စစ်ကောင်စီ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၃၈ ခုမှ ဝိဇ္ဇာ၊ သိပ္ပံ အဝေးသင်တန်းများကို နိုဝင်ဘာ ၁ မှ ၉ အတွင်း ကျောင်းအပ်လက်ခံမည်ဟု မူလက ကြေညာထားသော်လည်း တစ်လခန့် နောက်ဆုတ်လိုက်ရသည်။
ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသားများအတွက်ဟုဆိုကာ ကျောင်းအပ်ကာလကို ဒီဇင်ဘာ ၅ အထိ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ၇ တွင် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် ကြေညာသည်။
Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုများအရ အာဏာသိမ်း စစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံ၊ တော်လှန်သည့် လှုပ်ရှားမှုအဖြစ် ကျောင်းမတက်ဘဲ သပိတ်မှောက်ကြသည်ဖြစ်၍ ကျောင်းအပ်နှံသူ နည်းပါးသဖြင့် ထိုသို့ ရက်ထပ်တိုးခြင်းဖြစ်ကြောင်း သိရသည်။ အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။
ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ဘက်ပေါင်းစုံမှ နိုင်ငံအနှံ့တော်လှန်နေချိန်တွင် ၎င်းတို့ဖွင့်သည့် ကျောင်းသို့ သွား၍ တက်ရောက်ရန် လိပ်ပြာမလုံဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တတိယနှစ် မြန်မာစာ အဝေးသင်ကျောင်သားတစ်ဦးက ပြောသည်။
“အဝေးသင်ပညာရေးက လုံးဝပြည့်စုံတဲ့ပညာရေးတစ်ခုမဖြစ်သေးဘူးဆိုတဲ့ အခြေအနေမှာဘဲ အာဏာရှင်လက်အောက်ကို ရောက်သွားတဲ့နောက်မှာရော ပိုပြီးကောင်းတဲ့ပညာရေးစနစ် ရမယ်လို့ မျှော်လင့်လား။ မျှော်လင့်စရာလည်းမရှိဘူးလို့ ယူဆတဲ့အတွက် ဒီအာဏာရှင်စနစ်မပြုတ်ကျမချင်း ဒီကျောင်းတွေမတက်ကြပါနဲ့။ ကျောင်းတွေမအပ်ကြပါနဲ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ အဝေးသင်တက္ကသိုလ် ပြန်ဖွင့်ရန် ကြိုးပမ်းမှုမှာ လူငယ်များ၏ ပညာသင်ယူခွင့်အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရားပုံမှန်လည်ပတ်နေသည်ဟု ပြသရန်၊ စစ်ကျွန်ပညာရေးကို အသက်သွင်းရန်သာ ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ကျောင်းသားကပင် သုံးသပ်သည်။
စစ်ကောင်စီသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းသည့် ကျန်းမာရေး၊ ပညာရေးနှင့် ဘဏ်လုပ်ငန်းများကို ပုံမှန်ပြန်လည်ပတ်နေပြီဆိုသော ပြယုဂ်ကို စစ်ကောင်စီက တစိုက်မတ်မတ် အကောင်အထည်ဖော်နေခြင်းသာဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုမင်းသံစဉ်ဦးကလည်း ပြောသည်။
ထို့အတူ စစ်ကောင်စီက ၎င်းတို့ကို နိုင်ငံအနှံ့ ပြန့်ကျဲစွာ တော်လှန်နေသည့် ကျောင်းသားများကို ပြန်လည်စုစည်းရန်၊ CDM တွင် ပါဝင်ပြီး နုတ်ထွက်သွားကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနေရာကို အလျင်အမြန် ပြန်လည်အစားထိုးနိုင်ရန် ရည်ရွယ်ပုံရကြောင်း ၎င်းက သုံးသပ်သည်။
