Monthly Archives: Nov 2021

ကလေးမြို့လယ်ခေါင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ကလေးမြို့လယ်ခေါင်၊ တာဟန်းရပ်ကွက်၊ နေကြာတိုက် လမ်းကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု PDF -Kalay အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“နေ့လယ် ၂ နာရီကျော်လောက်က စပစ်တာပါ။ စစ်တပ်က နှစ်ယောက် သေတယ်။ ဒဏ်ရာ ရသွားတာတော့ မသိရဘူး” ဟု ၎င်းက ပြောသည်။ ပစ်ခတ်မှုအပြီးတွင် အထက (၂) အထက်တန်း ကျောင်းလမ်းကို စစ်ကောင်စီတပ်များက ပိတ်ထားသည့်အပြင် နေကြာတိုက် လမ်းမကြီး တစ် လျှောက် စစ်ဆေးမှုများ တင်းကျပ်လျက် ရှိသည်ဟု ဆိုသည်။ နေကြာတိုက် လမ်းကြားရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးယောက်နှင့် ခုနှစ်ယောက် အကြား ပုံမှန် ရှိနေတတ်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ရဲစခန်းကို PDF Kalay က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့သေးသည်။ စစ်ကောင်စီဘက်ကလည်း ယမန်နေ့တွင် PDF-Kalay တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်းပြီး ဆေးတပ်ဖွဲဝင် ၁၀ ဦးကို ဖမ်းဆီးသွားသည်။ mizzima

အမရပူရမြို့နယ်မှ ၁၃ နှစ်သား ဓားစာခံအဖြစ် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဌေးအောင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၄ တွင် သွားရောက်ဖမ်းဆီးရာ မတွေ့ရသည့်အတွက် ၎င်း၏ အသက် ၁၃ နှစ် အရွယ် သားဖြစ်သူကို ဓားစာခံအ ဖြစ် ဖမ်းဆီးသွားသည်။ 

စစ်သားများက သူ၏ ဇနီးသည်ကို ဖမ်းခေါ်မသွားသော်လည်း နှိပ်စက်ခဲ့ကြသည်ဟု ထိုရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“မိန်းမကို ရိုက်သွားတာဆို သွေးတွေကိုထွက်၊ ကွဲပြဲနေတာ။ သားဖြစ်တဲ့ကလေးကို ဖမ်းသွားတာလည်း အခုထိ လွတ်မလာဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆက်ပြောသည်။

“မိသားစုဝင်တွေက စကစအုပ်ချုပ်ရေးမှူးဆီ သွားပြီး မေးကြမြန်းကြတော့ ကလေး လွတ်စေချင်ရင် လူကြီးနဲ့ လာလဲမှရမယ်ဆိုပြီး ပြောလွှတ်လိုက်တယ်”

ဖမ်းဆီးခံရသည့် ၇ တန်း ကျောင်းသားကို မြစ်ငယ်ရဲစခန်းတွင် ယနေ့ (နိုဝင်ဘာ ၁၇) အထိ ချုပ်နှောင်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေနေသည့် ၅၅ နှစ်အရွယ် ဦးဌေးအောင်မှာ ရွာတွင် မရှိကြောင်း ရွာသားနောက်တစ်ဦးက ပြောသည်။

“ဒီလူကြီးက ပါတီထဲမှာ ခေါင်းဆောင်ပိုင်းကလည်းမဟုတ်ဘူး။ သာမန်ပါတီဝင်တစ်ယောက်ပဲ၊ ဘာလို့ အခုလို လာရှာသလဲ မသိရဘူး။ ကျွန် တော်တို့ထင်တာတော့ ဒလန်တစ်ယောက်ယောက်က ချောက်တွန်းလိုက်သလားလို့ ထင်ကြတာပဲ”ဟု ၎င်းက ဆိုသည်။

ရေကြည်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက CDM ကျောင်းဆရာမများကို အလုပ်ပြန်ဝင်ရန် အသက်အန္တရာယ်ခြိမ်း ခြောက်သည့် စာရွက်များကို စစ်တပ်က အုပ်ချုပ်ရေးမှူးရုံးတွင် လာကပ်ခဲ့ရာ၊ ယင်းစာရွက် ဆုတ်ဖြဲခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ရွာသားများကို စစ်တပ်က ရိုက်နှက်ခဲ့သေးသည်။

အလားတူ နိုဝင်ဘာ ၁၀ ကလည်း ​​အမရပူရမြို့နယ်၊ လိပ်ဆံခွံကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားသည့် CDM ဆရာ၊ ဆရာမများ လုပ် ငန်းခွင်ပြန်မဝင်ပါက ပစ်သတ်မည်ဟူသော သတိပေးစာ ဆွဲဖြဲခံရသောကြောင့် စစ်သားများ ရောက်လာကာ ဒေသခံများကို ရိုက်နှက်ခဲ့သည်။ 

အမျိုးသမီးကို ရိုက်နှက်မှု၊ ကလေးကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှုတို့နှင့် ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့ထံ ယနေ့ နံနက်ပိုင်းက မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပြန်ဖြေကြားခြင်း မရှိပေ။

အာဏာသိမ်းထားသည့်စစ်တပ်သည် NLD ပါတီဝင်များကို ပစ်မှတ်ထားဖမ်းဆီးနေပြီး ၎င်းတို့အလိုရှိသူကို ရှာမတွေ့ပါက မိသားစုဝင်များကို ကလေးပါမချန် ဓားစာခံအဖြစ် ဖမ်းဆီးနေသည့်ပြင် ဓားစာခံများကို သေဆုံးသည်အထိ နှိပ်စက်မှုများ ရှိခဲ့သည်။

နိုဝင်ဘာ ၁၂ ညက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူ လူငယ်တစ်ဦးကို ဖမ်းမမိသဖြင့် ဦးလေးဖြစ်သူမှာ ဓားစာခံအဖြစ် ဖမ်းခံရပြီး ၂၄ နာရီမပြည့်မီ အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခံရသည်။ myanmar now

စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားက စစ်ကောင်စ်တပ်က စွန့်ခွာသွားသော လက်နက်များ ထပ်မံ သိမ်းဆည်းရမိ

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့ကြား နိုဝင်ဘာလ ၁၆ ရက် ယမန်နေ့ နံကက် ၈ နာရီ ၄၀ ဝန်းကျင်တွင် မူဘန်ဒေသ၊ မန်လီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကြောင်း ကိုးကန့်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အလားတူ မုံးကိုးမြို့နယ်၊ ဂျီယန်ရှန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ရင်း ၅၁၁ ကြား နိုဝင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီ ၂၃ မိနစ်မှ ညနေ ၄ နာရီ ၁၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးအား မသိရှိရသေးကြောင်း၊ MNDAA ဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က ရေးသားဖော်ပြသည်။မုံးကိုးဒေသ ဆု တောင်းတောင်တဝိုက် ကိုးကန့် MNDAA တပ်က နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွဦသွားသော လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။ khit thit

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာပါက တိုက်ပွဲအချိန်မရွေးထပ်ဖြစ်နိုင်ဟု အေအေပြော

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး  ဂျပန်အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပေမဲ့ တိုက်ပွဲတွေပြန်ဖြစ် မဖြစ်ကတော့ စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်မှုအပေါ် အဓိကမူတည်တယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ပြောပါတယ်။ 

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့  ရက္ခိုင့်တပ်တော် (အေအေ)  ခေါင်း ဆောင်တွေနဲ့   အွန်လိုင်းက နေပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံစဉ်မှာ နှစ်ဖက်တပ်တွေ အနေနဲ့ ရခိုင်ပြည်နယ်တွင်း အပစ်အခတ်လုံးဝမလုပ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တာပါ။

