Monthly Archives: Nov 2021

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ နိုင်ငံတကာညီလာခံ NUG ဝန်ကြီး ပါဝင်တက်ရောက်မည်

ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးဆိုင်ရာ တတိယအကြိမ်မြောက် နိုင်ငံတကာ ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးကို အာဆီယံ ဝန်ကြီးတွေနဲ့ အတူ ဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။ 

ဒါဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုလိုက်တာလို့ ပြောရမှာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရ အောင်မြင်မှုတစ်ခုလည်း ဖြစ်တယ်လို့ အဲဒီညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မယ့် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုတော့ နိုင်ငံတကာညီလာခံတက်ဖို့ ဖိတ်ကြားထားခြင်းရှိ၊ မရှိ အတည်မပြုနိုင်သေးပေမဲ့ အဲဒီညီလာခံမှာ ဆွေးနွေးကြမယ့်သူတွေရဲ့ စာရင်းထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်ကိုတော့ မတွေ့ရပါဘူး။

အဲဒီညီလာခံကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဘရူးနိုင်းလ်နိုင်ငံတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးတွေနဲ့အတူ  အမျိုးသားညီညွတ်ရေးအစိုးရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မှာပါ။ 

အဲဒီညီလာခံမှာ  ဌာနေတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်စီမံခွင့် မူဘောင်သာလျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်တယ် ဆိုတဲ့အချက်တွေ ဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ပြောပါတယ်။

အဲဒီအပြင် အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ အဖိုးတန်တဲ့ အမွေအနှစ်တွေမဆုံးရှုံးဖို့နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အရပ်သားအစိုးရက စီစဉ်ထားတဲ့အစီမံတွေ အာဏာသိမ်းလိုက်တာကြောင့် ဆုံးရှုံးသွားတဲ့ လူမှုအသိုင်းအဝန်း ကိစ္စတွေလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီညီလာခံကို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ECCRI လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်းကနေ ဦဆောင်ကျင်းပတာ ဖြစ်ပါတယ်။ DVB

ခင်ဦး၊ သဲကုန်းကြီးရွာမှ ကိုမောင်မောင်ထွေး၊ ဖရူဆိုမှ မောင်ဂျော့မောင်ငယ်၊ လှည်း ကူးမှ ဦးသန်းမြတ်စိုး အပါအဝင် ပြည်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ် စက်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သဲကုန်းကြီးကျေးရွာမှ ကိုမောင်မောင်ထွေး၊ ကယား ပြည်နယ်၊ ဖရူဆိုမှ မောင်ဂျော့မောင်ငယ်၊ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ ဦးသန်းမြတ်စိုးအပါအဝင် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ခင်ဦး၊ သဲကုန်းကြီးကျေးရွာမှ ကိုမောင်မောင်ထွေးကို စစ်တပ်က နှိပ်စက်ပစ်သတ်

========================================================

ခင်ဦးမြို့နယ် သဲကုန်းကြီးကျေးရွာကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ နိုဝင်ဘလ ၂၂ ရက် မွန်းလွဲ ၁၁ နာရီတွင် ပြန်လည်ထွက်ခွာသွားချိန် ကျေးရွာသားများ ရွာထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားသည့် ကိုမောင်မောင်ထွေး ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ “ကိုမောင်မောင်ထွေးရဲ့ ရုပ်အလောင်းမှာ သေနတ် ဒဏ်ရာနဲ့ ခြေကျင်းဝတ် အထက် ဓါးဖြင့်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်။ ရုပ်အလောင်းက ပုတ်ပွနေပြီး စစ်တပ်က မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားတာ ရုပ်အလောင်းကို ဒီနေ့ နေ့လည် ၁ နာရီ ၃ဝ မိနစ်မှာ သင်္ဂြိုလ်လိုက်ပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ဖရူဆိုတွင် စစ်တပ်က ဖမ်းဆီးထားသော မောင်ဂျော့မောင်ငယ်သေဆုံး

=================================================

ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် ဧပြီလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် မောင်ဂျော့မောင်ငယ်သည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သေဆုံးသွားကြောင်း၊ နာနတ်တောရွာနေ အသက် ၁၇ နှစ်အရွယ် ကိုဂျော့‌မောင်ငယ် သေဆုံးသွားပြီဟု လွိုင်ကော်စခန်းက မိသားစုကိုအကြောင်းကြားလာပြီး မည်သို့သေဆုံးသွားသည်ကို မသိရှိရကြောင်း မိသားစုထံမှ သိရှိရသည်။

