Monthly Archives: Nov 2021

အာဆီယံ – တရုတ်ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ပါဝင်ခွင့် ငြင်းပယ်ခံရ 

နောက်သီတင်းပတ်အတွင်း အွန်လိုင်းမှတစ်ဆင့် ကျင်းပရန်ရှိသည့် အာဆီယံ – တရုတ် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်ရရေး တရုတ်နိုင်ငံက လိုက်လံစည်းရုံးခဲ့ရာတွင် အာဆီယံနိုင်ငံအချို့က ငြင်းပယ်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၈) ညနေပိုင်း Reuters သတင်းက ဆိုသည်။ 

တရုတ်သမ္မတ ရှိကျင့်ဖျင်တက်ရောက်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခွင့်ပြုရေး တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို စည်းရုံးခဲ့သည်ဟု သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Reuters သတင်းဌာနက ရေးသားထားသည်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က တရုတ်နှင့် ထိပ်သီးအစည်းအဝေးတွင် မင်းအောင် လှိုင်ကို တက်ရောက်ခွင့်မပြုရန် သဘောထားရှိကြသည်ဟု သိရသည်။ 

“မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူတို့ အာဆီယံထိပ်သီးအစည်းအဝေးအတိုင်းပဲ မပြောင်းလဲဖို့ သဘောတူကြပါတယ်” ဟု အာဆီယံနိုင်ငံတစ်ခုမှ အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးဦးကိုသာ တက်ရောက်ခွင့်ပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာ ၂၆ မှ ၂၈ အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သော မြန်မာကိုယ်စားပြုသူ မပါဝင်သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်အများစုက ထောက်ထားမှုမပြဘဲ ပြစ်တင်ဝေဖန်သည့်သ ဘောထား ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တရုတ်နှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်ပြုမပြုနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများ သဘောထားမပြောင်းလဲသည့်ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်အသက်မသွင်းမချင်း နိုင်ငံရေးအရကိုယ်စားပြုခွင့် မရှိသင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီးက သဘာထားရှိသည်ဟု Reuters သတင်းက ဆိုသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် စွန်ကော်ရှင်း စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံသို့ သွားရောက်စဉ် တ ရုတ် – အာဆီယံထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်တက်ရောက်ခွင့်ရမည် မဟုတ်ကြောင်း အကြောင်းကြားခံရသည်ဟု ဆိုသည်။

တရုတ်နိုင်ငံအထူးကိုယ်စားလှယ် စွန်ကော်ရှင်းသည် ၎င်း၏ ဒုတိယအကြိမ်ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ စွန်ကော်ရှင်းသည့် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း နေပြည်တော်သို့ တိတ်တဆိတ်လာရောက်ခဲ့သည်။ myanmar now

အန်အယ်လ်ဒီအမတ် ဦးဖြိုးဇေယျာသော် ဖမ်း ဆီးခံရဟု သတင်းထွက်ပေါ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော်အမတ်လည်းဖြစ် ဟစ်ဟော့ပ် အဆိုတော်လည်းဖြစ်တဲ့  ဦးဖြိုးဇေယျာသော်ကို  နိုဝင်ဘာ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ  အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသနဲ့ နီးစပ်သူတွေက အတည်ပြုပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့ ဦးဖြိုးဇေယျာသော်ဟာ သူတက်ရမယ့်အစည်းအဝေးတွေ မတက်ခဲ့ဘဲ နေ့လယ်ပိုင်းကတည်းက  အဆက်သွယ်ပြတ်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

ဒီနေ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာကို လက်နက်ကိုင်စစ်သားတွေ အပြည့်တင်လာတဲ့   စစ်ကားအသေး အစီး ၂၀ လောက်၊ စစ်ကားကြီး ၉ စီးလောက်နဲ့  ညနေ ၃ နာရီလောက်မှာ ဝင်စီးခဲ့ပြီး  ၄ နာရီခွဲလောက်မှာ ပြန်ထွက်သွားကာ ခေါင်းစွပ်ပြီးဖမ်းခေါ်သွားတဲ့သူရှိတယ်လို့  အနီးနားမှာ နေထိုင်တဲ့ ဒေသခံ တဦးက ပြောပါတယ်။ 