မစ္စတာဆာဆာကာဝါက ညှိနှိုင်းပေးခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လာခဲ့ရင်တော့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။ 

“မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြီး ငြိမ်သက်နေမလားဆိုတာကတော့ ကံသေကံမ အတိအကျပြောဖို့တော့ ခက်ပါတယ်။ သူစေ့စပ်ညှိနှိုင်းပေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့လည်းပဲ မြေပြင်မှာ တင်းမာမှုတချို့ကတော့ ဆက်လက် ပြီးရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ မြန်မာစစ်တပ်အပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့ဘက်ကနေပြီးတော့ ထိုးစစ်ဆင်လာလို့ရှိရင်တော့ တိုက်ပွဲက အချိန်မရွေးထပ်ဖြစ်နိုင်တဲ့ အနေအထားရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို အမြဲတမ်းအလေးထားပြီးတော့မှ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

မစ္စတာ ဆာဆာကာဝါဟာ ရခိုင်တိုက်ပွဲတွေ ရပ်တန့်နေတာ တစ်နှစ်ပြည့် အနေနဲ့ ရခိုင်ပြည်နယ်ကို လာရောက်တာဖြစ်သလို စစ်ရှောင်ပြည်သူတွေကိုပါ ကူညီနိုင်ဖို့ လာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂျပန်အထူးကိုယ်စားလှယ်ဟာ  နိုဝင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။  နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားတဲ့   ဗိုလ်ကြီး တဦးပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက  “မစ္စတာဆာဆာကာဝါနဲ့ အွန်လိုင်းကတွေ့တဲ့ အချိန်မှာ  ရခိုင်ဒေသငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုစစ်သုံ့ပန်းတွေလွှတ်ပေးတာကလည်း လူသားချင်းစာနာမှုအရ လွှတ်ပေးတယ်ဆိုပေမဲ့လည်း မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့ စပ်ညှိနှိုင်းပေးမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ဒေသမှာ စစ် ပွဲတွေရပ်နေတယ်ဆိုတာကလည်းပဲ လွန်ခဲ့တဲ့နှစ်တုန်းက သူ့ရဲ့ ကြားဝင်စေ့စပ်ပေးမှု ကြောင့်ပဲဖြစ်ပါတယ်။”လို့ ပြောပါတယ်။

အေအေဘက်က စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေး ပါဘူး။ 

ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မစ္စတာ ဆာဆာကာဝါရဲ့ ညှိနှိုင်းပေးမှုနဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ၁ နှစ်ကျော်ကြာ ယာယီရပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့  နိုဝင်ဘာ ၉ ရက်နေ့က မောင်တောဒေသမှာ အေအေနဲ့  စစ်ကောင်စီတို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။ DVB

တူမီးကိုင် ခုခံသူများကို ပစ်မှတ်ထားသည့် အနော်ရထာစစ်ဆင်ရေး 

အောက်တိုဘာလလယ်တွင် ရာထောင်ချီသည့် စစ်သားများသည် လက်နက်အပြည့်အစုံနှင့် စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ ချီတက်သွားကြသည်မှာ ရှေးဟောင်း အမဲပစ်သေနတ် တူမီးကိုင်ဒေသခံများကို နှိမ်နင်းရန် ဖြစ်သည်။  

တစ်ချိန်တည်းတွင် စစ်တပ်ယာဉ်တန်းရှည် ၂ ခုသည် ချင်းတောင်တန်းများပေါ်သို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဘက်မှ တက်လာသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

“တောင်ပိုင်းက မတူပီဗျူဟာ၊ မြောက်ပိုင်းက ဟားခါးဗျူဟာရှိတယ်။ သူတို့က အဲဒီဗျူဟာကို အင်အားဖြည့်တင်းပြီးတော့ အဲဒီကနေ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတယ်” ဟု ဆလိုင်းထက်နီက Myanmar Now ကို အောက်တိုဘာလလယ်ပိုင်းတွင် ပြောသည်။ 

ထိုစစ်ကြောင်းနှစ်ခုသည် လှုပ်ရှားသွားလာနေသော ပြောက်ကျားတပ်သားများ၏ နယ်မြေသို့ ရောက်သည့်အခါ ဗုံးဖောက်ခွဲတိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုတို့ကို ဆက်တိုက်ရင်ဆိုင်လာရသည်။

စစ်ကောင်စီတပ်သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော်လည်း လူထုထောက်ခံမှု မရခြင်း၊ နယ်မြေကျွမ်းကျင်မှု အားနည်းခြင်း၊ စစ်ပန်း‌နေခြင်းတို့ကြောင့် လက်နက်ကိုင်အန်တုမှုကို ရှင်းလင်းနိုင်မည်မဟုတ်ဟု လေ့လာသူများက ဆိုသည်။

NUG ၏ တိုက်ပွဲခေါ်သံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေး စတင်ကြောင်း စက်တင်ဘာ ၇ တွင် ကြေညာခဲ့သည်။ ထိုကြေညာမှုသည် D-Day ခေါ် မဟာမိတ်တပ်အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြရန် အချက်ပေးခြင်းဖြစ်သည်ဟု အများအပြားက ယူဆကြသလို တိုက်ခိုက်မှုများ နှစ်ဆနီးပါး တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်တော်လှန်မှု အများဆုံးဖြစ်သည်။ 

ထိုဒေသနှစ်ခုကို စစ်ဆင်ရေးလုပ်ပြီး ကိုင်တွယ်ရန် ရဲတပ်ဖွဲ့၏ ရဲချုပ် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၊ နိုင်ငံမြောက်ပိုင်းမှ စစ်ဌာနချုပ်များကို ကြီးကြပ်ရသည့် စစ်ဆင်ရေးအထူးအဖွဲ့ (၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ကို တာဝန်ပေးထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

“အနော်ရထာ” ဟု အမည်ပေးထားသော ထိုစစ်ဆင်ရေးလောက် စစ်ရေးနယ်မြေ ကျယ်ပြန့်မှုနှင့် အင်အားကြီးမားမှုမှာ လွတ်လပ်ရေးအလွန်ကာလတွင် မရှိခဲ့ပေ။ 

အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်သို့ အောက်တိုဘာမှစ၍ စစ်တပ်ယာဉ်တန်းနှစ်ခု ပို့ဆောင်ချိန်တွင် နယ်မြေ​ကပ်လျက်ဖြစ်သည့် စစ်ကိုင်းတိုင်းတွင်လည်း အင်အားတိုးချဲ့နေသည်။ 

ချင်းဒေသို့ စစ်ကြောင်းနှစ်ခု  

အောက်တိုဘာ ၁၂ တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် တက်လာသော သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား အစီး ၇၀ ကျော် ပါဝင်သည့်စစ်ကြောင်းသည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ ရောက်ရှိလာသည်။ 

ထိုမှတစ်ဆင့် မိုင် ၄၀ ကျော်အကွာရှိ မြို့တော်ဟားခါးသို့ ဆက်လက်ထွက်သွားခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့များက အဆက်မပြတ် ချုံခိုတိုက်ခိုက်သောကြောင့် ၎င်းယာဉ်တန်းသည် ခရီးသိပ်မတွင်ဘဲ တစ်ပတ်ကြာမှ ဟားခါးမြို့သို့ ရောက်ရှိသည်။

ထိုယာဉ်တန်းစစ်ကြောင်းသည် အောက်တိုဘာ ၂၃ ၌ ဟားခါးမြို့မှ ပြန်ထွက်ပြီး ၃ ရက်အကြာတွင် ဖလမ်းမြို့သို့ ပြန်ရောက်လာသည်။

