Monthly Archives: Nov 2021

အာဆီယံရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ NUG ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မည်

နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ အမျိုးသားညီဘညွတ်ရေးအစိုးရ NUG သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်မည်ဖြစ်ကြောင်း NUG ဝန်ကြီးက သတင်းထုတ်ပြန်ထားသည်။”သဘက်ခါ နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ အာဆီယံရဲ့ ရာသီဥတု ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အွန်လိုင်းမှ တဆင့်ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ နိုင်ငံတကာခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ဆရာများ၊ သုတေသီများ၊ အစိုးရ အရာရှိများ တက်ရောက်မဲ့ ပွဲပါ။ အဖွင့်နေ့မှာတော့ အစိုးရတရပ်ရဲ့ ပေါ်လစီ နဲ့ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ (Policy and Governance Session) များကို နှီးနှောဖလှယ်ဖို့ တခြား အာဆီယံ ဝန်ကြီးတချို့နဲ့ အတူ ကျနော့်ကို ဖိတ်ထားပါတယ်။ ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ စီမံအုပ်ချုပ်မှုပေါ်လစီမှာ အရမ်းကိုမူတည်နေပါတယ်။ အဲ့ဒီပေါ်လစီတွေဟာလဲ အာဏာရှင်အစိုးရတွေမှာ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်သည်။ အာဆီယံရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး ၃ ပါးနှင့်အတူ ဒေါက်တာတူးခေါင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

“၂၁ ရာစုတွေမှာလူပြောများလာတာက ဌာနေတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်စီမံခွင့် မူဘောင် (Indigenous framework) သာလျှင် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက်အကောင်အထည်ဖေါ်နိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က နမူနာပေါင်းများစွာကို ကိုးကားပြီး ကောက်ချက်ချခဲ့ကြတာပါ။ အဲ့ဒီမူဘောင် ဆိုတာ တခြားမဟုတ်ဘူး၊ ဖက်ဒရယ်စနစ်ပါပဲ။ဖေဖေါ်ဝါရီ (၁) ရက် နေ့မှစ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းများစွာပိတ်သိမ်းပြီး သာမန်ပြည်သူ လက်လုပ်လက်စားအများပိုင်း အလုပ်လက်မဲ့ဖြစ်ကာ ရွာပြန်ကြတယ်၊ တခြားလုပ်စရာမရှိတဲ့အခါ တောထဲဝင်ပြီး သစ်တောနဲ့ သဘာဝ သယံဇာတများကို မှီခိုရင်း စားဝတ်နေရေးအတွက် ဖြေရှင်းကြရတယ်။

အကျိုးဆက်အနေနဲ့ မြန်မာ့သစ်တောမြေတွေ၊ သဘာဝ သယံဇာတ တွေ ဆုံးရှုံးနှစ်နာရတယ်။ အာဏာရှင်သာ ဆက်ရှိနေရင် သဘာဝ ပတ်ဝန်း ကျင်ဟာ အချိန်တိုအတွင်း ပျက်စီးသွားမှာပါ။ ဒါကို ကုစားနိုင်ဖို့ ဆိုရင် နိုင်ငံရေးတည်ငြိမ်မှ ဖြစ်မယ်၊ ဒီမိုကရေစီ နိုင်ငံဖြစ်မှ အလုပ်အကိုင်အ ခွင့်အလှမ်းတွေပေါလာမှာဖြစ်တယ်။

ဒီတော့ သစ်တော နဲ့ သဘာဝ သယံဇာတအပေါ် အလွန်အကျွံ မှီခိုမှုတွေ လျှော့ကျလာမှာဖြစ်တယ်။ မြန် မာပြည်မှာ အာဆီယံဒေသတွင်း တခုထဲသော ရေခဲတောင်ရှိတဲ့ နိုင်ငံဖြစ်တယ်။ အာဆီယံရဲ့ အမွေအနှစ် (ASEAN Heritage) လို့ပြောလဲ ရပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ဒေသကို အာ ဏာ ရှင်တသိုက်ကြောင့် အဆုံးရှုံးမခံသင့်ကြောင်း သတင်းစကားပါးဖို့ ပြင်ဆင်ထားပါတယ်” ဟု NUG ဝန်ကြီးဒေါက်တူးခေါင်က ပြောဆိုထားသည်။ khit thit