ဒါပေမဲ့ အဆိုပါ ဖမ်းဆီးခံရသူဟာ ဦးဖြိုးဇေယျာသော်လား တခြားသူ တဦးလားဆိုတာတော့ ပြောဖို့ခက်တယ်လို့ဆိုပါတယ်။

ရန်ကုန်မှာလတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးကို  ဦးဖြိုးဇေယျာသော်က ခိုင်းစေခဲ့တာဆိုပြီး စစ်ကောင်စီက အမြဲလိုလို   စွပ်စွဲထုတ်ပြန်လေ့ရှိပြီး အခုဖမ်းဆီးမှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဦးဖြိုးဇေယျာသော်ကို ပရိသတ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကို ကိုယ် စားပြုပြီး နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရကာ ပြည်သူ့ လွှတ် တော်အမတ် ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်မှ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ် ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ DVB

သပိတ်ကျင်း CDM ကျောင်းဆရာ အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မြင်သာရွာ၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ကျောင်းဆရာတစ်ဦး ယမန်နေ့ (နိုဝင်ဘာ ၁၇) နေ့လယ်က ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့သည်။ 

နေ့လယ် ၁၁ နာရီခန့်၌ မြင်သာရွာရှိ အသက် ၄၀ ဝန်းကျင်အရွယ် အထက်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်၏ နေအိမ်သို့ စစ်သားနှင့် ရဲများက အင်အားအများအပြားဖြင့် မိသားစုရှေ့တွင် ဖမ်းခေါ်သွားခဲ့သည်။ 

ညနေ ၅ နာရီခန့်၌ ကျောင်းဆရာ သေဆုံးသွားပြီဖြစ်ကြောင်း ကပ်လျက်ရွာဖြစ်သော ကြာညှပ်ရွာရဲစခန်းက မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ဒေသခံ ကျောင်းဆရာမတစ်ဦးက ပြောသည်။

“စစ်ကြောရေးမှာ နှိပ်စက်ဒဏ် မခံနိုင်လို့ ဆုံးသွားတယ်လို့ပဲ သိရတယ်။ ဘာဒဏ်ရာနဲ့ ဆုံးလဲ၊ ဘယ်လိုဆုံးလဲက အလောင်းလည်း ထုပ်ထားပြီး မျက်နှာလေးပဲ ပြတယ်ဆိုတော့ မသိရဘူး။ ပြီးတော့ ကြာညှပ်သုသာန်မှာ ညက သူတို့ သင်္ဂြိုဟ်လိုက်ပြီ ပြောတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ သပိတ်ကျင်းမြို့နယ်မှ ထိုကျောင်းဆရာက ပြောသည်။

ဒေသခံ နောက်တစ်ဦးကလည်း ဦးဇော်မင်းအောင်သည် မြင်သာရွာအထက်ကျောင်းမှ ဖြစ်ပြီး သတင်းမှားပေးခံရခြင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“ဆရာက အရမ်းရိုးတာ အေးတာ။ သူများကိုလည်း ကူညီတယ်။ သူ့မှာ CDM လုပ်တာကလွဲလို့ အခြား နိုင်ငံရေးလုပ်တာ မရှိပါဘူး။ ဒီတစ်ခုကြောင့်ပဲ ဒလန်သတင်းပေးခံရလို့ ဖမ်းခံရတာပါ”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြင်သာရွာမှ အသက် ၃၀ အရွယ် ကိုမိုးကျော်ဆိုသူသည် ရွာအတွင်း ရဲနှင့် စစ်သားများ ဝင်ရောက်လာကြောင်း သတိပေးအော်ဟစ်ခဲ့သည့်အတွက် အဖမ်းခံရပြီး ယင်းနေ့ညနေပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရဲစခန်းက ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံ ၂ ဦးထံမှ သိရသည်။