စစ်ကြောင်းဖြတ်သန်းသွားသည့် ဖလမ်း – ဟားခါးလမ်းတစ်လျှောက် အသွားရော ​​အပြန်ပါ ကျေးရွာ ၄ ရွာမှ ခရစ်ယာန်ဘုရားကျောင်း ၂ ခု နှင့် အိမ်ခြေ ၄၀ နီးပါးကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒေသခံများ ထွက်ပြေးနေရသည်။  

ထန်တလန်မြို့တွင်း တပ်စွဲထားသည့် စစ်တပ်က အောက်တိုဘာ ၂၉ မနက်ပိုင်းမှစ၍ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ခရစ်ယာန်ဘုရားကျောင်း ၂ ခုအပါအဝင် နေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

မြို့လုံးကျွတ် စစ်ရှောင်နေရပြီး တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့တွင် ရန်ကုန်တိုင်း(အင်းတိုင်) အခြေစိုက် တပ်မ ၁၁၊ ခြေလျင်တပ်ရင်း (ခလရ)၂၆၉၊ ၂၂၂ ပါဝင်သော တပ်ပေါင်းစုကို ခလရ ၂၆၉ မှ ဒုဗိုလ်မှူးကြီးသောင်းလှိုင်က ဦးစီးနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်တောင်ပိုင်းတွင်လည်း မကွေးတိုင်း ပခုက္ကူ၊ ကျောက်ထုဘက်မှ လာသည့် သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား အစီး ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်း အောက်တိုဘာ ၁၂ တွင် မင်းတပ်မြို့သို့ ရောက်ရှိလာပြီး နောက်တစ်ရက်တွင် မတူပီမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ 

လက်နက်၊ ရိက္ခာ သာမက သံချည်သံကွေးများ၊ ဘိလပ်မြေများပါ တင်ဆောင်လာသည့် ယာဉ်တန်းသည် မိုင် ၁၀၀ ကျော်ကွာဝေးသည့် မင်းတပ် – မတူပီလမ်းတစ်လျှောက် တစ်နေ့လျှင် ၁၀ မိုင်နီးပါးနှုန်းဖြင့် ခရီးဆက်နေသည်၊ မိုးတွင်းကာလ ရာသီဥတုဆိုးရွားနေသည့်အတွက် အစောပိုင်းရက်များတွင် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။ 

စစ်ကြောင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ မကွေးအခြေစိုက် တပ်မ ၈၈၊ စစ်ကိုင်း အခြေစိုက် တပ်မ  ၃၃ တို့မှ တပ်ရင်းများမှ တပ်ဖွဲ့ဝင်အင်အား တစ်ထောင်နီးပါး ပါဝင်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

မေလမှစ၍ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့တွင် ခရိုင်ထွေအုပ်ရုံး၊ မြို့နယ်မီးသတ်ရုံး၊ တိုင်းရင်းဆေးရုံတို့တွင် စစ်တပ်က တပ်စွဲနေရာယူထားသည်၊ မြို့အခြေစိုက် ၂၇၄ တပ်ရင်းတွင်လည်း အထက်ပါ ယာဉ်တန်းမှအင်အားတချို့ ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ယူဆနေသည်။ 

“D-Day ကြေညာပြီးနောက်ပိုင်းမှာ စကစက နယ်ဘက်ကို လုံးဝ ထိုးစစ်မဆင်တော့ဘူးဆိုတော့ ကျွန်တော်တို့က မြို့ပေါ်ကို သွားရောက်ပစ်ခတ်တယ်။ ကျွန်တော်တို့က စပြီး ထိုးစစ်ပြန်ဆင်တဲ့သဘော ရှိလာတာပေါ့။ နောက်ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

အလားတူ ကန်ပက်လက်မြို့တွင်လည်း မကွေးအခြေစိုက် တပ်မ ၉၉ ၊ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ မှ တပ်များနှင့် ကန်ပက်လက်ဒေသခံ လက်နက်ကိုင်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ မြို့ပေါ်တွင်လည်း အဆိုပါတပ်မနှစ်ခုမှ ပူးပေါင်းတပ်များ တပ်စွဲထားပြီး ရဲတပ်ရင်းတစ်ရင်းမှာလည်း မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ခုတွင် ရှိနေသည်။

အဆိုပါတပ်များမှာ ဆောနှင့် ကန်ပက်လက်မြို့အကြား တပ်အပြောင်းအရွှေ့ မကြာခဏပြုလုပ်လေ့ရှိပြီး ထိုအချိန်တွင်လည်း ကြားဖြတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ဆက်သွယ်ထားသည့် ယောဒေသ ဆောနှင့် ကျောက်ထုမြို့နယ် တို့တွင် တပ်မ ၉၉ နှင့် တပ်မ ၃၃ တို့က အင်အား ၁၅၀၀ ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေသည်ဟု ဆော PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ က အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားချက်အရ ချင်းပြည်နယ်တွင် တပ်မ ၁၀၁၊ ၃၃၊ ၅၅၊ ၁၁၊ ၈၈၊ ၉၉ နှင့် ခလရ ၂၂၂၊ ဖလမ်းအခြေစိုက် ခလရ ၂၆၈၊ ဟားခါးအခြေစိုက် ခလရ ၂၆၆၊ တီးတိန်အခြေစိုက် ခလရ ၂၆၉၊ မတူပီအခြေစိုက် ခလရ ၃၀၄၊ ၁၄၀ နှင့် မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်တို့ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နှင့် မြောက်ပိုင်း ဖလမ်းမြို့တို့တွင် တပ်တည်ပြီး ပြည်နယ်တစ်ခုလုံးကို စစ်ဆင်ရေးများ ပြုလုပ်နိုင်သည်ဟု မြို့နယ်အလိုက်ဒေသခံကာကွယ်ရေး ခေါင်းဆောင်များက သုံးသပ်နေသည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် လက်နက်၊ လူအင်အားတိုးချဲ့ထားသည့် ချင်းပြည်နယ်တွင် အောက်တိုဘာလကုန်ပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိခဲ့ပေ။ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်ချုံခိုတိုက်ခိုက်မှုကိုသာ တွေ့ရသည်။

ချင်းပြည်နယ်မြောက်ပိုင်းမှာ ထန်တလန်မြို့တွင် တပ်မ ၁၁၊ ခလရ ၂၆၉၊ နှင့် ၂၂၂ ၊ ချင်းတောင်ပိုင်းဖြစ်သော မင်းတပ်မှ မတူပီလမ်းကြောတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ တပ်မ ၁၀၁၊ တပ်မ ၈၈၊ တပ်မ  ၃၃ တပ်ရင်းများ၊ ကန်ပက်လက်မြို့တွင် တပ်မ ၉၉ ၊ တပ်မ ၃၃ မှ တပ်များ၊ ယောဒေသ ဆော နှင့် ကျောက်ထုမြို့နယ်တို့တွင် တပ်မ ၉၉ နှင့် တပ်မ ၃၃  အခြေချ လှုပ်ရှားနေသည်။ 

ချင်းပြည်နယ်တွင် တပ်မနှင့် ခလရ နံပါတ်များအလိုက် တပ်ရင်းများ အစုလိုက်ချီတက်နေကြသော်လည်း စစ်ကိုင်းတိုင်းတွင်မူ တပ်မအလိုက်ချီတက်မှု နည်းပါးကာ နယ်မြေခံတပ်များနှင့် ပူးပေါင်း၍  မြို့တစ်မြို့တွင် အထိုင်ချ၍ တပ်ဖြန့်လှုပ်ရှားနေသောကြောင့် တပ်မအလိုက် သိရှိနိုင်ရန် ခက်ခဲသည်။ 

စစ်ကိုင်းတိုင်းစစ်မြေပြင်

ဧပြီလကတည်းက စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှုများစတင်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအရှိန်အဟုန် မြင့်မားနေဆဲဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီထောက်တိုင်များ၊ သတင်းပေး(ဒလန်) ဟု ယူဆရသူများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ ခပ်စိပ်စိပ်ဖြစ်နေသည်။ 