ကံပေါက်နှင့် မော်ကျွန်းတို့တွင် သတင်းပေး ဟု သတ်မှတ်ခံရသူ ၂ ဦး ပစ်သတ် ခံရ၊ မင်္ဂလာ ဒုံတွင် ရာအိမ်မှူး ပေါင်မုန့် ပစ်ခတ်ခံရ၊ ဒီပဲယင်းတွင် ပျူစောထီး အဖွဲ့ဝင် ငြိမ်းအေး မိမိကိုယ်ကို သတ်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ကံပေါက်ဒေသ ဖားချောင်းကျေးရွာတွင် နိုဝင်ဘာ ၁၉ ရက်နေ့တွင် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်ဦးကို ဒေသခံပြည်သူကာကွယ်ရေး တပ်ဖွဲ့များနှင့် KBDF (KANBAUK DEFENSE FORCE-KBDF)အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေ ဆုံးကာ နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KBDF အဖွဲ့ထံမှ သိရသည်။” သူက သတင်းပေး ဒလန်အကြီးစား သူသတင်းပေးလို့ ဖမ်းခံရတာတွေ ရှိတယ်လို့ သိရတယ်။ စစ်တပ်က ရွာထဲက လူတွေကို ခေါ်စစ်တာတွေရှိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် အလယ်ရေကျော်အုပ်စု ရေဖြူကန်ကျေးရွာတွင် နေထိုင်သော မဂျစ် ဆိုသူကို နိုဝင်ဘာ ၂ဝရက်နေ့ ည ၈နာရီတွင် MG Warrior အဖွဲ့နဲ့ ဝါးခယ်မ ပျောက်ကျားတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရသည်။ သေဆုံးသူ အမျိုးသား မဂျစ်ဆိုသူသည် စစ်ကောင်စီ၏ သတင်းပေး ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ရိက္ခာ ထောက် ပံ့ပို့ဆောင်နေသူကာ မြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကျွဲ၊ နွား မှောင်ခိုရောင်းဝယ် လုပ်ကိုင်နေကြောင်း၊ ၎င်းနှင့် မတည့်သူများကို စစ်တပ်တိုင်ကာ ဖမ်းဆီးခြင်းများ လုပ်ဆောင်ပြီး ပြည်သူများကို ဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

အလားတူ ရန်ကုန် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းစံပြကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ရာအိမ်မှူး ဦးပေါင် မုန့်ဆိုသူကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၃ချက်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မင်္ဂ လာဒုံအမျိုးသားအစည်းအရုံးအဖွဲ့ထံမှ သိရသည်။ ရာအိမ်မှူး ပေါင်မုန့်ဆိုသူသည် ယနေ့ နေ့လယ်ပိုင်းတွင် ဈေးဆိုင် ထိုင်နေစဉ် အမည်မသိ သေနတ်သမားများက လက်မောင်း၊ ဝမ်းဗိုက်၊ ပေါင် တို့ကို ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်ရှိချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားရကာ အသက်သေဆုံးခြင်းမရှိကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သပြေသာရွာသား ပျူစောထီးအဖွဲ့ဝင် ငြိမ်းအေးသည် ၎င်းနေအိမ်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် မိမိကိုယ်ကို သတ်သေသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ ” ဘာကြောင့် သတ်သေလဲတော့ အတိ အကျမသိရဘူး။ သေတမ်းစာတွေလည်း မတွေ့ရဘူး။ သူက ပျူစောထီး အဖွဲ့ဝင်လေ ရွေဘို ညောင်ကိုင်းရွာက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး ညောင်ကိုင်းရွာနဲ့ အနီးတဝိုက်ကရွာတွေမှာရှိတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူဖျက်စီးတာတွေ စစ်ခွေးတွေရဲ့ ခိုင်းသမျှ အကုန်လုပ်တဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ယောက်ပေါ့” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။ khit thit

ရေစကြိုတွင် စစ်သား တစ်ဦးကို AK သေ နတ်၊ ကျည်ဆံများဖြင့် ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေ ဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြည်သူ့ ကာ ကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက AK သေနတ်၊ ကျည် ၅၄ထောင့်၊ ၆၀ မမ ကျည်ဖူး တစ်ဖူးတို့ဖြင့် ဖမ်းဆီးရမိသော်လည်း ခုခံထွက် ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း YSO NO 1 ပြောက်ကျားတပ်ဖွဲ့ထံက ပြောသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ဝင်သည် နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ကာ နိုဝင်ဘာ ၂၁ ရက်နေ့ထိ ၆ရက်ကြာ ကျေးရွာပေါင်းစုံ၌ စခန်းချ ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပြီး ကျေးရွာများအတွင်း ပြည်သူများ ပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူလုယက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး ပြောက် ကျားတပ်ဖွဲ့များ ပြောဆိုချက်အရ သိရသည်။

ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လှည့်လည်နေသဖြင့် လက်ရှိချိန်တွင် ဒေသခံပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ khit thit

ကံပေါက်တွင် သတင်းပေး အသတ်ခံရ၍ ရောက်လာသည့် စစ်ကားသုံးစီး မိုင်းဆွဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် နိုဝင်ဘာ ၁၉ ရက်က လာရောက်သည့် စစ်ကားသုံးစီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

ရေဖြူမြို့နယ် ဖားချောင်းရွာသို့ လာရောက်သည့် စစ်ကားသုံးစီးကို တောင်ရင်းအင်း-ဖားချောင်း လမ်း ပိုင်း မြေခဲတောင်နှင့် ဆယ်အိမ်စုရွာကြားတွင် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ကံပေါက်ဒေသ ကာကွယ်ရေးအဖွဲ့ (KBDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။   

စစ်ကားသုံးစီးကို လက်လုပ်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်မှ စစ်သားနှစ်ဦး အပါအဝင် ဒဏ်ရာသူ အများအပြားရှိကြောင်း PDF အဖွဲ့များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း KBDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။​

