စစ်ကောင်စီတပ်ရိက္ခာပို့ လူစီးရထားကို ပြောက်ကျားတပ် မိုင်းဖောက်ခွဲ

ပျဉ်းမနားတွင် စစ်တပ်ရိက္ခာပို့ ရထားတစ်စီးကို မိုင်းဖောက်ခွဲခဲ့ကြောင်း Pyinmana Revolutionary Army (PRA) က ထုတ်ပြန်ထားသည်။မန္တလေးမှ ရန်ကုန်သို့ခုတ်မောင်းလာသော (၈)အစုန် လူစီးအမြန်ရထားကို နိုဝင်ဘာ ၂၀ရက် မနက် ၆နာရီ ဝန်းကျင်တွင် နေပြည်တော် ပျဥ်းမနားမြို့နယ် ပန်းခင်းရပ်ကွက် (၆) လမ်းအနီး ရထားသံလမ်းအရောက်မှာ အသင့်စောင့်၍ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ယခုကဲ့သို့လူစီးရထားများကို အသုံးပြုပြီး ရိက္ခာထောက်ပို့နှင့် စစ်သားများ ပို့ဆောင်နေမှုကြောင့် ဖောက်ခွဲသတိပေးရခြင်းဖြစ် သည်ဟု ဆိုသည်။
အဆိုပါ လူစီးရထား၏ စစ်ကောင်စီတပ်သား ခုနှစ်ဦးပါလာသည့် နောက်တွဲကို ခလုတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရထားကြမ်းခင်းပျက်စီးမှုရှိခဲ့ကြောင်း PRA က ပြောသည်။”ဒီ့ Mission က အကြမ်းဖက် စစ်ကောင်စီ ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့အတွက် သတိ ပေးခြင်းပါ။ ကျွန်တော်တိုမှာ မြေပြင်သတင်းပေးတွေ ရှိပါတယ်၊ သူတိုကနေတဆင့် စကစ ရဲ့ ဘယ်ရထား၊ ဘယ်တွဲမှာ ဘာတွေသယ်လာတယ်ဆိုတာကို ကြိုတင်သတင်းရပါတယ်။ အဲ့ဒီ့လို ပြည်သူတွေကို ခုတုံးလုပ်ပြီး လူစီးရထားတွေနဲ့ သူတိုသယ်ချင်တာတွေ ကိုသယ်နေတာတွေ ရပ်တန့်အောင် ကျွန်တော်တို့ တားဆီးသွားမှာပါ။’’ ဟု PRA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မနက်က ရထားဆိုရင်လည်း နောက်ဆုံးတွဲရဲ့ ရှေ့တွဲပေါ့နော်၊ အခြားပြည်သူတွေ မလိုအပ်ပဲ ထိခိုက်မှာစိုးလို့ သတိပေးတဲ့ သဘောနဲ့ပဲ အားသိပ်မပြင်းတဲ့ မိုင်းတစ်လုံးပဲ ဖောက်ခွဲခဲ့တာမို့ပါ”ဟု သူက ဆက်ပြောသည်။
ပြည်သူကို အကာအကွယ်ယူပြီး ပြုလုပ်နေသော စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန် ယခုထက် ပိုမိုအားပြင်း သော ဖောက်ခွဲမှုများ လုပ်ဆောင်လာမှာ ဖြစ်သည့်အတွက် အပြစ်မဲ့ ပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ သယ်ယူပိုဆောင်ရေးကို အသုံးမပြုခြင်းဖြင့် ပူးပေါင်းကူညီပေးရန်လည်း တိုက်တွန်းထားသည်။ ပျဥ်းမနားတွင် တော်လှန်ရေးအင်အားစုများက တရစပ်ဖောက်ခွဲမှုများ ပြုလုပ်လျက်ရှိနေပြီး ယခုဖောက်ခွဲမှုမှာ PRA ၏ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ mizzima