စစ်ကောင်စီကို ခုခံမှုအားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ နေရာများနှင့် နီးကပ်သည့် စစ်ကိုင်းတိုင်းအရှေ့မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ကောလင်း၊ ကသာ၊ ထီးချိုင့် စသည့်မြို့များတွင် တိုက်ပွဲများ အရှိန်မြင့်တက်နေပြီး စစ်ကောင်စီတပ်ကလည်း ထိုဒေသများတွင် အင်အားတိုးချဲ့နေသည်။ 

မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ ၉၉ ၏ လက်အောက်ခံတပ်တချို့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရောက်ရှိနေပြီး ထီးချိုင့် PDF အဖွဲ့နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။ အောက်တိုဘာ ၁၉ က ထီးချိုင့်မြို့မှ မိုင်အနည်းငယ်အကွာ ထီးချိုင့် – အင်းတော်လမ်းတွင် ဒိုင်နာကား ၂ စီး ကို ထီးချိုင့် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သားအယောက် ၂၀ ခန့် သေဆုံးခဲ့သည်။

ထီးချိုင့် PDF အဖွဲ့၏ ပြောဆိုချက်အရ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းကို စစ်တပ်က ယာယီအခြေစိုက်စခန်း ပြုလုပ်ထားပြီး အနီးအနားရှိ ဒေသခံတော်လှန်ရေးအဖွဲ့များကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာတွင် စစ်ကောင်စီက ပြီးခဲ့သည့်လမှစ၍ အင်အားတိုးမြှင့်ချထားပြီး အနီးနားမြို့နယ်များသို့ အင်အားဖြန့်ထားကြောင်း ဒေသခံများက ဆိုသည်။ 

နယ်မြေအခြေစိုက်တပ်ရင်း ၃ ခုရှိသည့် အရာတော်မြို့တွင် နမခလက်အောက်ခံတပ်များသာ တပ်စွဲလေ့ရှိသော်လည်း ယခုလဆန်းပိုင်းမှစ၍ ပဲခူးအခြေစိုက် တပ်မ ၇၇ နှင့် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ တို့မှ တပ်အင်အားများ တိုးချထားသည်ဟု အရာတော်ဒေသခံကာကွယ်ရေးအင်အားစု (ARA) ထံမှ သိရသည်။ 

“စစ်ကိုင်းတပ်မ ၃၃ နဲ့ နမခ အခြေစိုက်တပ်တွေပေါ့။ အဲဒါတွေက လာတာများတယ်။ နယ်မြေခံတပ်ရင်း ၃ ရင်း ရှိတဲ့အတွက် နယ်မြေခံတပ်ရင်းတွေထဲမှာ အင်အားထပ်ဖြည့်ပြီး လှုပ်ရှားတာများတယ်” ဟု ARA အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ဘအိုက ပြောသည်။ 

စစ်တပ်၏ ဝင်ငွေရလမ်းတစ်ခုဖြစ်သော၊ စစ်တပ်ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေသော တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီတူးဖော်ရေးလုပ်ကွက်တည်ရှိရာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီဝင်းအတွင်း စစ်သား ရာနှင့်ချီပြီး တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။ 

“ဆားလင်းကြီးမှာ စစ်တပ်အင်အား ၉၀၀ လောက်တော့ ရှိတယ်။ ဝမ်ပေါင်တို့ ယန်စီတို့မှာက အင်အား ၃၀၀ လောက်စီ ရှိတယ်။ သုံးပုံနှစ်ပုံလောက်က ဝမ်ပေါင်နဲ့ ယန်စီမှာပဲ ထားတယ်”ဟု ဆားလင်းကြီးမြို့နယ် Special Task Force အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးဇေက ပြောသည်။

“ဒီလအစပိုင်းလောက်က စပြီး လှုပ်ရှားတဲ့ အင်အားစုများလာတော့ ဆားလင်းကြီးတို့၊ ကဒက်တို့မှာ အင်အားတိုးချထားတယ်”

သွားလာရေးအချက်အချာကျသည့် ရေဦးမြို့နယ်တွင် အောက်တိုဘာလဆန်း၌ စစ်အင်အား တိုးချထားပြီးနောက် ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များသို့ အင်အားခွဲဝေချထားသည်ဟု အဆိုပါမြို့နယ်များမှ PDF များက ဆိုသည်။ 

ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပို့တပ်မှ အင်အား ၃၀ ခန့် တပ်စွဲထားပြီး၊ မြို့နယ်အထက်တန်းကျောင်းတွင် စစ်မှုထမ်း ဟောင်း ၂၀ နီးပါး ပါဝင်သည့်အဖွဲ့က တပ်စွဲထားကြောင်း ဒေသခံများက ဆိုသည်။ 

ခြေမြန်တပ်မ ၉၉ ၏ လက်အောက်ခံတပ်အချို့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရောက်ရှိနေပြီး အရာတော်မြို့တွင်လည်း နယ်မြေခံတပ်များနှင့်အတူ တပ်မ ၇၇ နှင့် တပ်မ ၃၃ တို့မှ အထိုင်ချထားသည်။

အရပ်ဝတ်လက်နက်ကိုင်များ

စစ်ကိုင်းတိုင်းရှိ PDF များ၏အဆိုအရ အောက်တိုဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်က ဒလန်များကို လက်နက်တပ်ဆင်ပေးပြီးနောက် ထိုအရပ်ဝတ်လက်နက်ကိုင်များနှင့်အတူ ကျေးရွာများကို စီးနင်းကာ PDF များကို ရှာဖွေနေသည်။

ခင်ဦးမြို့နယ်က အိမ်ခြေ ရာနှင့်ချီရှိသည့် ကျေးရွာ ၅ ခုတွင် ယခုလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် တပ်စွဲထားသည်ဟု ခင်ဦးမြို့နယ် ဒေသခံများထံမှ သိရသည်။  

အာဏာသိမ်းမှုထောက်ခံသူများနှင့် ဖွဲ့ထားသော ပျူစောထီးအဖွဲ့မှ အရပ်ဝတ်လက်နက်ကိုင် ၃၀ ခန့်လည်း ထိုစစ်သားများနှင့်အတူ ရှိနေသည်ဟု ခင်ဦးမြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“သူတို့ရဲ့စစ်ဆင်ရေးက တပ်ဖွဲ့ကြီးအလိုက် ကားတွေနဲ့ စီတန်းပြီး ချီတက်လာတဲ့ပုံစံမျိုးမဟုတ်ဘဲ အယောင်ဖျောက်ပြီး ပြည်သူပုံစံအသွင်ယူပြီး၊ PDF သဏ္ဌာန်အသွင်ယူပြီး အရပ်ဝတ်အရပ်စားနဲ့ပဲ ပျူစောထီးတွေမွေး၊ သင်တန်းပေးပြီးတော့၊ ပေါင်းပြီးတော့ ဝင်စီးတာပေါ့”ဟု ထိုသူက ပြောသည်။

ခင်ဦးဒေသခံများ၏ အဆိုအရ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အမည်စာရင်းကို ဒလန်တို့က စာရင်းပြုစုကာ စစ်တပ်ထံ ပေးခဲ့သည်ဟု သိရသည်။

“ရွာကိုလာပြီး ပျူတွေက စစ်ကောင်စီ နဲ့ပေါင်းပြီးတော့ မင်းတို့လက်နက်ပေးမယ်၊ သင်တန်းပေးမယ်ဆိုပြီး လာခဲ့ကြဆိုတော့ လုပ်ချင်တဲ့သူက နည်းသွားတယ်။ အဲ့ဒီတော့ စာရင်းပေးထားတဲ့သူတွေကို လိုက်ခေါ်တယ်။ လိုက်ခေါ်လို့ ထွက်ပြေးရင်၊ တွေ့ရင်ဖမ်းပြီး ရိုက်နှက်တယ်”ဟု အထက်ပါ ခင်ဦးမြို့ PDF က ပြောသည်။ 