ဖြစ်စဉ်အတွင်း စစ်ကားတစ်ဦး မိုင်းထိကာ မြောင်းထဲထိုးကျပျက်စီးသွားပြီး ဒဏ်ရာရသူများကို ကံပေါက်ဒေသရှိ မောရ၀တီရေတပ်စခန်းဌာနချုပ် ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု အနီးအနားရှိ ဒေသခံရွာ သားအချို့က  ပြောသည်။

ဒဏ်ရာရသူအများစုသည် ကံပေါက်ဒေသခြေစိုက် ခြေလျင်တပ်ရင်း (ခလရ)၂၇၃ တပ်မှ အသက်အရွယ် ကြီးသည့် စစ်သားများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ဆေးရုံရောက်လာတာ ကံပေါက်တပ်က စစ်သားအိုတွေပါ။ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာတွေ ရထားကြတယ်။ သူတို့က ရှေ့တန်းမထွက်ချင်ကြဘူး။ အေးဆေးပဲ နေချင်ကြတာ” ဟု ၎င်းက ပြောသည်။

ဖားချောင်းရွာနေ အသက် ၅၀ အရွယ် စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဦးမှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက နေအိမ်တွင် သေနတ်ပစ်သတ်ခံရပြီးနောက် စစ်တပ်က ကားသုံးစီးဖြင့် ထွက်လာစဉ် ထိုသို့ ကြား ဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖားချောင်းရွာအတွင်း ဝင်လာသည့် စစ်ကားများက ဒေသခံ ဘုန်းကြီး ကျောင်းမှ ကားတစ်စီးကို အရှေ့မှမောင်းခိုင်းကာ အကာအကွယ်ယူခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် စစ်သား အင်အား ၁၀၀ ကျော်သည် စစ်ကား ၁၄ စီးဖြင့် ဖားချောင်းရွာသို့ ရောက်လာကာ စာ သင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးရုံးတို့၌ တပ်စွဲလိုက်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာထဲမှာ ရွာသားတွေတောင် သိပ်မရှိတော့ဘူး။ သူတို့(စစ်ကောင်စီတပ်သား)တွေ မတရား ဖမ်းမှာစိုးလို့ ရှောင်နေကြရတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့နံနက်တွင် တောင်ယာနှင့်ဥယျာဉ်ခြံများအတွင်း တိမ်းရှောင်နေသည့် ရွာသားများအား နေအိမ်သို့ ပြန်လာရန်နှင့် PDF များ ထောက်ပံ့ကူညီခြင်း မပြုရန် စသည်ဖြင့် စစ်သားများက ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဖားဆောင်းရွာ ဒေသခံများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများကို စစ်သားများက ယူထားပြီး အင်အား ၄၀ ခန့် ပါဝင်သော စစ်ကောင်စီစစ် ကြောင်းတစ်ခု ဖားချောင်း- မြန်မာရှင်ထဘီရွာတစ်ဝိုက် စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်ညပိုင်းကလည်း ကံပေါက်ဒေသရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ရုံးများ ဖောက်ခွဲမှုကို ကံပေါက်ဒေသကာကွယ်ရေးအဖွဲ့ (KBDF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စရဖရုံးရှိ စစ်ကောင် စီတပ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း KBDF က ထုတ်ပြန်ထားသည်။ myanmar now

ပျောက်ဆုံးဘုရားဖူးများ အမြန်ဆုံးပြန်တွေ့နိုင်စေရန် NUG ဆုတောင်းပေ

ကျိုက်နဲရေလယ်ဘုရားဖြစ်စဉ်မှာ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဘေးမသီရန်မခပဲ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ယာယီသမ္မတရုံး က ဆုတောင်းပေးလိုက်ပါတယ်။

ဒါ့အပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဌာနေအရပ်ဘက်လူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကလည်း စနစ်တကျ ပူး ပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားဖူးဖို့ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီလောက်က ဘုရားဖူး ၅၀ ဝန်းကျင် ရေထဲကနေ ဖြတ်ကူးချိန် ရုတ်တရက် ပင်လယ်ရေတက်လာပြီး ရေထဲမျောပါသွားကြကာ ဒီနေ့ညနေအထိ ၁၅ လောင်း ဆယ်ယူရရှိထားပြီလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာနဲ့ ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေ နှစ်မိုင်ခန့်အကွာလောက်ရှိတဲ့ ရေလယ်ဘုရားကို သွားရောက် ဖူးမြော်ကြရာက ရေနစ် သေဆုံး ပျောက်ဆုံးနေကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘုရားဖူးအယောက် ၃၀ လောက် ပျောက်ဆုံးနေတဲ့ ကိစ္စရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက အထူးပင် စိတ်မကောင်းဖြစ်ရပြီး မိသားစုတွေနည်းတူ ထပ် တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒေသခံမိဘပြည်သူတွေအနေနဲ့ ကျန်ရစ်သူမိသားစုတွေကို ကိုယ်အားစိတ်အားနဲ့ ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသူတွေကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရက ချီးကျူးဂုဏ်ပြုကာ ဘေးရန်ကင်းစွာ ကယ် ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်စေဖို့ ဆုတောင်းပေးထားပါတယ်။ DVB