တစ်ချိန်တည်း ဖမ်းဆီးခံရသူနှစ်ဦး ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များအတွက် ဝမ်းနည်းမိသည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“လွတ်လာတဲ့ တစ်ယောက်ဆိုလည်း မသေရုံတမယ်ပဲ ရိုက်နှက်နှိပ်စက်ထားတာ။ ဒီလိုလုပ်ရပ်တွေ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေကို ရှုတ်ချပါတယ်။ ကိုယ့်ရွာက ဆရာတစ်ဦးဖြစ်တော့ အတော်လည်း စိတ်ထိခိုက်ရပါတယ် ” ဟု ထိုအမျိုးသားက ပြောသည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် Myanmar Now က စစ်ကောင်စီပြန်ကြားရေးနှင့် သပိတ်ကျင်းမြို့နယ် ကြာညှပ်ရဲစခန်းသို့ ဆက်သွယ်၍ မရသေးပေ။

ရောဂါတစ်စုံတစ်ရာ မရှိဘဲ သေဆုံးသွားသည့် ဦးဇော်မင်းအောင်ထံတွင် ဇနီးသည်နှင့် အရွယ်မရောက်သေးသူ သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ 

သပိတ်ကျင်းမြို့ပေါ်မှ ကားဖြင့် ၂ နာရီခန့်သွားရသည့် အကွာအဝေးတွင် ရှိသော အဆိုပါရွာသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများ အားကောင်းခဲ့သည့်ရွာဖြစ်ပြီး လက်ရှိတွင် ဆန္ဒပြပွဲခေါင်းဆောင်များ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

မန္တလေးတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြစစ်ကြောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက မကြာခဏ အကြမ်းဖက်ဖမ်းဆီးနေသည့်ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပါတီထောက်ခံသူများ၊ PDF, CDM ထောက်ပံ့သူများကို မကြာခဏ ဖမ်းဆီးသတ်ဖြတ်လေ့ရှိသည်။

ပြီးခဲ့သည့်‌ အောက်တိုဘာ ၆ ကလည်း မတ္တရာမြို့နယ်၊ ကင်းရွာမှ ကျူရှင်ဆရာတစ်ဦးဖြစ်သူ ကိုသိန်းဇော်ကို PDF ထောက်ပံ့သူဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးသွားပြီး ၃ ရက်အကြာတွင် ၎င်း၏ နေအိမ်ကို လိုက်ပြခိုင်းကာ အပြန်လမ်းမှာ သတ်ဖြတ်၍ ရုပ်အလောင်းကို ရွာသုသာန်အနီး စွန့်ပစ်ခဲ့သည်။

နိုဝင်ဘာ ၁ ကလည်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှ ​​အသက် ၃၂ နှစ်အရွယ် CDM ကျောင်းဆရာ ဦးဝင်းလွင် ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ ၂၄ နာရီအတွင်း သေဆုံးသွားသည်။

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ လိပ်ဆံခွံကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားသည့် ‘ဆရာ၊ ဆရာမများ လုပ်ငန်းခွင် ပြန်မဝင်ပါက ပစ်သတ်မည်’ ဟူသော သတိပေးစာ ဆွဲဖြဲခံရသောကြောင့် နိုဝင်ဘာ ၁၀ မနက်တွင် စစ်သားများ ရောက်လာပြီး မင်္ဂလာပွဲတစ်ခုအတွက် ပြင်ဆင်နေသူများ၊ ရွာသားများကို ရိုက်နှက်မေးမြန်းခဲ့သည်။ 

နယ်မြေရင်းနှီးကျွမ်းကျင်မှုမရှိသော စစ်ကောင်စီတပ်သားတို့သည် မည်သူ့ကို ဖမ်းဆီးစစ်ဆေးသင့်သည်၊ ထိုသူ၏ အိမ်သို့ မည်သို့သွားရောက်ရသည် စသည်တို့ကို သိရှိနိုင်ရန် ဒေသအသီးသီးတွင် ဒလန်များကို အားကိုးနေရသည်။ 

ဒလန်တို့၏ လက်ထောက်ချမှုကြောင့် ဖမ်းဆီးခံရသူတို့ နှိပ်စက်၊ သတ်ဖြတ်ခံရသည့် သတင်းများ နိုင်ငံအနှံ့အပြားမှ ထွက်ပေါ်နေသည်။ 

