာထားသည်။ 

NUG ကလည်း  စစ်ကောင်စီသည် အာဏာဖီဆန်သည့် လူထုကို ပစ်ခတ်သတ်ဖြတ်မှုများအတွက် တာ၀န်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ကြေညာထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s