ကျွန်းလှပြည်သူ ၅၀၀၀ ကျော် တိမ်းရှောင်နေရ၊ နေအိမ် ၁၈ လုံးကို စစ်တပ်က ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက် ကျေးရွာ ၁၁ ရွာလောက်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်ကာ ဒီနေ့အထိ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး မွှေနှောက်ဖျက်ဆီးနေတာကြောင့် ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြည်သူ ၂ ဦးနဲ့ PDF ၁ ဦး ပစ်သတ်ခံရကာ စစ်ဘေးရှောင်အချို့လည်း စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူ့ကာ‌ကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

“ဆည်အနောက်ဘက်ခြမ်းက ရွာတွေကို အင်အား ၃၀၀ နဲ့ ၄၀၀ ကြားရှိတဲ့  အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဖျက်ဆီးတယ်၊ ပစ်ခတ်တယ်။ တစ်ချို့အိမ်တွေဆို ရှေ့ဆက်နေစရာ စားစရာမရှိအောင်ဖျက်ဆီးခံရတယ်။ တောင်နီရွာက အသက် ၇၀ ကျော် အဖိုးကြီးတစ်ယောက် နှလုံးရပ်သေဆုံးခဲ့တယ်။ ဥသျှစ်ကုန်းကျေးရွာက အပြစ်မဲ့ပြည်သူရွာသားတစ်ဦး နဲ့ ပကဖ အဖွဲ့ဝင်တစ်ဦးကိုလည်း နှိက်စက်သတ်ဖြတ်ခဲ့တယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မော်တုံကျေးရွာကနေအိမ် ၉ လုံး၊ ကုန်းစည်းကျေးရွာက နေအိမ် ၂ လုံး၊ ပေပင်ချောင်ကျေးရွာကနေအိမ် ၇ လုံး စု စု ပေါင်းနေအိမ် ၁၈ လုံးကို ဆက်လက်နေလို့မရတဲ့ ထိအောင်  ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

အိမ်တွင်းပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးခံရတဲ့ အိမ်ခြေက ၄၀ လောက်အထိ ရှိကာ မော်တုံနဲ့ ပေပင်ချောင်းကျေးရွာ နှစ်ရွာကတော့ ရွာလုံး ကျွတ်အမွှေခံရတယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းက မော်တုံ၊ ပေပင်ချောင်၊ ဝေလမူ၊ ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်း၊ လိပ်ဆင်းတောင်၊ သက္ကယ်ကျင်း၊ မော်ကယ်၊ သပူတော၊ ညောင်ပင် စတဲ့ကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုး မွှေနှောက်ဖျက်ဆီးခဲ့တာကြောင့် သိန်း ၇၀၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ဥသျှစ်ကုန်း  ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်း ရှိနေတဲ့အတွက် ဆက်လက်ရှာဖွေနေကြဆဲဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဆီက သိရပါတယ်။ DVB

ကုသိုလ်အမျှမလို ဒီမိုကရေစီသာ ရလိုသူ ကိုမင်းခန့်သစ္စာ

စစ်အာဏာ သိမ်းပြီးနောက် ကိုမင်းခန့်သစ္စာသည် သူ့ယုံကြည်ချက်အတိုင်း လျှောက်လှမ်းနိုင်ရန် မိသားစုထံ ခွင့်ပြုချက် တောင်းယူခဲ့သည်။ တိုက်ပွဲဝင်သည့်အလား ဇွဲရှိစွာဖြင့် သူတောင်းယူခဲ့သည်မှာ ကျောင်းသားတပ်ဦးအလံကိုင်ပြီး လူထု သပိတ်စစ်ကြောင်းများကို ဦးဆောင်ခွင့်ရနိုင်ရန်ပင်။ “အဲ့နေ့က ဆန္ဒပြပွဲကိုသူသွားမယ်တဲ့။ မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသားဆိုတော့ မကွေးမြို့ကိုသွားမယ်တဲ့။ ကျွန်မတို့ကလည်းစိုးရိမ်တာပေါ့။

သူတစ်ခုခုဖြစ်မှာစိုးလို့ ပေးမသွားဘူး။ မနက်အစောကြီး ၄ နာရီလောက်ကတည်းက သူသွားမှဖြစ်မယ်တဲ့။ သူကတပ်ဦးအလံကိုင်မှာတဲ့ အမေတို့ခွင့်ပြုပေးပါတဲ့။ ကျွန်မတို့ကလည်း ၈၈ အရေးအခင်းတုန်းက ဘယ်လိုဖြစ်တယ်။ ညာလိုဖြစ်တယ်။ ကြားဖူးနားဝတွေပြောပြပြီးသူ့ကိုတားတယ်။ ရိုက်မယ် နှက်မယ် ခြောက်ပြီးလည်းပြောတယ်။ ဒါပေမဲ့သူ့ကိုခွင့်ပြုပေးပါတဲ့။ နောက်ဆုံးတော့ မနက် ၇ နာရီလောက်ရောက်တော့ ကျွန်မတို့က သူ့ကိုခွင့်ပြုပေးလိုက်ရတယ်” ဟု အသက် ၃၈ နှစ်အရွယ် ကိုမင်းခန့်သစ္စာ၏ မိခင်ဖြစ်သူ ဒေါ်မိုးသူက ပြောသည်။