ကနီမြို့နယ်တွင်လည်း စစ်သင်တန်းပေးထားပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ဒလန်များက လူသစ်စုဆောင်းနေကြောင်း ကနီ PDF က ပြောသည်။

နယ်မြေကျွမ်းကျင်သည့် PDF များကို တိုက်ခိုက်ရန်အတွက် ဒေသခံ ဒလန်များ၊ ပျူစောထီးများကို စစ်တပ်ဘက်က အသုံးပြုသော်လည်း အလုပ်ဖြစ်မည်မဟုတ်ဟု ကနီ PDF  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

“သူတို့က အမိန့်ကြောင့်လုပ်တာ။ ကျွန်တော်တို့က အမိန့်ဆိုတာထက် စိတ်ဓာတ်ပေါ်မှာ မူတည်ပြီးတော့ လှုပ်ရှားနေတဲ့အတွက်ကြောင့် PDF တွေအချင်းချင်း အချိတ်အဆက်ကောင်းကောင်း၊ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားနေတဲ့အတွက်ကြောင့် ကနီမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်က ဘယ်လိုပဲ စစ်ဆင်ရေးတွေ ဆင်နွှဲဆင်နွှဲ သိပ်ပြီးဂရုတော့ မစိုက်ဘူး” ဟု သူက မှတ်ချက်ပြုသည်။ 

လူသားဒိုင်းအသုံးပြုမှု ပိုများလာ 

PDF အဖွဲ့များသည် စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းထက် မြို့နယ်အလိုက်၊ ဒေသအလိုက် မဟာမိတ်များချိတ်ဆက်ပြီး မိုင်းဆွဲတိုက်ခိုက်ခြင်းကို အားပြုလုပ်ဆောင်နေကြသည်။

အောက်တိုဘာတွင် စစ်ကိုင်းတိုင်းအတွင်း နေ့စဉ်နီးပါး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာနေသည့် စစ်တပ်သည် သွားလာရွှေ့ပြောင်းရာတွင် အရပ်သားများကို “လူသားဒိုင်း” အဖြစ် အသုံးပြုမှု ပိုများလာသည်။ 

အရာတော်မြို့နယ်တွင် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသူများအနက် ဦးမောင်မောင်လည်း အပါအဝင်ဖြစ်သည်။ အောက်တိုဘာ ၂၂ မနက်က သူ့ကို အင်အား ၆၀ နီးပါး ပါဝင်သည့်  စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားပြီးနောက် နှစ်မိုင်နီးပါးခန့်အကွာ တပ်စွဲမည့် ကျေးရွာသို့ ရောက်မှ ပြန်လွှတ်ပေးခဲ့သည်။ 

“ပြေးရင်ပစ်မယ်၊ ခဏလိုက်ခဲ့ဦးဆိုပြီး စစ်ကြောင်းနဲ့ ခေါ်သွားတာ။ ကျွန်တော်က စစ်ကြောင်းအလယ်မှာ လိုက်ရတယ်။ ရှေ့ဆုံးမှာလည်း ကြိုးတုပ်ပြီး တခြားရွာက ခေါ်လာတဲ့ ၁၀ ယောက်ဝန်းကျင်လောက် ပါတယ်” ဟု ဦးမောင်မောင်က ပြောသည်။ 

အရာတော်မြို့နယ် ကျေးရွာတစ်ခုတွင် နွားကျောင်းနေသည့် အသက် ၁၆ နှစ်အရွယ် ကိုကျော်ကျော်လည်း အောက်တိုဘာ ၂၅ ညနေပိုင်းက လမ်းပြအဖြစ် အဓမ္မခေါ်ဆောင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ 

စစ်သားအင်အား ၄၀ နီးပါး ပါဝင်သည့် အဆိုပါ စစ်ကြောင်းတွင် အခြားကျေးရွာများမှ လူလတ်ပိုင်း အမျိုးသား ၃ ဦး ပါဝင်ပြီး ၎င်းတို့သွားလိုရာ ကျေးရွာသို့ လယ်ကွင်းများကြားမှတစ်ဆင့် လမ်းပြခိုင်းခဲ့သည်ဟု ကိုကျော်ကျော်က   ပြောသည်။ 

အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ပြီးနောက် သတင်းစီးဆင်းမှု ခက်ခဲသွားချိန်တွင် လူသားဒိုင်းအဖြစ် အသုံးပြုမှု ယခင်လများကထက် ပိုများလာကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် PDF အဖွဲ့အများစုက ဆိုသည်။ 

“လူသားဒိုင်း လုပ်လာရင် တော်လှန်ရေးအင်အားစုတွေက ဘာမှမလုပ်နိုင်ဘဲ လှည့်ပြန်ရတာ များတယ်။ အဓိက ပြည်သူတွေ စစ်တပ်နဲ့ ဝေးဝေးနေကြဖို့။ ခရီးသွားလာတာလေးတွေ နည်းနည်းဂရုစိုက်ပေးကြဖို့ပါ” ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘအိုက ဆိုသည်။

စစ်ကောင်စီကို ခုခံမှုအားကောင်းနေသည့် စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၀ ခု၊ ချင်းပြည်နယ်မှ ၈ မြို့နယ်အပါအဝင် မြို့နယ် ၂၅ ခုတွင် စက်တင်ဘာလလယ်မှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်။ 

ခင်ဦးမြို့နယ်မှ အိမ်ခြေရာနှင့်ချီသည့် ကျေးရွာ ၅ ခုတွင် တပ်စွဲထားသော စစ်တပ်သည် သက်ကြီးရွယ်အို၊ ကလေး၊ ဖျားနာသူ စသည့် အကြောင်းအမျိုးမျိုးကြောင့် မပြေးနိုင်ဘဲ ရွာထဲတွင် ကျန်ခဲ့သူများကို စာရင်းကောက်ယူကာ ဝင်ထွက်ခွင့်ကန့်သတ်ထားကြောင်း ဒေသခံများက ဆိုသည်။

“(စစ်ကောင်စီတပ်က) ပြည်သူလူထုကို လူသားဒိုင်းသဖွယ်လုပ်ပြီး ရွာမှာ တပ်စွဲချင်တာ”ဟု ခင်ဦးမြို့နယ် PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်နိမိတ်တစ်လျှောက် မြင်းခြံ၊ ရေစကြို၊ မြောင်၊ ချောင်းဦးမြို့နယ် တစ်ကြောတွင်လည်း စုဖွဲ့ချိတ်ဆက်မှုအားကောင်းစွာဖြင့် ခုခံနေသည့် PDF များကြောင့် စစ်ကောင်စီတပ်များသည် အရပ်ဝတ်ဖြင့် လှုပ်ရှားမှုများပြီး သယ်ယူပို့ဆောင်ရေးတွင် ပြည်သူပိုင် ၁၀ ဘီးကား၊ ၁၂ ဘီးကား၊ လူမှုကူညီရေးအသင်းကားများကို အများဆုံး သုံးလာသည်ဟု ရေစကြိုမြို့နယ် PDF ခေါင်းဆောင်က ပြောသည်။ 

“ပြည်သူအယောင်ဆောင်ထားတော့ ကျွန်တော်တို့မှာ တိုက်ရခိုက်ရတာ ခက်ခဲတာပေါ့။ ကျွန်တော်တို့ မိုင်းဆွဲမယ်ဆိုရင်တောင် ပြည်သူလား၊ ဘာလား သေချာမှ ခွဲလို့ရတဲ့အခြေအနေ” ဟု သူက ပြောသည်။ 

“မှားယွင်းပြီး ပြည်သူတစ်ယောက် ထိသွားရင် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ နောင်တရနေရမဲ့ကိစ္စ ဖြစ်နေမှာ” 