ဤအခြေအနေတွင် လက်နက်ကိုင်အန်တုသူများက စစ်ကောင်စီတပ်သားတို့ကိုသာမက ဒလန်ဟု ယူဆရသူတို့ကိုလည်း ပစ်မှတ်ထားတိုက် ခိုက်နေကြသည်။ myanmar now

PDF (Kalay) တပ်ရင်း-၃ ဝင်ရောက်စီးနင်းခံရစဉ် ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ မချင်းချင်း ကျဆုံး၊ ဆေးတပ်သား အမျိုးသမီး ၉ ဦး ဖမ်းခံထားရဆဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်တောင်ဘက်ရှိ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၊ တပ်ခွဲစခန်းတစ်ခု နိုဝင်ဘာလ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် ဝင်ရောက်စီးနင်းခံရစဉ် စခန်းတွင် ကျန်ရှိနေသည့် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ Mai Biak Rem Chin (ခ) ချင်းချင်းတို့ စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ကျဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ၃ ဦးသည် တပ် ရင်း-၃ စခန်း ဝင်ရောက်စီးနင်းခံရစဉ် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန် ကျဆုံးခဲ့သည်ဟု သိရှိရပြီး PDF ရဲဘော် ၂ ဦး၏ အလောင်းကို နေရာတွင် သဂြိုလ်လိုက်ရကြောင်း ကလေးမြို့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တပ်ရင်း-၃ မှ ဖမ်းဆီးခံလိုက်ရသော ဆေးတပ်ဖွဲ့မှ အမျိုးသမီးများကို ခေါ်ဆောင်ကာ နဂါးပွက်ကျေးရွာသို့ စစ်ကောင်စီတပ်များ ထွက်ခွာသွားခဲ့ပြီး အဆိုပါ နဂါးပွက်ရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ် ပွားခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် PDF (Kalay) တပ်ရင်း-၃ က ရဲဘော်များ ရှေ့တန်းထွက်နေချိန် အဆိုပါစခန်းအား ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး စခန်းတွင် နေမကောင်းဖြစ်နေသော PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦး တို့သာ ကျန်ရှိနေချိန်ဖြစ်သည်။ khit thit

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် က ရင်နီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံး၊ စစ်ကောင်စီတပ်က နေ အိမ်များအား မီးရှို့ပြီး ပြည်သူ ၂ ဦးအား အ ကြောင်းမဲ့ ပစ်သတ်

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာ တလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မ တော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကာ တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က ၆ မိုင်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သလို အပြစ်မဲ့ပြည်သူ ၂ ဦးအား အကြောင်းမဲ့ ပစ်သတ်သွားကြောင်း KNDF က သတင်းထုတ်ပြန်သည်။

လွိုင်ကော်မြို့မှတဆင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘော်လခဲမြို့များအတွက် စစ်အင်အားဖြည့်တင်းမည်ဟု ယူဆရသော စစ်ကား အစီး ၂၀ ပါ ယာဉ်တန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်တွင် တပ်အင်အားများ ဖြည့်တင်းနေသလို ဖရူဆို၊ ဘော်လခဲမြို့နယ်များဘက်သို့ တပ်အင်အား ဖြည့်တင်းရန်ကြိုးစားလျက်ရှိပကြောင်း၊ ကယန်းလူမျိုးများနေထိုင်ရာ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း‌ဒေသဘက်သို့ အင်အား (၃၀၀) ကျော်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလျက်ရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ khit thit

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို အင်အားအလုံးအရင်းဖြင့် ဝင်စီး 

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို ယနေ့ (နိုဝင်ဘာ ၁၈) မွန်းလွဲ ၃ နာရီမှ စတင်၍ စစ်ကောင်စီက အင်အားအလုံးအ ရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ 

