အင်္ဂပူမြို့နယ်တွင် စစ်ကောင်စီတပ် အဖမ်း အဆီးကြမ်းနေ 

ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှ CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်း ၁၃ ဦး အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသူတို့ကို ပစ်မှတ်ထားပြီး နေ့စဉ် အဖမ်းအဆီးရှိနေသည့် အင်္ဂပူတွင် တစ်ရက်တည်း အများအပြား အဖမ်းခံရခြင်း ဖြစ်သည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာနလက်အောက်ရှိ ကမ္ဘာ့ဘဏ်နှင့် ပူးတွဲလုပ်ဆောင်နေသည့် လူထုဗ ဟိုပြုစီမံကိန်းမှ CDM ဝန်ထမ်း ၁၁ ဦး၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှ ၁ ဦးစီ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စစ်သား၊ ရဲအင်အား ၂၀ ကျော်ပါဝင်သည့်အဖွဲ့က ဝင်ဖမ်းခြင်းဖြစ်သည်ဟု အဖမ်းခံရသည့် CDM ဝန်ထမ်းတစ်ဦး၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“မနေ့က မနက်ပိုင်း ၄ နာရီခွဲလောက်မှာ သူတို့က အိမ်ကို ဝင်လာတယ်။ အိမ်ထောင်စုစာရင်း တောင်းတယ်” ဟု ၎င်းက ပြောသည်။

“ထုံးစံအတိုင်းပဲ အိမ်ကို ဝင်လာတည်းက ပတ်ချာလည် ဝိုင်းထားတယ်။ ပြီးတော့ ခဏလိုက်ခဲ့ပါ။ မေးစရာရှိလို့ပါဆိုပြီး ခေါ်သွားတာ”

ဖမ်းဆီးခံထားရသူများကို အင်္ဂပူမြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းသည် CDM ပါဝင်မှု အားအကောင်းဆုံးဖြစ်ပြီး ကျေးရွာများနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ထားနိုင်သည့်အတွက် ပစ်မှတ်ထားခံရခြင်းဖြစ်နိုင်သည်ဟု အင်္ဂပူမြို့နယ်မှ CDM ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။ 

“ဒီဌာနက လူထုနဲ့ အဆက်အသွယ်အရှိဆုံးဌာနလို့ ပြောလို့ရတယ်။ ရွာတွေရဲ့ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ပေးတာ။ သူတို့လုပ်ငန်းတွေက ရွာအတွင်းမှာရှိတယ်။ ရွာမှာနေရတဲ့အချိန်က ပိုများတယ်။ ရွာတွေနဲ့ အရမ်းစည်းလုံးကြတယ်။ အဲဒါကြောင့် ပစ်မှတ်ထားကြတယ်လို့ ထင်တယ်” ဟု ထိုသူက ဆိုသည်။

အင်္ဂပူတွင် အာဏာဖီဆန်သည့် ဝန်ထမ်းအများအပြားက လုပ်ငန်းခွင်ပြန်ဝင်ကြပြီး အများဆုံးတောင့်ခံထားနိုင်သည့် ဝန်ထမ်းအုပ်စုမှာ လူထုဗဟိုပြုစီမံကိန်းမှ ဖြစ်သည်ဟု သူက ဆက်ပြောသည်။ 

အဆိုပါ လူထုဗဟိုပြုစီမံကိန်းသည် ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ တိုးချဲ့ပြုပြင်တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး စသည်တို့ကို ၄ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

အင်္ဂပူမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်း ၁၂၆ ဦး ရှိသည့်အနက် ကနဦးတွင် ၁၀၃ ဦး CDM တွင် ပါဝင်ခဲ့ပြီး ယခုအခါ CDM ဝန်ထမ်း ၆၀ ကျော် ကျန်ရှိနေသည်။ 

နိုဝင်ဘာ ၁၅ မနက်ပိုင်းကလည်း အင်္ဂပူမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၂၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ပါတီ (PP) မှ ဦးဌေးမင်းသန်းလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ 

Facebook တွင် ရေးသားမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ (ဧရာဝတီတိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

“လောလောဆယ် အင်္ဂပူအချုပ်ထဲမှာပဲ ရှိသေးတယ်။ သူ့ကို ၅၀၅-က နဲ့ တရားစွဲဖို့လို့ သိရတယ်။ ရေးတာ သားတာတွေအပေါ်မှာ အရေးယူဖို့ စီစဉ်ပုံရတယ်။ သူရေးထားတာတော့ ဥပဒေနဲ့ ငြိစွန်းလောက်အောင် ရေးထားတာတော့ မတွေ့ရဘူး”ဟု ၎င်းက ပြောသည်။

အောက်တိုဘာလကုန်ပိုင်းမှစ၍ အင်္ဂပူမြို့နယ်တွင် ဆက်တိုက်ဖမ်းဆီးနေပြီး မြို့နယ်လူမှုကူညီရေးအသင်း Twenty Four (၂၄) ၏ ထိပ်ပိုင်းခေါင်းဆောင်အားလုံးနီးပါး ဖမ်းဆီးခံထားရသည့်အတွက် အသင်းလုပ်ငန်းများအားလုံး ရပ်တန့်ထားရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများအားကောင်းသည့် ဖေဖော်ဝါရီလဆန်း ဆန္ဒပြမှု အစောပိုင်းကာလများတွင် အင်္ဂပူမြို့နယ်၌ အရပ်သားဖမ်းဆီးခံရမှုအချို့ရှိသော်လည်း အောက်တိုဘာလဆန်းမှစ၍ ဖမ်းဆီးမှုများပြားလာခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၁၀၀ နီး ပါးရှိကြောင်း မြို့ခံများထံမှ သိရသည်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်း၊ သတ်ဖြတ်ခံရသည့် ပြည်သူအရေအတွက်ကို စာရင်းပြုစုနေသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၃၂၂ ဦး ရှိနေသည်ဟု သိရသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s