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ထင်သလောက် ခရီးမပေါက်သည့် စစ်ကောင်စီတပ်များသည် ကုန်းလမ်းဖြင့်သာမက လေကြောင်းမှတစ်ဆင့် လက်နက်၊ လူအင်အား ဖြည့်တင်းလာသည်။ 

မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရသည့် တန့်ဆည်မြို့နယ် မြောက်ဘက်ရှိ ကပေါင်းကျရွာတွင် အင်အား ၁၀၀ နီးပါးဖြင့် တပ်စွဲထားသည့်စစ်တပ်အဖွဲ့ထံ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ပို့ဆောင်ဖြည့်တင်းပေးခဲ့သည်။  

တန့်ဆည်မြို့နှင့် နယ်နိမိတ်ချင်းကပ်လျက်တည်ရှိသော ကျွန်းလှမြို့နယ်တွင် PDF စခန်းရှိနိုင်သော နေရာများကို အောက်တိုဘာ ၂၈ တွင် စစ်တပ်က ရဟတ်ယာဉ်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ 

စစ်ကိုင်းတိုင်း၌ ကနီမြို့နယ်ဝင်းမနားရဲစခန်းတိုက်ပွဲ၊ ချောင်းဦးမြို့နယ်တိုက်ပွဲတို့တွင် လေကြောင်းပစ်ကူပေးမှုအချို့ရှိသည်၊ ကျွန်းလှမြို့နယ် အနောက်ဘက်ကျေးရွာများကို တိုက်လေယာဉ် ၂ စင်း၊ ရဟတ်ယာဉ် ၄ စင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ထို့ပြင် စစ်သားများကိုလည်း ရဟတ်ယာဉ်ဖြင့် ချထားပေးခဲ့ပြီး ၎င်းတို့က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေသည့်အတွက် ကျွန်းလှမြို့အနောက်ဘက်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေ​ရသည်။ 

လက်ရှိ စစ်ရေးတင်းမာနေသည့် အနောက်ပိုင်းစစ်မြေပြင်တွင် တပ်အင်အား ၃၀,၀၀၀ ခန့် ချထားပြီးဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူ အန်တိုနီဒေးဗစ်က Asia Times ပါ ဆောင်းပါးတွင် သုံးသပ်ထားသည်။

“ပုန်ကန်မှု တန်ပြန်နှိမ်နင်းရေးကွန်ရက်တစ်ခု လိုအပ်နေချိန်တွင် တပ်များကို ဖြန့်ကြက်ထားမှုသည် PDF များ မိုင်းခွဲတိုက်ခိုက်နှောင့်ယှက်ရန်၊ အထိုင်တပ်စခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ အတိုက်ခိုက်ခံရရန် အခွင့်ပေးသလိုလည်း ဖြစ်လာနိုင်သည်” ဟု သူက ဆိုသည်။

အနော်ရထာစစ်ဆင်ရေးက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုး၊ လူထုအုံကြွတော်လှန်မှုအပေါ် ဆပွားသက်ရောက်မှုကို စစ်ကောင်စီက အသေအချာစဉ်းစားထားခြင်း ရှိမရှိ သံသယဖြစ်မိသည်ဟု သူက သုံးသပ်သည်။ 

နောက်တန်း မပြန်ရသည့်  တပ်မ ၈၈ 

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ချထားသည့် စစ်အင်အားများအနက် တိုက်ခိုက်ရေးစစ်သည် ၅၀၀၀ နီးပါးနှင့် လက်ရုံးတပ်များ ပါဝင်နိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းသို့ ပို့ဆောင်ထားသည့်တပ်များအနက် ကချင်ပြည်နယ်တွင် KIA နှင့် ရင်ဆိုင်ထိတွေ့နေရသည့် မကွေးအခြေစိုက် တပ်မ ၈၈ လည်း ပါဝင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က တပ်တွင်းသတင်းများကို ကိုးကားပြီးပြောသည်။ 

“တပ်မ ၈၈ ဆိုရင် တောထဲကနေ အိမ်မပြန်ရဘူး။ တောထဲကနေ PDF နဲ့ ရင်ဆိုင်တာဆိုတော့ တောကြီးမျက်မည်းထဲတော့ မဟုတ်ဘူး။ ဆင်ခြေဖုံးတွေနဲ့ ရွာနီးချုပ်စပ်တွေမှာ နေရတာဆိုတော့၊ အစားအသောက်တော့ ငတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်မပြန်ရတဲ့စိတ်ကတော့ အထွတ်အထိပ်ရောက်နေတယ်” ဟု သူက မှတ်ချက်ပြုသည်။ 

ပုံမှန်အားဖြင့် စစ်ဆင်ရေးတစ်ခု ပြီးဆုံးပါက နောက်တန်းပြန်ပြီး လက်နက်ခဲယမ်း၊ လူအင်အားဖြည့်ခြင်း၊ လေ့ကျင့်မှုများ လုပ်ဆောင်လေ့ရှိသော်လည်း တပ်မ ၈၈ ကို နောက်တန်းပြန်မပို့ဘဲ ရှေ့တန်းစစ်မြေပြင်တစ်ခု ထပ်မံရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ 

တိုက်ခိုက်ရေးစစ်သည်များ အချိန်ကုန်လူပင်ပန်းသက်သာစေရန် ဒေသခံပစ်မှတ်ကို လေကြောင်းမှတစ်ဆင့် ရှာဖွေရယူခြင်းများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိသည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့များ သိုသိပ်ကျစ်လျစ်စွာနေထိုင်ရန်၊ အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်ခြင်းထက် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရန် ဗိုလ်ကြီးဇင်ယော်က အကြံပြုသည်။ 

မြေမျက်နှာသွင်ပြင်အနေအထားအရ တောင်တန်းထူထပ်သည့် ချင်းပြည်နယ်တွင် ဒေသခံအဖွဲ့များက အလွယ်တကူလှုပ်ရှားနိုင်သော်လည်း ပစ်မှတ်ကို ရှာဖွေတိုက်ခိုက်ရသည့် စစ်တပ်အတွက် ခက်ခဲမည်ဟု ချင်းပြည်နယ်တောင်ပိုင်းနှင့် ရင်းနှီးသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

“ချင်းတောင်ရဲ့ထူးခြားချက်က မြေပြင်မှာ မလွယ်ဘူး။ ဒေသခံတွေလောက်ပဲ အဆင်ပြေတယ်။ ရှေ့ကို ကျွံဝင်သွားတဲ့တပ်၊ ထိတွေ့မှုဖြစ်တဲ့တပ်ကို နောက်တစ်တပ်သည် စစ်ကူလိုက်နိုင်ဖို့လည်း ခက်ခဲတယ်။ ထောက်ပံ့ပို့ဆောင်ရေးလည်း ခက်ခဲတယ်” ဟု သူက ဆိုသည်။ 

“ ဖြစ်သွားရင် လူနာပို့ရတာကအစ မလိုအပ်ဘဲနဲ့ ဒဏ်ရာသေးသေးလေးကအစ အများကြီး ဖြတ်ပစ်လိုက်ရတာတွေရှိတယ်”

စစ်တပ်သည် အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းအနီးမှအပ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း တပ်များဖြန့်ချထားပြီး ပြည်မနှင့် အဆက်အသွယ်ပြုနိုင်သည့် ဝင်ထွက်ပေါက်များကို အဓိကထား ထိန်းချုပ်ကာ ဒေသခံကာကွယ်ရေးအဖွဲ့များကို ချောင်ပိတ်ရန် စီစဉ်နေကြောင်း ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။ 

