PR စနစ်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ အကြမ်းဖက် စစ်ကောင်စီ

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ သူရဲ့ ဒုတိယအစိုးရသက်တမ်းအတွက် လွှတ်တော်ခေါ်ယူမယ့် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာပဲ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။စစ်တပ်ဟာ အာဏာသိမ်းယူပြီးနောက် နိုင်ငံပိုင်သတင်းဌာနတွေကနေ ကြေညာရာမှာ ရွေးကောက်ပွဲရလာဒ်မှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကို ပေးခဲ့ပေမဲ့၊ ယနေ့အချိန်ထိ မဲသမာမှုရှိတယ် ဆိုတာနဲ့ပတ်သက်ပြီး သက်သေတစ်စုံတစ် ရာ မပြသနိုင်ပါဘူး။

မဲစာရင်းမှားတယ်ဆိုတဲ့ သူတို့ရဲ့ ကလိန်စေ့ ငြမ်းဆင် စွပ်စွဲမှုတွေကို သက်သေ မပြသနိုင်ပေမဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အသစ်တစ်ခုကို ၂ နှစ်အတွင်း ပြုလုပ်ပေးမယ် ဆိုတဲ့စကားတွေကိုတော့ တွင်တွင်ပြောဆိုနေတာပါ။အာဏာသိမ်းမှု ၃ လအကြာဖြစ်တဲ့ မေလထဲမှာတော့ စစ် တပ်က ၎င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအသစ်မှာ အချိုးကျခွဲဝေယူတဲ့ Proportional Representation (PR) စနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာပါတယ်။စစ်တပ်က အခုလို တွင်တွင်ပြောလာတဲ့ Proportional Representation (PR) စနစ်ဆိုတာ ဘာပါလဲ။ ယေဘူယျအားဖြင့်တော့ Proportional Representation (PR) စနစ်ဆိုတာ ယခင် ၂၀၁၀ ရွေးကောက်ပွဲက စလို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ ကျင့်သုံးခဲ့တဲ့ အနိုင်ရအကုန်ယူ Fast Past The Post (FPTP) စနစ်နဲ့ ခြားနားတာတော့ အမှန်ပါပဲ။နိုင်သူအကုန်ယူ ပုံစံဖြစ်တဲ့ FPTP စနစ်ဟာ ဥပဒေပြုရေးလွှတ်တော်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာရှိတဲ့ အမတ်ထိုင်ခုံနေရာအသီး သီးအတွက် ‌ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ဝင်ရောက်ယှဥ်ပြိုင်သူတွေ (ပါတီ/ လူပုဂ္ဂိုလ်) အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်တဲ့ မဲဆန္ဒနယ်အသီးသီးမှာ မဲလာပေးသူအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရရှိတာနဲ့တပြိုင်နက် အဲဒီသက်ဆိုင်ရာ လွှတ်တော်အမတ်နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။ PR မှာတော့ ပိုမိုကျယ်ပြန့်တဲ့ ပုံစံဖြစ်တဲ့ နိုင်ငံအဝန်းက မဲပေးခဲ့တဲ့ မဲရလာဒ်ရရှိမှုအပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ထိုင်ခုံနေရာတွေကို အချိုးကျ ရယူတာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်ခန့်က လွှတ်တော်အတွင်းမှာ PR စနစ်ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့တဲ့ စစ်တပ်က ယခုလို PR စနစ်ကို ကျင့်သုံးဖို့ ပြောင်းလဲပြော ဆိုနေတာတွေဟာ ပြည်သူများအကြားမှာ ဟာသတစ်ပုဒ်သဖွယ် ဖြစ်နေပေမဲ့၊ စစ်ကောင်စီကတော့ လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှုနဲ့ တိုင်းရင်းသားလူနည်းစုပါဝင်မှုကို မြှင့်တင်ပေးရာ ရောက်တယ်လို့ အကြောင်းပြပါတယ်။ယခင် နိုင်သူအကုန်ယူ(FPTP) စနစ်တုန်းက မဲလာပေးသူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်တာနဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်ကို လွတ်လွတ်ကျွတ်ကျွတ် နိုင်တာကြောင့် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရတာဖြစ်ပြီး၊ စစ်တပ် အစိတ်သားရှိနေပေမဲ့ အစိုးရဖွဲ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅/ ၂၀ ရွေးကောက်ပွဲတွေမှာ မဲအ‌ရေအတွက် ၂၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တဲ့ စစ်တပ်ကိုယ်ခွဲ ကြံ့ခိုင်ရေး (USDP) ပါတီ ဟာ FPTP စနစ်အရ လွှတ်တော်အတွင်းမှာ ပါဝင်မှု အားနည်းခဲ့ပါတယ်။

