ကျွန်းလှပြည်သူ ၅၀၀၀ ကျော် တိမ်းရှောင်နေရ၊ နေအိမ် ၁၈ လုံးကို စစ်တပ်က ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက် ကျေးရွာ ၁၁ ရွာလောက်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်ကာ ဒီနေ့အထိ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး မွှေနှောက်ဖျက်ဆီးနေတာကြောင့် ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြည်သူ ၂ ဦးနဲ့ PDF ၁ ဦး ပစ်သတ်ခံရကာ စစ်ဘေးရှောင်အချို့လည်း စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
“ဆည်အနောက်ဘက်ခြမ်းက ရွာတွေကို အင်အား ၃၀၀ နဲ့ ၄၀၀ ကြားရှိတဲ့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဖျက်ဆီးတယ်၊ ပစ်ခတ်တယ်။ တစ်ချို့အိမ်တွေဆို ရှေ့ဆက်နေစရာ စားစရာမရှိအောင်ဖျက်ဆီးခံရတယ်။ တောင်နီရွာက အသက် ၇၀ ကျော် အဖိုးကြီးတစ်ယောက် နှလုံးရပ်သေဆုံးခဲ့တယ်။ ဥသျှစ်ကုန်းကျေးရွာက အပြစ်မဲ့ပြည်သူရွာသားတစ်ဦး နဲ့ ပကဖ အဖွဲ့ဝင်တစ်ဦးကိုလည်း နှိက်စက်သတ်ဖြတ်ခဲ့တယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မော်တုံကျေးရွာကနေအိမ် ၉ လုံး၊ ကုန်းစည်းကျေးရွာက နေအိမ် ၂ လုံး၊ ပေပင်ချောင်ကျေးရွာကနေအိမ် ၇ လုံး စု စု ပေါင်းနေအိမ် ၁၈ လုံးကို ဆက်လက်နေလို့မရတဲ့ ထိအောင် ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
အိမ်တွင်းပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးခံရတဲ့ အိမ်ခြေက ၄၀ လောက်အထိ ရှိကာ မော်တုံနဲ့ ပေပင်ချောင်းကျေးရွာ နှစ်ရွာကတော့ ရွာလုံး ကျွတ်အမွှေခံရတယ်လို့ သိရပါတယ်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းက မော်တုံ၊ ပေပင်ချောင်၊ ဝေလမူ၊ ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်း၊ လိပ်ဆင်းတောင်၊ သက္ကယ်ကျင်း၊ မော်ကယ်၊ သပူတော၊ ညောင်ပင် စတဲ့ကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုး မွှေနှောက်ဖျက်ဆီးခဲ့တာကြောင့် သိန်း ၇၀၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ဥသျှစ်ကုန်း ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်း ရှိနေတဲ့အတွက် ဆက်လက်ရှာဖွေနေကြဆဲဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဆီက သိရပါတယ်။ DVB