ကီရင်က စစ်တပ်၏ ဦးပိုင်နှင့် လက်တွဲဖြုတ်ရန် ဥပဒေကြောင်းအရ စီစဉ်နေ

ဂျပန်အခြေစိုက် နိုင်ငံတကာဘီယာလုပ်ငန်းကြီးတစ်ခုဖြစ်သည့် ကီရင်ကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) နှင့် စီပွားရေးမိတ်ဖက်အဖြစ်မှ လက်တွဲဖြုတ်ရန် ဥပဒေကြောင်းအရစီစဉ်နေသည်။
ကီရင်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Toru Yoshimura နှင့် စာရင်းကိုင်ဌာနမှ အထွေထွေမန်နေဂျာ Takashi Hayashi တို့ နိုဝင်ဘာလအ တွင်း ပြုလုပ်သည့် အမေးအဖြေ မှတ်တမ်း တစ်ခုတွင် ထိုသို့ ပါဝင် ခြင်းဖြစ်ပြီး မည်သူက မေး၍ မည်သူက ဖြေသည်ကိုမူ အသေးစိတ်မသိရပေ။
မြန်မာနိုင်ငံအတွင်း ဖက်စပ်လုပ်ငန်း၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်သည့် အမေး အဖြေတစ်ခု တွင် “အခုအချိန်မှာ အသစ်ပြုပြင်ပြောင်းလဲချက်မရှိပေမယ့် ဖက်စပ်ဆောင်ရွက်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်” ဟု ကီရင်ဘက်က တရားဝင် ပြောဆိုထားကြောင်း ထိုမှတ်တမ်းအရ သိရသည်။
“ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ အပါအဝင် ဒီနှစ်ကုန်ပိုင်းမှာ အရေးယူဆောင်ရွက်ချက်တွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ နောက်ပြီး ဖက်စပ်လုပ်ကိုင်မှုကိုရပ်တန့်ဖို့ ဖြစ်နိုင်ချေရှိတဲ့ ဆောင်ရွက်ချက်တွေ အားလုံးကို စဉ်းစားနေပါတယ်” ဟုလည်း ကီရင်က ထပ်လောင်းပြောဆိုသည်။
ထို့အတူ MEHLနှင့် ဖက်စပ်လုပ်ကိုင်နေသော မြန်မာဘီယာကို ထုတ်လုပ်သည့် Myanmar Brewery ကုမ္ပဏီနှင့်ပတ်သက်၍ “ Myanmar Brewery မှာ လုပ်ငန်း လည်ပတ်မှုအရ စွန့်စားရနိုင်ခြေများကြောင်း” ကီရင်က မှတ်ချက်ပြုသည်။
ထိုအမေးအဖြေကဏ္ဍ ထုတ်ပြန်ချိန်သည် “ရောင်းအားကျဆင်းမှုနှင့် ကုန်ကြမ်းဈေးမြင့်တက်မှုကြောင့် မြန်မာ နိုင်ငံမှ အမြတ်အစွန်းများကျ ဆင်းသည်”ဟု ကီရင်ကုမ္ပဏီက လက်ရှိဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် တတိယ သုံးလပတ်ရလဒ် အစီရင်ခံစာ ထွက်ရှိချိန်နှင့် တိုက်ဆိုင်နေသည်။
ပြီခဲ့သည့်နှစ်နှင့်ယှဉ်လျှင် မြန်မာဘီယာထုတ်လုပ်သည့်ကုမ္ပဏီသည် ရောင်းအား ၄၀ ရာခိုင်နှုန်း၊ ဂျပန်ယန်း ၉ ဒသမ ၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း) ထိုးကျသွားပြီး ပုံမှန်လုပ်ငန်း လည်ပတ်မှု အမြတ်အစွန်းမှာ ၅၀ ရာခိုင်နှုန်းအောက်သို့ ကျသွားကြောင်း၊ ကီရင် ဘီယာ ရောင်းအား ၂၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အစီရင်ခံစာက ဆိုသည်။
မြန်မာဈေးကွက်အတွင်း ရောင်းအားနှင့် အမြတ်ငွေ ကျဆင်းရခြင်းမှာ ကိုဗစ်နိုင်တင်း(Covid-19)နှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ် သည်ဟု ထိုသုံးလပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဦးပိုင်ကုမ္ပဏီနှင့် အကျိုးတူ ဖက်စပ်ဆောင်ရွက်မှု ကို အဆုံးသတ်ရန် ကြေညာခဲ့ပြီး မြန်မာစစ်တပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အလွန် စိုးရိမ် ပူပန်ကြောင်း ကီရင်ကုမ္ပဏီက ပြောထားပြီးဖြစ်သည်။
လူ့အခွင့်အရေးနှင့် တက်ကြွလှုပ်ရှားသူတို့က ရိုဟင်ဂျာများနှင့် တိုင်းရင်သားမျိုးနွယ်စုများအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ထောက်ပြ၍ စစ်တပ်လက်အောက်ခံကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်မှုကိုအဆုံးသတ်ရန် တောင်းဆိုမှုများရှိနှင့်ပြီးဖြစ်သော်လည်း ကီရင်ဘက်က နှစ်အတန်ကြာ လစ်လျူရှုထားဖူးသည်။
သို့သော် ပြီးခဲ့သည့် ဩဂုတ်တွင် စစ်တပ်ပိုင် MEHLနှင့် လက်တွဲမှုကို အဆုံးသတ်မည်ဖြစ်သော်လည်း မြန်မာတွင် စီးပွားရေးဆက်လက်လုပ် ကိုင်ရန် ရည်ရွယ်ထားသည်ဟု ကီရင်ကုမ္ပဏီ၏ အမှုဆောင်တစ်ဦးက ပြောထားသည်။ အသေးစိတ်ကိုမူ မသိရသေးပေ။
အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီထံ စီးဝင်နေသည့် ဘဏ္ဍာငွေများကို ဖြတ်တောက်နိုင်ရန် စစ်တပ်ထုတ်ကုန်များကို မြန်မာနိုင်ငံအနှံ့ သပိတ် မှောက်လျက်ရှိသည်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နောက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ကုမ္ပဏီ Mytel သည်လည်း အာဏာသိမ်းပြီး သုံးလအတွင်း၌ပင် သုံးစွဲသူ ၂သန်းနီးပါး လျော့ကျသွား၍ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း Justice for Myanmar ၏ နိုဝင်ဘာ ပထမပတ် အစီရင်ခံစာ တစ်စောင်က ဖော်ပြ သည်။
ထို့အတူ အာဏာသိမ်းပြီး ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်း လုပ်ငန်း ရပ်ဆိုင်းရန်၊ လုံးဝ စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာ ကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း ဇူလိုင်လကုန်ပိုင်း၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ ဘဏ်၏ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာက ဆိုထားသည်။
ထိုလုပ်ငန်းများထဲတွင် စွမ်းအင်၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာနှင့် လက်လီ လုပ် ငန်းများပါဝင်ပြီး မြန်မာနိုင်ငံ၌ ဒေါ် လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည််။
ထို့အတူ ၂၀၁၃ ခုနှစ်စကာ London, KENT, Lucky Strike စသည့် စီးကရက်အမှတ်တံဆိပ်များကို ထုတ်လုပ်ရောင်းချနေသည့် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ British American Tobacco (BAT)က လုပ်ငန်းအားလုံးရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ ထွက်မည်ဟု အောက်တိုဘာ တွင် ကြေညာခဲ့သည်။ myanmar now