ယခုပြောင်းလဲကျင့်သုံးမယ်ဆိုတဲ့ PR စနစ်မှာတော့ USDP အနေနဲ့ မဲရလာဒ် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မဲရရှိမှုပေါ် မူတည်ပြီး ထိုင်ခုံနေ ရာ အချိုးကျ ရရှိတာကြောင့် ယခင်ကထက် အမတ်ဦးရေ ပိုမိုရရှိလာမှာဖြစ်သလို အစိုးရဖွဲ့နိုင်ဖို့လည်း ပိုမိုနီးစပ်လာမှာ ဖြစ်ပါတယ်။အထူးသ ဖြင့်တော့ PR စနစ်ဟာ ရွေးကောက်ခံမဟုတ်ဘဲ အမတ်နေရာ၂၅ ရာခိုင်နှုန်း အသားတင်ရရှိထားတဲ့ စစ်တပ်အတွက် အလေးသာစေတဲ့ စနစ်ဖြစ်သလို၊ နိုင်ငံရဲ့ အမြင့်ဆုံးဖြစ်တဲ့ သမ္မတရာထူးကိုလည်း စစ်တပ်က ရယူနိုင်တဲ့ အခြေအနေမျိုးမှာ ရှိလာစေမှာလည်း ဖြစ်ပါတယ်။မဲရလာဒ်ပေါ်မူတည်ပြီး နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်ဟာ အမေရိကန်လိုနိုင်ငံတွေအပါအဝင် အခြားဥပရောပ နိုင်ငံတွေမှာကျင့်သုံးနေကြတဲ့ စနစ်ဖြစ်သလို၊ Proportional Representation (PR) ကိုလည်း ဂျာမနီလို နိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာလည်း ကျင့်သုံးကြပြီး အမျိုးအစားကွဲအနေနဲ့ အခြေခံအားဖြင့် လေးမျိုးရှိပါတယ်။ PR စနစ် နဲ့ ပတ်သက်လို့ ပြန်ကြည့်မယ်ဆိုရင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က အဆိုပါ စနစ်ကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ဖူးပါတယ်။

ထိုအချိန်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ်အချို့အပါအဝင် ၂၅ ရာခိုင်နှုန်း အသာစီးရယူထားတဲ့ စစ် တပ်ကိုယ်စားလှယ်တွေကပါ အဆိုပါ PR စနစ်ကျင့်သုံးရေးကို အပြင်းအထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အ စိုးရက ခန့်အပ်ထားတဲ့ အခြေခံဥပဒေခုံရုံးကလည်း PR စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ ခြေဥအောက်က ကိုယ့်လက်ကိုယ့်ခြေနဲ့ စိတ်တိုင်းကျ ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တဲ့အ တွက် နိုင်သူအကုန်ယူ (FPTP) စနစ်နဲ့ပဲ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ USDP ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ PR စနစ်သာ ကျင့်သုံးမယ်ဆိုရင် အစိုးရအဖွဲ့ထဲမှာ NLD ပါတီကိုယ်စားလှယ်တွေ ပါဝင်လာမှာကို စစ်တပ်နဲ့ USDP ပါတီတို့က ထိုစဥ်က စိုးရိမ်ခဲ့ကြတာပါ။ နိုင်သူအကုန်ယူ (FPTP) စနစ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ USDP နဲ့ စစ်တပ်ရဲ့ ယုံကြည်ချက်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ပါတီရဲ့ အနိုင်ရရှိမှုတွေကြောင့် ပျက်ဆီးခဲ့ရပါတယ်။ယခင် USDP ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဘူးလက်လှဆွေက စစ်တပ်ဟာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း အသားတင်ရှိတာကြောင့် ၎င်းတို့ပါတီဟာ ၅၀ ရာခိုင်နှုန်းကျော် နိုင်စရာမလိုပဲ ၂၅ ရာခိုင်နှုန်းကျော် နိုင်ရင် အစိုးရဖွဲ့လို့ရကြောင်း ပေါ်ပေါ်ထင်ထင် ပြောဆိုခဲ့ဖူးပါတယ်။