လှည်းကူးမြို့နယ်မှ ဦးသန်မြတ်စိုးကို စစ်တပ်က ပစ်သတ်

====================================

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်( ဒါးပိန်တောင်) မြို့မရန်အောင်ခန်းမတွင်တပ်စွဲထားသော တပ်မ (၁၁)က ယနေ့ နံနက် ၁ နာရီ ၅၈ မိနစ်တွင် သခွတ်ပင်ပိုင်း(ဂိတ်အရှေ့)တွင် ဒါးပိန်အရှေ့ပိုင်းမှ ဦးသန်းမြတ်စိုး ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ပဲခူးတွင် လူငယ်တစ်ဦး ပစ်သတ်ခံရ

======================

နိုဝင်ဘာ ၁၉ ရက်နေ့ ည ၉နာရီ ၄၀ မိနစ်အချိန်ခန့် ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီး လမ်းမတွင် အမျိုးသား ၃ ဦးသည် ငါးဒိုင်မှ ငါးဝယ်ပြီး သုံးဘီးဖြင့်အပြန် ဆီပြတ်သဖြင့် နောက်ထပ်သုံးဘီးငှား၍ ငါးသယ်ရန်လုပ်ဆောင်နေစဥ် စစ်ကောင် စီတပ်များက ပစ်ခတ်သဖြင့် အမျိုးသား ၆ဦးအနက်မှ လူငယ် ၁ဦးမှာ သေနတ်ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထီးချိုင့်တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်

================================

ထီးချိုင့်မြို့နယ်အရှေ့ဘက်ကမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က အပြစ်မဲ့ပြည်သူ ၁၅ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး နေအိမ် ၁၀ လုံးကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ထီးချိုင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ချောင်းဦးတွင် အမျိုးသား ၂ ဦး ဆိုင်ကယ်စီးသည်ဟုဆိုကာ လူငယ်တစ်ဦးကို ပစ်သတ်

===========================================================

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ရွာတွင် နိုဝင်ဘာ၂၀ ရက်နေ့ ဆိုင်ကယ်နှစ်ယောက်တွဲ စီးလာသော လူငယ်နှစ်ဦးကို ရွာလယ် ဘောလုံးကွင်းအနီးတွင် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ​ကိုတင်မောင်အေး သေဆုံးသွားကြောင်း ၊ ကိုတင်မောင်အေးနှင့်သူငယ်ချင်းဖြစ်သူတို့ သည် ဆိုင်ကယ်ဖြင့် ချောင်းဦးမြို့မှ ကျီကုန်းရွာသို့ ပြန်လာစဉ် စစ်တပ်က ပစ်ခတ်ခြင်းဖြစ်ပြီး ဆိုင်ကယ်နောက်လိုက်ပါသူ ကျီကုန်းရွာသား အသက်(၃၀)ကျော်အရွယ် ကိုတင်မောင်အေး သေနတ်မှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတင်းရင်းမြစ်ထံမှ သိရှိရသည်။ khit thit

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ထိုးစစ်ဆင်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက အင်အား ၇၀ လောက်စီပါတဲ့  စစ်ကြောင်း  ၄ ကြောင်းနဲ့ အပြင်းအထန် ဆက် လက်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေထံက သိရပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကို နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်ရေး လေယာဉ် ၃ စီး ဆင်းသက်လာပြီး လေကြောင်းစစ်ကူပေးမယ့် အနေအထားမျိုးရှိတယ်လို့ စစ်ကိုင်းဒေသခံ စစ်ရေးစောင့်ကြည့် လေ့လာတဲ့ နိုင်ငံရေးသမား တဦးက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာတော့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ထဲကို တိုက်ခိုက်ရေးလေယာဉ် ၃ စီး ဆင်းသက်လာတာရှိတယ်။ သူတို့က နှိမ်နင်းမယ်လို့ ကြွေးကြော်ထားပေမယ့် ဒေသခံ PDF တွေရဲ့ ပြောက်ကျားစနစ်ကြောင့် သူတို့ဘက်က အထိနာတာရှိတယ်။ သူတို့ရှုံးမဲမဲပြီး ရှက် ရမ်းရမ်းနေတဲ့ အနေအထားရှိတယ်။”