သူသည် စစ်အာဏာ မသိမ်းခင်ကပင် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက် သိမ်းရေး လှုပ် ရှားခဲ့သည့် သမဂ္ဂကျောင်းသားတစ်ဦးပင်ဖြစ်သည်။ ထို့အတွက်လည်း စစ်အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုများတွင် သူက တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုသည်။ မိသားစုက ပိတ်ပင်တားဆီးခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ ပြင်းပျသည့် စိတ်ဆန္ဒကို လိုက် လျောခဲ့ရသည်။

ထို့ကြောင့် သူ၏ မွေးရပ်မြေ အောင်လံမြို့မှ အမိတက္ကသိုလ်ရှိရာ မကွေးမြို့သို့ ဖေဖော်ဝါရီလ ၈ ရက်တွင် သွားရောက်ခဲ့သည်။ ထိုနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ရန် ကိုမင်းခန့်သစ္စာနှင့် သူငယ်ချင်းများက စီစဉ်ထားခြင်းဖြစ်သည်။ အသက် ၁၈ နှစ် အရွယ် စက်မှုအင်ဂျင်နီယာဌာန ပထမနှစ် ကျောင်းသား ကိုမင်းခန့်သစ္စာသည် စစ်အာဏာရှင်အား ဆန္ဒပြသည့် လူထုသပိတ်များ ပစ်ခတ်ဖြိုခွင်းခံရချိန် မေ လတွင် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဤသို့ဖြင့် သူသည် အောင်လံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် စစ်အာ ဏာရှင်စနစ်အား လက်နက်ကိုင်လမ်းစဉ်ဖြင့် တိုက်ခိုက်သူ တစ်ဦး ဖြစ်လာခဲ့သည်။ တိုင်းပြည်အတွက် လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ဒလန်၏ သတင်းပေးမှုဖြင့် ကိုမင်းခန့်သစ္စာတို့၏ တော်လှန်ရေးစခန်းသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည်။ ထိုနေ့က နိုဝင်ဘာလ ၂၀ ရက် နံနက် ၃ နာရီခွဲအချိန်ဖြစ်သည်။ သူသည် ယင်းနေ့တွင်ပင် နိုင်ငံနှင့်လူမျိုး၏ အနာဂတ်အတွက် အသက်ကို ပေးလှူသည့် အာဇာနည်တစ်ဦးဖြစ်ခဲ့သည်။

“အမျိုးသားတော်လှန်ရေးအတွက် မောင်မင်းခန့်သစ္စာ၏ ပေးဆပ်မှုအပေါ် ကျန်ရစ်သူမိသားစုဝင်များ၏ ဆုံးရှုံးမှုများကို မျှဝေခံစားရပါကြောင်း၊ မိမိတို့သည် မောင်မင်းခန့်သစ္စာ မျှော်မှန်းခဲ့သည့် စစ်အာဏာရှင်ဖြုတ်ချရေး ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း တော်လှန်ရေးအတွက် မောင်မင်းခန့်သစ္စာ၏ ပေးဆပ်ခဲ့မှုများ စွမ်းဆောင်ခဲ့မှုများကို ဦးညွှတ်ဂုဏ်ပြုလျက် မှတ်တမ်းတင်အပ်ပါသည်” ဟု အောင်လံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ လူမှုကွန်ရက်တွင် သတင်းများ အဆို ပါအကြောင်းအရာ ပျံ့နှံ့ လာသောအခါ ထိုနေ့ချက်ချင်းပင် မိသားစုက အောင်လံမြို့ ပြည်သူ့ဆေးရုံတွင် သူ၏ ရုပ်အလောင်းရှိ/မရှိ စုံစမ်းကြသည်။