သို့သော်လည်း ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ USDP ပါတီဟာ ဝက်ဝက်ကွဲကို ရှုံးနိမ့်ခဲ့ပြီး စစ်တပ်က အသားတင်ရယူထားတဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင်တောင် အစိုးရတစ်ရပ်ဖွဲ့နိုင်တဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို မရရှိခဲ့ပေ။ဒါတွေနဲ့ ပတ်သက်ပြီး ယခင်ရွေးကောက်ပွဲရလာဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် အနီးစပ်ဆုံးဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အသေးစိတ် ရလာဒ်ကို ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အသေးစိတ်ရလာဒ်ကတော့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာခဲ့ခြင်းမရှိသေးပေ။၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ထိုင်ခုံ ၂၂၄ နေရာရှိတဲ့ အမျိုးသားလွှတ်တော်မှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ မဲ ၅၇ ဒသမ ၆၈ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို PR စနစ်နဲ့ ပြန်ပြောင်းတွက်ချက်လိုက်မယ်ဆိုရင် လက်ရှိ နိုင်သူအကုန်ယူစနစ်အရ NLD ဟာ လွှတ်တော်ထိုင်ခုံ ၁၃၅ နေရာ ရရှိခဲ့ပေမဲ့၊ PR စနစ်အတိုင်း ပုံဖော်ကြည့်မယ် ဆိုရင်တော့ NLD ဟာ မဲအချိုးအရ အမတ်နေရာ ၉၇ နေရာဝန်းကျင်လောက်သာ ရ ရှိနိုင်တော့မှာ ဖြစ်ပါတယ်။

နိုင်သူအကုန်ယူ FPTP စနစ်အရ လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာသာရရှိခဲ့ပြီး၊ တနိုင်ငံလုံး မဲပေးသူစုစုပေါင်း၏ ၂၈ ဒသမ ၂ ရာခိုင်နှုန်းရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက PR စနစ်မှာဆိုရင်တော့ ထိုင်ခုံ ၄၇ နေရာထိ ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို ကြည့်မယ်ဆိုရင်လည်း ထိုင်ခုံနေရာ ၄၄၀ ရှိတဲ့အနက် NLD ပါတီက တစ်နိုင်ငံလုံး စုစုပေါင်း မဲပေးမှု၏ ၅၇ ဒသမ ၂ ရာခိုင်နှုန်းရရှိခဲ့ပြီး နိုင်သူအကုန်ယူ FPTP စနစ်အရ ထိုင် ခုံ နေရာ ၂၅၅ နေရာ ရခဲ့သလို USDP က ၂၈ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် ထိုင်ခုံနေရာ ၃၀ ရရှိခဲ့ပါတယ်။ အဲဒီရလဒ်ကို အကယ်၍ PR စနစ်နဲ့ ပြန်တွက်ချက်လိုက်ရင် NLD ဟာ အမတ်နေရာ ၁၈၉ သာ ရရှိတော့မှာ ဖြစ်ပြီး၊ USDP ပါတီကတော့ အမတ်ဦးရေ ၉၃ နေရာဝန်းကျင်ထိ တိုးမြင့်ရရှိလာမှာလည်း ဖြစ်ပါတယ်။အထက်ပါဒေတာအချက်အလက်များကို ကြည့်လျှင် သတိထားရမဲ့ အချက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုသာ PR စနစ်နဲ့ ပြောင်းလဲကျင်းပခဲ့မယ်ဆိုရင် ကြံ့ခိုင်ရေး (USDP) ဟာ လွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေရာ ၁၄၀ ဝန်းကျင်၊ တစ်နည်း အမတ်ဦး ရေစုစုပေါင်း ၏ ၂၁ ရာခိုင်နှုန်းကျော် ရရှိမှာဖြစ်တယ်။