စစ်ကောင်စီက အာဏာသိမ်းပြီး လေးလအကြာ မေ ၅ ရက်ကတည်းက တက္ကသိုလ်နှင့် ကောလိပ်များမှ သင်တန်းအချို့ကို ပြန်လည်ဖွင့်ပြခဲ့သည့်နည်းတူ အဝေးသင်တက္ကသိုလ်ကိုလည်း ထိုနည်းလည်းကောင်း လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း ကျောက်ဆည်တက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တက်ရောက်သူ ဦးရေ နည်းပါးစွာဖြင့် မေလအတွင်း စဖွင့်သည့် တက္ကသိုလ်နှင့် ကောလိပ်များကဲ့သို့ ယခု ထပ်မံစီစဉ်သည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကလည်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်ရန် လိုကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အုပ်စုသည် မတရားသဖြင့် အာဏာသိမ်းယူထားသည့်အပြင် ဆန့်ကျင်သည့် ကျောင်းသား၊ ကျောင်းသူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီထောင်ချနေသဖြင့် စစ်ကောင်စီက ဖွင့်မည့် စာသင်ကျောင်းများသို့ သွားတက်ခြင်းသည် ရှက်ဖွယ်လုပ်ရပ်ပင်ဖြစ်သည်ဟု ထိုသူက မှတ်ချက်ပြုသည်။
“ကိုယ့်ကျောင်းသားတွေကို ပစ်ခဲ့တဲ့ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့)ရှိနေတဲ့ တက္ကသိုလ်နဲ့ ပြီးတော့ အခုလက်ရှိထောင်ထဲမှာ ကျောက်ဆည်တက္ကသိုလ်ကျောင်းသားတွေရှိနေသေးတယ်။ မတရားသော ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့ကျောင်းသားတွေရှိရဲ့သားနဲ့ ကျောင်းသွားတက်မယ်ဆိုရင် ဒါကိုတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်” ဟု ၎င်းက ဆိုသည်။
စာသင်ကျောင်းများ အတင်းအကျပ်ပြန်ဖွင့်သည့် စစ်ကောင်စီ၏ ခြေလှမ်းမှာ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် တပ်စွဲရန်သာဖြစ်ပြီး ပညာအရည်အသွေး အာမခံချက်လုံးဝမရှိကြောင်း၊ ကျောင်းအပ်ခြင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းသာဖြစ်ကြောင်း ဘားအံတက္ကသိုလ် တက္ကသိုလ်ကောင်စီက နိုဝင်ဘာ ၁၅ တွင် သတင်းထုတ်ပြန်ထားသည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ပွဲသံများ တိတ်သွားသည့် ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်များတွင်မူ ယခင်နှစ်များထက် ကျောင်းအပ်သူများပြီး ကနဦးသတ်မှတ်သည့် ကျောင်းအပ်ရက်တွင် အပ်နှံမှုပြီးစီးကြောင်း ဒေသအခြေပြု Western News သတင်းဌာနက နိုဝင်ဘာ ၈ တွင် ဖော်ပြထားသည်။
ကျောက်ဆည်တက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး၏ အဆိုအရ စစ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းများ၊ တက္ကသိုလ်များ၏ စာမေးပွဲရလဒ်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လက်ခံနိုင်လိမ့်မည် မဟုတ်ဟု သိရသည်။
ဖက်ဒရယ်ပညာရေးစနစ်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ဆိုသော NUG ပညာရေးဝန်ကြီးဌာနထံသို့မူ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။ အွန်လိုင်းသင်တန်းများ၊ ဘာသာရပ်အလိုက်သင်တန်းများ ပို့ချနိုင်ရန် ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီများက ပြင်ဆင်နေသည်ဟု NUG က ထုတ်ပြောထားသည်။
ထိုအခြေအနေများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
စစ်ကောင်စီသည် အခြေခံပညာကျောင်းများကိုလည်း နိုဝင်ဘာ ၁ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စနေနေ့ပါ ကျောင်းဖွင့်သင်ကြားလျက်ရှိသည်။
သို့သော် ရခိုင်ပြည်နယ်မှအပ နိုင်ငံအနှံ့ အခြေခံပညာကျောင်း၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် ကျောင်းအပ်နှံသူနှင့် ဆရာ၊ ဆရာမဦးရေ နည်းပါးစွာရှိနေသည်ဟု သတင်းများက ဆိုသည်။ အရေအတွက်နှင့် အခြေအနေအသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ myanmar now
Like this:
Like Loading...