မိဘများက သားဖြစ်သူ ကိုမင်းခန့်သစ္စာ၏ ရုပ်အလောင်းကို ကြည့်ခွင့်ရရန် ကြိုးစားကြရတော့သည်။ “မနက် ၁၀ နာရီလောက်ကတည်းက ဆေးရုံကိုရောက်တယ်။ ရဲတွေရှိနေတယ်။ ရင်ခွဲရုံထဲကိုလည်း အန်တီတို့ကို ဝင်ခွင့်မပေးဘူး။ ညနေ ၃ နာရီလောက်ကျတော့ ရဲတွေလစ်တုန်း ရင်ခွဲရုံထဲဝင်ကြည့်တော့ သားရဲ့ ရုပ်အလောင်းကိုတွေ့ခွင့်ရခဲ့တာပါ” ဟု မိခင်ဖြစ်သူဒေါ်မိုးသူက ဝမ်းနည်းကြေကွဲစွာ ပြောသည်။သူ၏ ရုပ်အလောင်းတွင် ညာဘက်လက်မောင်း၊ ဘယ်ဘက်ပေါင်၊ ညှပ်ရိုးနှင့် ဝမ်းဗိုက်နေရာများတွင် သေနတ်ဒဏ်ရာ ခြောက်ချက်ကျော် ရှိနေသည်။ ယင်းနေ့ ညနေတွင်ပင် စစ်ကောင်စီဘက်က သူ၏ ရုပ်အလောင်းကို သင်္ဂြိုဟ်လိုက်ပြီး မိသားစုဝင် ဆယ်ဦးကို လိုက်ပါခွင့်ပြုခဲ့သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် အောင်လံမြို့၊ အလယ်စုသုသာန် မီးသင်္ဂြိုဟ်စက်တွင် အာဇာနည် မင်းခန့်သစ္စာ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီးနောက် မိသားစုများက သူ၏အရိုးပြာနှင့် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ရန် ပြင်ဆင်နေကြသည်။ မိဘများက ကိုမင်းခန့်သစ္စာ ကောင်းရာဘုံဘ၀ ရောက်ရန် ကောင်းမှုကုသိုလ်များ ပြုလုပ်သွားမည်ဟု ဆိုသည်။ သို့သော် သူက ယင်းကုသိုလ်ကောင်းမှုများကို အလိုမရှိဘဲ နိုင်ငံ ဒီမိုကရေစီရရှိရန်သာ ဆန္ဒပြင်းပြခဲ့သည်။ သူ၏ ရဲဘော်ရဲဘက် တစ်ဦးထံ ကိုမင်းခန့်သစ္စာက စစ်အာဏာရှင် တိုက်ထုတ်ရင်း ကျဆုံးသွားခဲ့ပါက အမျှမဝေရန် စကားဆိုခဲ့သည်။

“သူက ကျွန်တော်တို့ထက် အသက်ငယ်တယ်ဆိုပေမဲ့ စိတ်ဓာတ်တော့ သိပ်မာတယ်။ သူနဲ့နောက်ဆုံးတွေ့ရတုန်းက ပြောခဲ့တာရှိတယ်။ တိုက်ပွဲမှာကျသွားရင်တောင် ငါသာဓုမခေါ်နိုင်ဘူး။ စစ်အာဏာရှင် ကျဆုံးတဲ့အထိ ငါဆက်တိုက်နေမယ်” ဟု သမဂ္ဂရဲဘော်သူငယ်ချင်းတစ်ဦးက မင်းခန့်သစ္စာ၏ စိတ်ဓာတ်မာကျောပုံကို ပြောပြသည်။ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သူ ကိုမင်းခန့်သစ္စာသည် အမှန်တကယ်တော့ စာ ပေ၊ ကဗျာဝါသနာပါကာ ဟစ်ဟော့ အမျိုးအစား သီချင်းတွေကို နှစ်သက်၊ သဘောကျသူ မန်ယူ‌ ဘောလုံးပွဲကို မလွတ်တန်း အားပေးသူဖြစ် သည်။

သူ၏ အိမ်မက်မှာ ဇာတိမြေ အောင်လံမြို့တွင် စာကြည့်တိုက်တစ်ခု တည်ဆောက်ပေးရန်ပင်ဖြစ်‌ေကြာင်းကိုမင်းခန့်သစ္စာ၏ ချစ်သူက ဆို သည်။ “သူကလေ သဘောလည်း အရမ်းကောင်းတာ၊ လူတိုင်းနဲ့လည်း ပေါင်းတတ်တယ် ။ သူ့မှာဆို အပေါင်းအသင်းက နှစ်မြို့လုံး(အောင်လံ၊မကွေး)နီးနီးပဲ ။ တော်တော်လည်း လိမ္မာတယ်။ မှတ်မှတ်ရရ ခါတိုင်းဆို သူ့ဖုန်းအားသွင်းဖို့ မလွယ်လို့ စကားမပြောရဘူး ။ သူမသေခင်ညက စကားတွေခါတိုင်းနဲ့ မတူအများကြီးပြောနေခဲ့တာ၊ အဲ့နေ့ညကလည်း တစ်ခြားသူတွေနိုးပြီး ပြေးကုန်ပြီ ။ သူကအိပ်နေတာ မနိုးဘူးတဲ့။ သူလို့လူမျိုးက တကယ်ရှားတာ၊ မိဘအပေါ်ကော ၊ချစ်သူအပေါ်ကော ၊တိုင်းပြည်အပေါ်ကော တော်တော်လေးကို တာဝန်ကျေခဲ့ပါတယ်။ သူ့အ တွက် ဂုဏ်ယူနေမှာပါ” ဟု သူ့ချစ်သူ မိန်းခလေးကပြောသည်။

၎င်းကျဆုံးရသည့်အပေါ် မိတ်ဆွေများနှင့် ရဲဘော်ရဲဘက်များက ဝမ်းနည်းတသဖြစ်ရကြောင်း လူမှုကွန်ရက်တွင် သူ၏ ပုံနှင့်တစ်ကွ ရေးသားဖော်ပြကြပြီး တချို့က ကဗျာရေးစပ်ကာ ဂုဏ်ပြုကြသည်။သူ၏ မိတ်ဆွေ နောင်သူရိန်ကလည်း မင်းခန့်သစ္စာ ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ် ရေးဖွဲ့ခဲ့သည်။