“ပြည်မထဲကို ပြန်ဝင်ရမဲ့ အပေါက်တွေအားလုံးသည် သူတို့ ချုပ်ကိုင်လိုက်ပြီးပြီ။ အဲ့ဒါကြောင့် EAO တွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာမယ်။ KIA နဲ့ AA (ရက္ခိုင့်တပ်တော်)က စကစကို ဝင်ပြီးတော့ ဟန်ချက်ပျက်သွားအောင် လုပ်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်” ဟု သူက ဆိုသည်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ရည်ရွယ်ချက်တူသည့်အဖွဲ့တိုင်းနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည့် KIA သည် အာဏာရှင်ကို တော်လှန်လိုသည့်လူငယ်များကို စစ်သင်တန်းများ ပို့ချပေးနေသည်။ 

လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူများ ပစ်သတ်ခံရခြင်း၊ လိုက်လံဖမ်းဆီးခံရခြင်းတို့ကြောင့် လူငယ်အများအပြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအသီးသီးသို့ ရောက်သွားခြင်းပင်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် စခန်းများတွင် ၎င်းတို့ စစ်သင်တန်းပေးခဲ့သူ ၄၀၀၀ ကျော်ရှိကြောင်း ဇူလိုင်လတွင် Myanmar Now ကို ပြောသည်။ ၄၅ ရက်ကြာ အခြေခံစစ်သင်တန်း၊  ရက် ၂၀ ကြာ မြို့ပြပြောက်ကျားသင်တန်းတို့ ပါဝင်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာအပြီး နှစ်လအကြာတွင် စုပေါင်းခေါင်းဆောင်မှုပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားထားသည်။ 

သို့သော်လည်း ထိုကော်မတီတွင် ပါဝင်သည့် အဖွဲ့အစည်းအမည်စာရင်းကို မသိရသေးပေ။

မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာသော မြို့ပြပြောက်ကျားတိုက်ပွဲသည် ပုံစံသစ်ဖြစ်နေပြီး စစ်ကောင်စီတပ်အတွက်လည်း အသစ်အဆန်းဖြစ်နေသည်ဟု မြန်မာ့အရေး လေ့လာတင်ဆက်နေသော သတင်းသမား  Bertil Lintner က ဧရာဝတီသတင်းဌာနတွင် နိုဝင်ဘာလဆန်းက ဆောင်းပါးရေးသားထားသည်။

“စိတ်ဓာတ်ရေးရာအရ နိမ့်ကျနေပြီးဖြစ်သောကြောင့် စစ်တပ်သည် စစ်မျက်နှာအများအပြားတွင် လက်ပန်းကျလာမည်ဖြစ်သည်” ဟု သူက ရေးထားသည်။

“လွန်ခဲ့သော တစ်နှစ်က လုံခြုံသည်ဟု ယူဆနိုင်သည့် လမ်းကြောင်းများတစ်လျှောက် ပုံမှန်လုပ်နေသော ချုံခိုတိုက်ခိုက်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီစစ်သားများသည် တိုက်ခိုက်ရန် စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ တစ်နိုင်ငံလုံးတွင် ထိုအတိုင်းဖြစ်နေသည်”

CDM ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ပန်းနေသော စစ်ကောင်စီတပ်သည် စစ်ဆင်ရေးနယ်မြေ ကျယ်ပြန့်လွန်းခြင်း၊ နယ်မြေကျွမ်းကျင်မှုနှင့် လူထုထောက်ခံမှု မရှိခြင်းတို့ကြောင့် ရေရှည်ရင်ဆိုင်ရနိုင်သည့် အခြေအနေဆိုးများရှိနေကြောင်း မှတ်ချက်ပြုသည်။

“စစ်ကိုင်းနဲ့ ချင်း၊ မကွေးကြားမှာတင် စကစအနေနဲ့ တော်တော်အချိန်ယူရမယ်။ သူတို့လိုချင်တဲ့ Mission ရောက်အောင်ဆိုရင် တော်တော်အရှိန်ယူရမယ်။ အဲ့ဒီမှာ စကစရဲ့တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပျက်လိမ့်မယ်။ ကွပ်ကဲရတာတွေ ခက်သွားလိမ့်မယ်” ဟု သူက သုံးသပ်သည်။

ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံကလည်း အနော်ရထာစစ်ဆင်ရေးကြောင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်နိုင်သော်လည်း ခုခံစစ်ဆင်သူတို့ကို အောင်နိုင်မည်မဟုတ်ဟု မှတ်ချက်ပြုသည်။

“နောက်ဘုရားပွင့်တောင်မှ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းရော၊ ချင်းပြည်နယ်ရော ရနိုင်မဲ့ အနေအထားမရှိဘူး။ PDF တွေ၊ ဒေသခံ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲ စစ်ဆင်ရေး ဆင်နွှဲဆင်နွှဲ၊ ကြီးစိုးနိုင်မဲ့ အနေအ ထားမရှိဘူး” ဟု သူက ပြောလိုက်သည်။ myanmar now

နတ်မောက်ဈေးမီးလောင်တာ နတ်မောက် PDF လက်ချက်ဆိုတဲ့ သတင်းမှား ဖြန့်ဝေနေ

နတ်မောက်မြို့မစျေးကို နတ်မောက် PDF က မီးရှို့လိုက်တယ်ဆိုတဲ့ သတင်းတစ်ခု ကို ဦးအောင်ဇေယျဆိုသူက နိုဝင်ဘာ ၁၄ ရက်နေ့မှာ Face book လူမှုကွန်ရက် စာမျက်နှာမှာ ရေတင် ထားတာကို တွေ့ရပါတယ်။ အဲဒီသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ နတ်မောက်မြို့ကို စစ်ကောင်စီက ညမထွက်ရ အမိန့်သတ်မှတ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ သွားလာလှုပ်ရှားမှုရှိတဲ့ လူခြေတိတ်ချိန် ညပိုင်းမှာ မီးလောင်သွားခဲ့လို့ပဲဖြစ်ပါတယ်။ဒ

ါ့အပြင် စစ်ကောင်စီတပ်တွေ လုံခြုံရေး အပြည့်ရှိနေတဲ့ အချိန် PDF တွေ ဝင်လာလို့ မရတဲ့ အနေအထားမျိုးမှာ မီးလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။အဲဒီအခြေအနေကို သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး သတင်းထုတ်လွှင့်ခဲ့ကြပါတယ်။ RFA သတင်းဌာနက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာ https://bit.ly/3CpO9RY တွေ့နိုင်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သ တင်း ဌာနတွေရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တဲ့ အရာကို ကြည့်မယ် ဆိုရင် ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာ ရတိပြတ် ပြောဆိုထားတာမရှိပဲ မီး လောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲလို့သာ ဖြေဆိုထားတာကို တွေ့ရပါတယ်။

VOM သတင်းဌာက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာ https://bit.ly/3oA1tyn ကြည့်ရင် တွေ့နိုင်မှာတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဦးအောင်ဇေယျဆိုသူရဲ့ ရေးသားမှုတွေဟာ PDF တွေကို ပြည်သူတွေက အထင်အမြင်မှားအောင် ဝါဒဖြန့်ထားတဲ့ ပုံစံမျိုးနဲ့ တစ်ဖက်သတ် စွတ်စွဲရေးသားထားတာကို တွေ့ရပြန်ပါတယ်။အဆိုပါ အချက်အလက်တွေကို နှိုင်းယှဉ်ပြီး စီစစ် ကြည့်လိုက်တဲ့အခါမှာ ဦးအောင်ဇေယျဆိုသူ အကောင့် ပိုင် ရှင်ပြောထားတဲ့ နတ်မောက် PDF တွေက နတ်မောက်မြို့မစျေးကြီးကို မီးရှို့ခဲ့တယ် ဆိုတာ ခိုင်လုံတဲ့ အထောက်အထားမရှိတဲ့ မဟုတ်မှန်တဲ့ သတင်း အမှားတစ်ခုသာ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