ကားအစီး ၃၀ ကျော်ဖြင့် ရောက်ရှိလာသည့် အင်အား ၁၀၀ ကျော်ရှိ ရဲနှင့် စစ်သားများက ပိတ်ဆို့ ရှာဖွေနေ ကြောင်း၊ အိမ်ရာဝန်းတစ်ခုလုံးကို လက်နက်ကိုင်အစောင့်များ ချထားကာ မည်သည့်တိုက်ကို ရှာဖွေနေ သည်ဟု အတိအကျ မသိရကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ရတနာနှင်းဆီအိမ်ရာတွင် နေထိုင်သူနောက်တစ်ဦးကလည်း “FAW ကား အစီး ၁၀ လောက်ရှိတယ်။ Double Cab က ၁၀ စီးလောက်၊ အိမ်းစီးကားက ၇ စီးလောက်ရှိ တယ်။ ဘယ်အခန်းရယ်လည်းတော့ မသိဘူး။ လူမရှိတဲ့ အခန်းတွေကို တံခါးတွေရိုက်ဖွင့်နေတယ်” ဟု ပြောသည်။

“လက်ရှိတော့ အကုန်ပြန်ထွက်သွားပါပြီ။ တွေ့ရသလောက်တော့ အဖမ်းခံရတာ မတွေ့သေးဘူး။ အခုတော့ တစ်ယောက်မှ မရှိတော့ဘူး” ဟု ၎င်က ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ထပ်မံဖြည့်စွက် ပြော ကြားသည်။ 

ရတနာနှင်းဆီအိမ်ရာ ဝင်ရောက်စီးနင်းခံရစဉ်အတွင်း ဖမ်းဆီးခံရသူ သုံးဦးရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပင် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် အတည်ပြုပြောကြားသည်။ 

ရန်ကုန်တိုင်းအတွင်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ၎င်းတို့အဖွဲ့ဝင်များအနက် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု ယနေ့တွင် Myanmar Now ကို အတည်ပြုထားသည်။

ခုခံတော်လှန်စစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်း စတင်ခဲ့သော ‘ပျံလွှား အောင်’ စစ်ဆင်ရေးအရ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန် မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားထားသည်။

‘ပျံလွှားအောင်’ စစ်ဆင်ရေးအရ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းအတွင်း ၁၀ နေရာထက်မနည်းကို ဗုံးခွဲခဲ့သည့်အပြင် သံလျင်တံတားအ ဆင်းရှိ စစ်တပ်ကင်းစခန်း၊ လှိုင်ယာယာမြို့နယ်ရှိ ရွှေလင်ဗန်း မီးသတ်ရုံနှင့် မိုးလုံလေလုံ အားကစားကွင်းရှိ စစ်ကောင်စီစခန်း၊ ထန်းတပင်မြို့နယ်ရှိ တာဆုံရဲကင်းတို့ ကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ myanmar now

ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးတွင်ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် နိုဝင်ဘာလ ၁၈ရက် ညနေ ၆ နာရီ ဝန်းကျင်အချိန်က ပေါက်ကွဲမှု ဖြစ်ခဲ့‌ေကြာင်း ဒေသခံများထံက သိရသည်။

“သူတို့က အဲဒီမှာ တပ်စွဲထားတာ ကြာပြီ။ ဆန္ဒစပြတဲ့အချိန်တည်းကပဲ အင်အားကတော့ ငါးယောက်ကနေ ခုနှစ်ယောက်ကြားလောက် ရှိတယ်။ တစ်ယောက်တော့ ထိသွားတယ်။ သေလား ဘာလားတော့ သေချာမသိဘူး။ အကြီးစား လက်လုပ်ဗုံးတစ်ခုကို ပံ့သကူ စွန့်ခဲ့တာပါ”ဟု Kyaukpadaung Defence Force (KDF)အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ဦးထိခိုက်ခဲ့ပြီး ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးပေ။ mizzima

PDF ၂၀ ခန့် ဖမ်းဆီးခံရကြောင်း NUG ရန်ကုန် တိုင်းအဖွဲ့ အတည်ပြု

ရန်ကုန်တိုင်းအတွင်း PDF အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် ထုတ်ပြန်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က  အဖမ်းခံရသည့် ၎င်းတို့၏ အဖွဲ့ဝင်အရေအတွက်မှာ၂၀ ခန့်  ရှိသည်ဟု Myanmar Now ကို ယနေ့ ပြောသည်။ 

အဖမ်းခံရသူများမှာ နိုဝင်ဘာ ၁၂ မှ ၁၇ အတွင်း ပစ်ခတ်မှုများနှင့် ဆက်စပ်သူများဟု စစ်ကောင်စီက ဆိုသော်လည်း အလုံးစုံ မှန်ကန်ခြင်းမရှိဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

“အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ပါသလို၊ သာမန်ပြည်သူတွေကို ဖမ်းဆီးပြီး ဇာတ်လမ်းဆင်ထားတာတွေ အများကြီးပါပါတယ်” ဟု ၎င်းက ဆိုသည်။

“အမှားလို့တော့ မပြောချင်ပါဘူး။ တိုက်ပွဲတိုင်းမှာ အောင်မြင်တာ ဆုံးရှုံးတာတော့ ရှိတတ်စမြဲပါပဲ။ ပြည်သူလူထုအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့ရဲဘော်တွေအတွက် ကျွန်တော်တို့ အမြဲဂုဏ်ယူလေးစားလျက်ပါ”  

PDF အဖွဲ့ဝင် ၂၀ ကျော် ဖမ်းဆီးခံရမှုဖြစ်စဉ်အသေးစိတ်ကို‌ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။  

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၁၅ တွင် တိုင်းအတွင်း နေရာ ၄ နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုင်းတစ်ခုလုံးတွင် ဗုံး ၁၀ ကြိမ်ခန့် ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။ ထိုနေ့က သာကေတမြို့နယ် သန်လျင်တံတားအဆင်းပစ်ခတ်မှုတွင် စစ်သား ၃ ဦးနှင့် ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးပြီး ထန်းတပင်မြို့နယ် တာဆုံရဲကင်းပစ်ခတ်မှုတွင် ရဲ ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

NUG ၏ ပြည်သူ့ခုခံစစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ မှစ၍ ကာကွယ်‌ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က “ပျံလွှားအောင်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ပါဝင်သည့် ဟံသာဝတီခရိုင်၌ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ပြုလုပ်နေသည့် ထိုစစ်ဆင်ရေးများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင်ရှိသည့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဦးဆောင်နေသည်ဟု သိရသည်။

“ပျံလွှားအောင်” စစ်ဆင်ရေး၏ အစိတ်အပိုင်းများဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့က စစ်သား ၁၁ ဦး သေဆုံးခဲ့သည့် ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးရွာအနီး စစ်ကောင်စီကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု၊ နိုဝင်ဘာ ၁၂ ရက်နေ့က ကော့မှုးမြို့နယ်၊ မကျီးကန်ရွာအနီး စစ်ကောင်စီကင်းလှည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်မှု စသည့် ဖြစ်စဉ်တို့မှာ ၎င်းအဖွဲ့က စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် လူမှုကွန်ရက်တွင် အများစိတ်ဝင်စားခဲ့သော အောက်တိုဘာ ၂၃ ရက်နေ့က စစ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ပစ်ခတ်မှုမှာလည်း ၎င်းအဖွဲ့၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။

PDF များ အများအပြားဖမ်းဆီးခံရသော်လည်း “ပျံလွှားအောင်”စစ်ဆင်ရေး အရှိန်‌လျော့ကျသွားမည် မဟုတ်ကြောင်း ၎င်းတာဝန်ခံက ပြော သည်။

“ပျံလွှားတွေရဲ့ ဒီထက်ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့ ပြင်ဆင်ထားပါလို့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ကို သတင်းစကားပါးလိုက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်သူများအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ကျရာကဏ္ဍမှ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးပါက PDF ရဲဘော်များအတွင် စိတ်အားတက်စရာဖြစ်လာမည်ဟု ၎င်းက ပြောခဲ့သည်။

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်ပြသိမ်းယူပြီးသည့်နောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီကို သိန်းနှင့်ချီသည့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

သို့သော် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ပြည်သူ ၁၀၀၀ ကျော်သေခဲ့ရပြီး ငြိမ်းချမ်းစွာဆန္ဒပြမှု များမှ လက်နက်ကိုင်တော်လှန်မှုသို့ ပြောင်းလဲလာခဲ့ကာ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း စစ်ကောင်စီကို တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနေသည်။

စစ်ကောင်စီက လက်နက်ကိုင်အန်တုသူတို့ကို အကြမ်းဖက်သမားဟု ကြေညာထားသည်။ myanmar now

« Older Entries