” မင်းခန့်သစ္စာ”

တပ်ဦးကနေ ဒေါင်းအလံကိုင် တက်လာတယ်

ရဲဘော်တို့ လာစုရုံးလေ

အဆုံးသတ်တိုက်ပွဲ နွှဲဆင်မလေ

တော်လှန်တေးတွေ ဆိုမယ်

နွေဦးလမ်းမထက်က ကျောင်းသားတယောက်ရဲ့

မပြောင်းလဲတဲ့ရာဇဝင်လိုပါပဲ၊

စစ်ဖိနပ်စီး ကျောပိုးအိတ်လွယ်

အာဏာရှင်ကို တော်လှန်မယ်

ချစ်ခြင်းမေတ္တာကို ဆန့်ထွက်လာတဲ့

ဆံပင်တွေထဲ သိုဝှက်ထားမယ်

စစ်ကြီးပြီးရင် ကျောင်းတက်မယ်ပေါ့လေ

ရဲဘော်ညီ‌လေး သို့မဟုတ် သွေးတစက် အသားတစ နောက်ဆုံးအထိ ကမ္ဘာကို သစ္စာရှိသူ

မျက်ရည်စိုရွှဲ ဆောင်းမနက်ခင်းမှာ

သူရဲကောင်းဟာ ရာဇဝင်ကို သွေးနဲ့ရေးတယ်။

ကမ္ဘာသစ်ကို တွေ့မသွားရှာဘူး

လမ်းတစ်လျှောက်မှာတော့ မင်းပုံရိပ်တွေရှိတယ်

တောင်တန်းတွေဆီ ရောက်လာတဲ့နှင်းတွေဟာ

မင်းအကြောင်းကို ပြောပြနေလိမ့်မယ် ။

ရဲဘော်ညီလေးရေ မင်းက ကဗျာတွေ ကြိုက်တယ် ဟစ်ဟော့ ကြိုက်တယ် မန်ယူ ကြိုက်တယ် ရမ် ကြိုက်တယ် အတူတူပြန်ဆုံကြမယ် ဆိုတဲ့ ကတိကို မတည်လည်း ငါတို့ ခွင့်လွှတ်တယ်” mizzima

ရန်ကုန်တွင် လောင်းကစားဝိုင်းများနှင့် ရာဇ ဝတ်မှုများတိုးလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိဖြစ်နေ

စစ်အာဏာသိမ်းပြီးနောက် ၁၀ လနီးပါးရှိလာချိန်မှာ  ရန်ကုန်မြို့ လူစည်ကားရာနေရာတွေမှာ  လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ် ဆောင်လာကြသလို လိမ်လည်မှုတွေ   ရာဇဝတ်မှုတွေ ပိုများလာတာကြောင့် ပြည်သူတွေအနေနဲ့ သွားလာရာမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်နေရတယ်လို့  မြိုခံတွေထံက သိရပါတယ်။

အခုနောက်ပိုင်း လူစည်ကားရာနေရာတွေ၊ ဘတ်(စ်)ကားမှတ်တိုင်တွေမှာ အမျိုးသားတချို့ဟာ စာရွက်တရွက်နဲ့ အံစာတုံးတွေထည့်ထားတဲ့ ခွက်တွေ၊ လူတွေ မက်လောက်စရာ ပိုက်ဆံ ငါးထောင်တန်၊ တသောင်းတန်တွေနဲ့ လောင်းကစားဆန်ဆန် ကစားနည်းတွေနဲ့ လမ်းသွားလမ်းလာ၊ ခရီးသွားပြည်သူတွေကို ဖြားယောင်းကစားစေတာမျိုး ခပ်စိပ်စိပ်တွေ့ရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

“ဒီလိုလောင်းကစားနည်းနဲ့ မသိနားမလည်နဲ့လူတွေကို လိမ်စားနေတာမျိုးတွေ့တာ သုံးကြိမ်လောက်ရှိပြီ။ ကြက်ဘဲဈေးမှတ်တိုင်၊ တာမွေမှတ် တိုင်နဲ့ ရွှေဂုံတိုင်မှတ်တိုင်တွေမှာ။ သူတို့က ခရီးသွားတွေကို သူတို့နဲ့ ပိုက်ဆံလောင်းဖို့ ဆွယ်တယ်။ ပထမ တခါ၊ နှစ်ခါတော့ လောင်းတဲ့သူကို အနိုင်ပေးတယ်။ နောက်ပိုင်းမှာတော့ လောင်းတဲ့သူတွေ ပါလာတဲ့ ပိုက်ဆံတွေအပါအဝင် နာရီလိုမျိုး၊ ဖုန်းလိုမျိုး၊ ရွှေလိုမျိုးလက်ဝတ်လက်စားတွေပါ သူတို့ရအောင် ယူတယ်။ လောင်းတဲ့သူတွေလည်း အသိစိတ်လွတ်သလို ပုံစံမျိုးတွေ့ရတယ်။ သူတို့ သတိရတဲ့အချိန်ကျတော့ သူတို့ပစ္စည်းတွေ ပါကုန်ပြီ။ ပြန်တောင်းလို့လည်း မရဘူး။ သူတို့ဒီလို လိမ်စားနေတာကို သိတဲ့သူတွေရှိပေမယ့် သူတို့ကို သွားမပြောရဲဘူး။ သွားပြောတဲ့သူတွေကိုလည်း ရန်ရှာတာမျိုး၊ ဓားနဲ့ထိုးတာမျိုးရှိလို့ သိပေမဲ့ ဘယ်သူမှမပြောရဲကြဘူး။”

