လျှပ်စစ်မီးပြတ်တောက်ချိန် ရန်ကုန် လှိုင် Royal Thukha ကွန်ဒိုကို စစ်တပ်က စီးနင်းပြီး လူငယ် တချို့ ကို ဖမ်းဆီး ၊ မြောက်ဒဂုံ၊ အလုံနှင့်လှိုင်တွင် လူငယ် တချို့ အဖမ်းခံရ

ရန်ကုန် လှိုင်မြို့နယ် ၇ ရပ်ကွက် ဓမ္မသုခကျောင်းလမ်း Royal Thukha ကွန်ဒိုကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာ လ ၂၀ ရက်နေ့ ည ၇နာရီ အချိန်တွင် အင်အားအလုံးအရင်းဖြစ် ဝင်ရောက် စီးနင်းနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” အခုလက်ရှိ လူငယ် ၄ဦး လောက်ကို ရိုက်နှက် ဖမ်းဆီးထားတယ်။ လူငယ်တွေရဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်းထားတယ်လို့ သိရတယ်။ ကွန်ဒို အပေါ်အောက်တွေကို ဓာတ်မီးတွေနဲ့ ထိုးပြီး ရှာဖွေနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။အလားတူ ယနေ့ ည ၈ နာရီ လျှပ်စစ်မီးပြတ်တောက်ချိန် အလုံမြို့နယ်၊ ရာမလမ်းတွင် သံပုံးတီးကြပြီး စစ်တပ်က ရောက်ရှိလာကာ အိမ်တံခါးများကို ဆောင့်ကန်ခြင်း၊ ဖုန်းများယူစစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ည ၈ နာရီ မီးပျက်တုန်းက သံပုံးတီးနေကြတာ အဲ့ဒါ စစ်ခွေးတွေရောက်လာပြီး တိုက်ခန်းတွေထဲဝင်ဆွဲတယ် ရိုက်နှက်ပြီးတော့ ဖုန်းတွေပါစစ်တာ။ ပစ်သတ်မယ်ပါကြိမ်းတယ်။ သံပုံး တီးနေတဲ့ အိမ်တွေကို အိမ်တစ်အိမ်က သူတို့လာလို့ ရပ်ဖို့အော်ပြီးသတိပေးတယ်။ အဲဒီသတိပေးတဲ့အိမ်ကို မဲတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လှိုင်မြို့နယ်တွင်လည်း လျှပ်စစ်မီးများပြတ်တောက်နေချိန် လမ်းပေါ်ရှိ လူငယ်တချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း၊ မြောက်ဒဂုံတွင်လည်း လမ်းများပိတ်ဆို့၍ ဖမ်းဆီးမှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။ khit thit