ဦးအောင်ဇေယျ ဆိုသူ ရေးသားထားတဲ့ သတင်းအချက်အလက်တွေပါတဲ့ အကြောင်းအရာကို တပ်မတော် ထောက်ခံသူတွေနဲ့ အမျိုးသားအ ရေး လှုပ်ရှားသူများရဲ့ Facebook Group တွေထဲမှာလည်း တွေ့ရပြီး Like၊ Comment နဲ့ Shares လုပ်တဲ့သူ အရေအတွက် တော်တော်များများ ရှိတယ်ဆိုတာ တွေ့ရပါတယ်။အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ လက်ရှိ ဖြစ်ပျက် နေတဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို အခြေခံပြီး သတင်းအမှားတွေအဖြစ် ဖန်တီးရေးသားကာ ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်က စာဖတ်ပရိတ်သတ်တွေအနေနဲ့ အကြောင်းအရာတွေကိုပဲဖြစ်ဖြစ် သတင်းတွေ ကိုပဲဖြစ်ဖြစ် ဖတ်ပြီး/ကြည့်ပြီး ထပ်ဆင့် ဖြန့်ဝေတော့မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကနေ တက်လာတဲ့ သတင်းတွေနဲ့ သေချာ စီစစ်ပြီးမှ ဖြန့်ဝေပေးဖို့ လိုပါတယ်။ mizzima

ခင်ဦး၊ ညောင်ပင်ကြီး အကြမ်းဖက် စစ်ကောင် စီ ရဲစခန်းကို PDF တပ်ဖွဲ့များက မီးရှို့ဖျက်ဆီး ၊ စစ်ကူလာသော ကားတန်းကို မိုင်းဆွဲတိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ညောင်ပင်ကြီးစု အကြမ်းဖက် စစ်ကောင်စီ ရဲ စခန်းကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည်ပိုင်း၌ Khin U Local Guerrilla Force တပ်ဖွဲ့နှင့် ဒေသခံ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထံက သိရသည်။

” အဲဒီ ရဲစခန်းက ခွေးတွေက အောက်တိုဘာ ၁၅ ရက်နေ့တည်းက စခန်းကိုစွန့်ခွာပြီး ထွက်ပြေးသွားတာ ဘယ်သူမှ မနေတော့ဘူး။ အနီးအနားရွာမှာရှိတဲ့ သဲကုန်းကြီး ဖက်က စစ်ခွေးတွေကလည်း တပ်ပြန်ဆုတ်သွားလို့ ခွေးတစ်ကောင်မှ မရှိဘူး။ စခန်းကို ဒီနေ့ နေ့လည်ပိုင်းပဲ ဝင်သိမ်းပြီးတော့ မီးရှို့ဖျက်ဆီးလိုက်တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ညောင်ပင်ကြီးစု ရဲစခန်း မီးရှို့ခံရချိန် ခင်ဦးမြို့မှ စစ်ကား ၄ စီး စစ်ကူလာရာ PDF က မြင်းဒေါင်းကျေးရွာအနီး တွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ စစ်တပ်က မိုင်းဆွဲခံရသည့် အနီးတွင် ကျွဲကျောင်းနေသော မြင်ဒေါင်းကျေးရွာသား ၂ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခင်ဦး ဒေသခံများထံမှ သိရှိရသည်။ khit thit

ထိုင်းသို့ တရားမဝင်လူပို့သည့် ပွဲစားများကို အ ရေးယူမည်ဟု မွန်ပြည်သစ်ပါတီသတိပေး

ထိုင်းနိုင်ငံကို တရားမဝင်လူပို့ပြီး တာဝန်မယူတဲ့  ပွဲစားတွေကို ဖမ်းဆီး အပြစ်ပေးအရေးယူမယ်လို့  အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့  မွန်ပြည်သစ်ပါတီက သတိပေးလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် စီးပွါးရေးကျဆင်း အလုပ်အကိုင်ရှားပါးကာ နေ့စဉ်လူတွေရာနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ရောက်လုပ်ကိုင်နေ ကြရပါတယ်။ အဲဒီလို သွားရောက်ရာမှာ အထူးသဖြင့် ထိုင်းနိုင်ငံကိုသွားတဲ့အခါမှာ ပွဲစား အ ဆက်အသွယ်နဲ့ သွားကြပြီး ထိုင်းရဲနဲ့ ဖမ်းဆီးမှုတွေလည်း နေ့စဉ်လိုလို ခံနေရပါတယ်။

ပွဲစားတွေဟာ ထိုင်းသွားလိုသူတွေဆီက ဝန်ဆောင်ခ တစ်ဦးကို ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ထိ ကောက်ခံပြီး လိုရာခရီး ထိရောက်အောင် တာ ဝန်မယူတာ၊ လမ်းခုလတ်မှာ ပစ်ထားခဲ့လို့ ဒုက္ခရောက်တာ၊  ရဲအဖမ်းခံရတာတွေရှိနေတာပါ။ 

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း တာဝန်မယူတဲ့ပွဲစားတွေရှိပါက တိုင်ကြားနိုင်ကြောင်းနဲ့ စုံစမ်းအရေးယူပေးမယ်လို့ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူနယ်မြေမှူး နိုင်ကျော်မိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ထိုင်းကိုသွားမယ်ဆိုရင် တရားဝင်လမ်းကြောင်းကနေပဲ သွားကြဖို့ ကျနော်တို့က နှိုးဆော်စာထုတ်ထားတာပါ။ တကယ်လို့ တရားမဝင်လမ်းကသွားရင် ထိုင်းကလည်း ဖမ်းဆီးမယ်၊ အရေးယူမယ်လေ။ ပွဲစားတွေနဲ့သွားပြီး ပွဲစားကတာဝန်မယူဘူးဆိုလျှင် ကျနော်တို့ဆီကို သတင်းအ တိအကျရယ်၊ ဓာတ်ပုံရယ်၊ ဖုန်းနံပါတ်ရယ်ပို့ပေးလျှင် ကျနော်တို့ စုံစမ်းအရေးယူပေးမယ်။”

အရင်ကလည်း လူပွဲစား ၁၅ ယောက်လောက်ကို စုံစမ်းအရေးယူခဲ့တာတွေရှိကြောင်း၊ အဖွဲ့အစည်းရဲ့ဥပဒေအရ အမှုအကြီးအသေးအလိုက် ပြစ်ဒဏ်ပေးပြီး အနည်းဆုံးတော့ ထောင် ၃ လ ချတယ်လို့ သူကဆက်ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲကို တရားမဝင် သွားရောက်သူတွေအနက် ၂ ပတ်အတွင်း  ထိုင်းအာဏာပိုင်တွေ ဖမ်းမိထားသူ ၅၀၀၀ လောက်ရှိတယ်လို့ ထိုင်းကထုတ်ပြန်ထားပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဘုရားသုံးဆူဘက်ကနေ ဝင်ရောက်သူ ၂၀၀၀ လောက်ရှိမယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။ 

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်သူတွေ မကြာခဏဖမ်းဆီးရမိလေ့ရှိတာပါ။ 

နယ်စပ်တောတောင်ထူထပ်ပြီး တောလမ်းဝင်ပေါက်ထွက်ပေါက်တွေ အများကြီးရှိတာကြောင့် သူတို့ထိန်းချုပ်နယ်မြေကို ဖြတ်ပြီး ဝင်ရောက်သွားသူတွေကို အကုန်မသိနိုင်ကြောင်း၊ ဒီမတိုင်ခင် စက်တင်ဘာလက ၂၀ ကျော်၊ ဩဂုတ်လက ၃၀ ကျော် တွေ့ရှိခဲ့ပြီး သူတို့ကို ပြန်ခေါ်လာကာ ထမင်းကျွေး ပညာပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ DVB

« Older Entries Recent Entries »