ခုလို မသမာနည်းနဲ့ လိမ်လည်နေတဲ့သူတွေဟာ သူတို့ရဲ့ ဖြားယောင်းမှုခံရတဲ့လူတွေကို လက်နဲ့ပုတ်ပြီး လောင်းကစားလုပ်ဖို့ မြှောက်ထိုးပင့်ကော်တာမျိုး အားပေးအားမြှောက်လုပ်တာမျိုး တွေ့ ရတယ်လို့ ဆိုပါတယ်။

လိမ်လည်သူတွေဟာ သာမန်ခရီးသွားဟန်လွဲပုံစံမျိုး ဝတ်စားထားကြပြီး လောင်းကစားပြီးရင် အုပ်စုလိုက် တက္ကစီကားနဲ့ထွက်သွားကြတယ်လို့လည်း သိရပါတယ်။

ခုလို လူမြင်ကွင်း လောင်းကစားလုပ်တာကို လက်ရှိနိုင်ငံရေး အခြေအနေအရ ဘယ်သူမှ ရဲတွေကို တိုင်တန်းတာမျိုး မရှိတာကြောင့် လိမ် လည်သူတွေက ပိုအတင့်ရဲလာနိုင်ကြောင်း၊ ပြည်သူတွေအတွက် ပိုအန္တရာယ်များလာနိုင်ကြောင်းနဲ့ မသိနားမလည်တဲ့သူတွေအနေနဲ့ သူတို့ ပင်ပင်ပန်းပန်းရှာထားတဲ့ငွေတွေကို တခဏအတွင်း ဆုံးရှုံးနိုင်တာကြောင့် စိုးရိမ်တယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

“အခုလိုကာလမျိုးမှာ လူလိမ်လူကောက်တွေ အရမ်းများတယ်။ လိမ်ပုံလိမ်နည်းအမျိုးမျိုး ရှိတယ်။ အွန်လိုင်းကနေ လိမ်တယ်။ အပြင်မှာလည်း လိမ်ကြတယ်။ ဒါကြောင့် သတိဝိရိယနဲ့သွားလာကြပါ။ အထူးသဖြင့် YBS စီးတဲ့သူတွေပေါ့နော်။ ကားပေါ်မှာလည်း ကားပေါ်အလျောက် သတိထားပါ။ ကားမှတ်တိုင်မှာလည်း ကားမှတ်တိုင်အလျောက် သတိထားကြပါ။ ခါးပိုက်နှိုက်တွေလည်း အရမ်းများတယ်။ ခုခေတ်ကာလကြီးမှာ ပိုက်ဆံတွေလည်း အများကြီး မသယ်သွားနဲ့ပေါ့နော်။ ပြီးရင် လက်ဝတ်လက်စားတွေလည်း မဝတ်သွားနဲ့လို့ ပြောချင်ပါတယ်”လို့ ရန်ကုန်မြို့ခံတဦးက သတိပေး ပြောပါတယ်။

စစ်ကောင်စီဩဇာခံ ရဲနဲ့စစ်တပ် လုံခြုံရေးတပ်ဖွဲ့တွေဟာ  ခိုးဆိုးလုနှိုက်တွေ၊ လိမ်လည်မှုတွေ၊ ရာဇဝတ်မှုတွေ၊ မတရားမှုတွေကို လျော့နည်းအောင် တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ရမယ့်အစား  ပြည်သူတွေပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လုယက်ခိုးယူ၊ မတရားသိမ်းဆည်းမှုတွေ လုပ် ဆောင်နေကြတာပါ။

ဒါ့အပြင် တဖက်မှာလည်း နိုင်ငံတဝန်း မြို့တွေ နယ်တွေ အသီးသီးမှာ ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေနဲ့  လောင်းကစားဝိုင်းတွေကို ဆက် ကြေးကောက်ပြီး ဖွင့်လှစ်ခွင့် ပြုနေတာ လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးစတင် ကျဆင်းလာရာက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စီးပွားရေး ကျပ်တည်းမှုဒဏ်ကို ပိုမိုခံစားနေရတာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင် ငံ ရေး ကသောင်းကနင်းဖြစ်မှုနဲ့ လျင်မြန်စွာ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ်ကတည်း က ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့တဲ့ မြန်မာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး ၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ   ၁၈ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိ တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ ကိုဗစ်ရောဂါပျံ့နှံ့ဖြစ်ပွားမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ငွေကြေးလိမ်လည်မှု၊ ဒုစရိုက်မှုတွေ တနေ့တခြား တိုးလာနေပြီး ပြည်သူလူထုဟာ  စိတ်ရော၊ ကိုယ်ပါ မလုံခြုံမှုတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ DVB

« Older Entries