အဆိုပါ ပမာဏဟာ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းလျှင် ၄၆ ရာခိုင်နှုန်းကျော်ထိ ဖြစ်လာမှာဖြစ်ပြီး၊ ကျန် ၄ ရာခိုင်နှုန်းခန့်ကို ပြည်သူ့စစ်ကိုယ်ခွဲ ပါတီများအပါအဝင် ၄င်းတို့၏မိတ်ဖက် တိုင်းရင်းသားပါတီအချို့နှင့် ပေါင်းကာ အလွယ်တကူ အစိုးရဖွဲ့သွားနိုင်မှာဖြစ်ပါတယ်။ဒါ့ကြောင့် နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FTPT ရဲ့ စနစ်ဟာ NLD ပါတီရှိနေသမျှကာလပတ်လုံး ၎င်းတို့အတွက် ရှုံးနိမ့်မှုတွေသာ ရှိလာမှာကို သိတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ ၄င်းတို့ကိုယ်တိုင် အကြီးအကျယ်ကန့်ကွက်ခဲ့တဲ့၊ စစ်သားတပိုင်း ဦးသိန်းစိန်အစိုးရ ခန့်အပ်ခဲ့တဲ့ အခြေခံဥပဒေခုံရုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ PR စနစ်ကို မျက်နှာပြောင်ပြောင်နဲ့ပဲ ကျင့်သုံးဖို့ လုပ် ဆောင်လာနေတာ ဖြစ်ပါတယ်။PR စနစ်ကို ကျင့်သုံးဖို့နဲ့ ပတ်သက်ပြီးလည်း ယခုလ နိုဝင်ဘာ ၄ ရက်နေ့က စစ်တပ်ခန့် UEC က ပါတီပေါင်း ၉၃ ခုကို ဖိတ်ကြားခဲ့ပေမယ့် ဒီထဲက စစ်တပ်ထောက်ခံတဲ့ပါတီတွေအပါအဝင် ပါတီ ၅၀ ကျော်က တက်ရောက်ဖို့ အကြောင်းပြန်ခဲ့ပြီး ကျန်တဲ့ ပါတီ ၄၀ ဝန်းကျင်ကတော့ ကန့်ကွက်ငြင်းပယ်ထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ တိုင်းရင်းသားပါတီတစ်ခုရဲ့ အတွင်းရေးမှုးကတော့ “ စစ်တပ်က အာဏာသိမ်းချင်တော့ သူတို့စိတ်တိုင်းကျဆွဲထားတဲ့ ၂၀၀၈ ခြေဥကိုတောင် ပေါ်ပေါ်ထင်ထင် ချိူးဖောက်ပြီး ဒု-သမ္မတကနေ စစ်တပ်ကို အာဏာလွှဲတာမျိုး လုပ်ပစ် လိုက် တယ်။ တကယ်တော့ ဒါဟာ ၂၀၀၈ ထဲမှာ သမ္မတကသာ လွှဲခွင့်ရှိတာပါ။””အခုလည်း PR စနစ်ဆိုတာ သူတို့ ပြောနေတဲ့ ၂၀၀၈ မှာတောင် မပါလို့ ဗိုလ် ချုပ်သိန်းစိန်အစိုးရခေတ်ကတည်းက တိုင်းပြည်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ခြေ/ဥ ခုံရုံးက ပယ်ချပြီးသားပါ။ အခု ပြန်သုံးမယ်ဆိုရင်တောင်မှ ဒါကို ဆောင်ရွက်မဲ့ ပြည်ထောင်စုလွှတ်တော်က မရှိတော့လို့ လမ်းက ဆုံးနေပြီ။ အဲ့ဒီလိုမျိုး ဥပဒေအရ လမ်းဆုံးနေတဲ့ကိစ္စကို ဇွတ်လုပ်မယ် လုပ်နေတော့ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေကို စက္ကူစုတ်လောက်တောင် တန်ဖိုးမထားဘူးဆိုတာ အရမ်းကို သိသာစေပါတယ်” “လူနည်းစု တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ ဆက်ပြောချင်တာက PR စနစ်ဟာ အမျိုးသမီးအခွင့်အရေးအပါအဝင် တိုင်းရင်းသား လူ နည်းစုတွေအတွက် သင့်တော်ကောင်းမွန်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခုဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ဒါဟာ စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်း လွှတ် တော်တွင်းမှာ မရှိတဲ့ အချိန်ကျမှပါ။

အခုဟာက ဒီတိုင်းရင်းသားလူနည်းစု အခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ လို့ပြောပြီး၊ PR စနစ်ကို ခုတုံးလုပ် သူတို့အာဏာဆက်ယူဖို့လုပ်တဲ့ လုပ် ရပ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။ဆက်လက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အွန်လိုင်း ကမ်းပိန်းတွေကို ဦးဆောင်နေတဲ့ အမည်မဖော်လိုသူ CDM လူငယ်ဆရာဝန်တစ်ဦးကတော့ “အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေရဲ့ အခန်းကဏ္ဍက ပြီးဆုံးသွားပြီ။ ပြည်သူတစ်ခဲနက်ထောက် ခံနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၀၈ ကိုဖျက်သိမ်းတယ် လို့ ကြေငြာပြီးသား။ ဒီ ၂၀၀၈ နဲ့ PR စနစ်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးထွက်ပေါက် လုပ်လာတာမျိုးကို ပြည်သူက လက်ခံမှာ မဟုတ်တော့ဘူး။ တော်လှန်ရေးမှာ လူ့အသက်တွေ ဘဝတွေ နေ့တိုင်းထိခိုက် ဆုံးရှုံးနေတယ်။

ဒါပေမဲ့ စစ်ဖိနပ်အောက်မှာ အနာဂတ်မဲ့ နေရတာထက်ပိုပြီး ဆုံးရှုံးရတာမရှိတော့ဘူး။ ဒီတိုက်ပွဲကို ကျွန်တော်တို့ အနိုင်တိုက်မှာပါ”“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်ဆိုသူတွေကိုလည်း ပြောချင်တာက စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ် ဆိုရုံလေးနဲ့ ပြည်သူတွေကို ထပ်ညာလို့ မရတော့ဘူး။ ရွေးကောက်ပွဲဆိုတာက တကယ်တော့ နိုင်ငံရေးပဋိပက္ခ တစ်ခုလုံးရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်။ နိုင်ငံရေး ပြေလည်နိုင်ပြီဆိုတဲ့ အဆင့်တဆင့်ရောက်မှ ရွေးကောက်ပွဲစနစ် ပြောင်းလဲဖို့ဆိုတာက စဥ်းစားရမှာ။ အခုလို တစ်နိုင်ငံလုံးနဲ့ တယောက် ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ လက်နက်အားကိုးနဲ့ တစ်နိုင်ငံလုံးလှည့်ပတ် သတ်ဖြတ်နေသူတွေရဲ့ PR စနစ်ပြောင်းပြီး ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာမျိုးကို အခွင့်အရေးလို့ ယုံကြည်နေမယ်ဆိုရင်တော့ ဒီလူတွေဟာ အခွင့်အရေးအတွက် နိုင်ငံရေးကို ခွေးတိုးပေါက် ကနေ တိုးဝင်ချင်သူတွေပဲ လို့ပြောချင်ပြီး၊ ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဒါဏ်ခတ်မှုကို ခံရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s