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပေမယ့် မွန်းလွဲပိုင်းအထိ တိုက်ပွဲကြီးကြီးမားမားမရှိသေးဘူးလို့ ကလေးPDF တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

“နေရာပေါင်းစုံကနေ ကလေးမြို့နယ်တောင်ပိုင်းကို ပိတ်ဆို့ပြီး တပ်ဖြန့်ထားတယ်။ အင်အား ၇၀ စီလောက်ပါတဲ့ စစ်ကြောင်း ၄ ခုနဲ့ ကလေးမြို့နယ်တောင်ပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာဗျ။ ဒီနေ့မနက်ပိုင်းတော့ ထိတွေ့မှုမရှိသေးဘူး။”

မနေ့တုန်းက ကလေးမြို့နယ်တောင်ပိုင်းကျောက်ပြုတ်ရွာက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာကို PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မွန်းလွဲပိုင်းမှာ PDF တွေ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

ကျောက်ပြုတ်ရွာတိုက်ပွဲမှာ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ကလေး PDF ဘက်က ၂ ယောက်ကျဆုံးခဲ့ပါတယ်။  စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေဟာ ကျောက်ပြုတ်ရွာမှာတပ်စွဲထားဆဲဖြစ်ပြီး ရွာထဲမှာ ပြည်သူတွေ နေထိုင်တာမရှိတော့ပါဘူး။ 

နိုဝင်ဘာ ၁၆ ရက်က ကလေး PDF တပ်ရင်း(၃)စခန်းကနေ ဖမ်းဆီးသွားတဲ့ ဆေးတပ်သား မိန်းကလေး ၉ ယောက်ရဲ့သတင်းကိုတော့ အခုထိမကြားရသေးပါဘူး။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ်၊ ယောဒေသနဲ့ ပုံတောင်ပုံညာလမ်းပိုင်းကို စစ်ကောင်စီတပ်တွေက အဓိကထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပုံတောင်-ပုံညာတဘက်လမ်းပိုင်းဖြစ်တဲ့ ပေါက်၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါဘက်ပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး ထီးလင်းနဲ့ ဆောဘက်မှာ လေယာဉ်ပစ်ကူတွေနဲ့ပါ စစ်ကောင်စီက ပစ်ခတ်ခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကလေးမြို့နယ်ကို စစ်ကောင်စီက ထိုးစစ်ဆင်နေတာကြောင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က စစ်ကူတွေပို့ပေးတာတွေရှိနေသလို ပူးပေါင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်ပေးနေပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ ကျောက်ပြုတ်ရွာတိုက်ပွဲမှာလည်း YDF က စစ်ကူပေးခဲ့ပြီး ကလေးမြို့မှာ တိုက်ပွဲမကြီးမားအောင် ယောဒေသမှာ YDF တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်ပေးထားတယ်လို့ ဆိုပါတယ်။

YDF တာဝန်ရှိသူတစ်ဦး “မနေ့က ထိတွေ့မှုကတော့ မင်းရွာဘက်ကလာတဲ့ စစ်ကား ၅ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ၃ စီးထိခိုက်သွားတယ်ဗျ။ အသေအပျောက်အဆုံးကတော့ အတိအကျကြီးမသိရဘူး။ စစ်ကောင်စီယာဉ်တန်းက ဂန့်ဂေါမြောက်ပိုင်း ဂန့်ဂေါ-ကလေးလမ်း ကြောင်းကို ဆက်သွားမယ်လို့ ယူဆရတယ်ဗျ။ မနေ့က ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းကို YDF က ဝင်ရောက်တိုက်ခိုက်တာရှိခဲ့ပါတယ်။ ကလေးနဲ့ဂန့်ဂေါက နယ်မြေချင်းထိစပ်နေတော့ ကလေးဘက်ကို စစ်ကူသွားပေးနေတာရှိပါတယ်။ သူတို့ဘက်က အကူအညီတောင်းတာနဲ့ ကျနော်တို့ဘက်က ကူညီပေးဖို့ အသင့်ဖြစ်နေပါတယ်ဗျ။ ကလေးဘက်မှာ တိုက်ပွဲကြီးကြီးမားမားမဖြစ်အောင် ယောဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်ပေးထားပါတယ်။”

ကလေးမြို့နယ်အတွင်းက ဘယ်နေရာမှာမဆို တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေဟာ ဘေးလွတ်မယ့်နေရာ ရှောင်ရှားနေထိုင်ကြဖို့ ကလေး PDF က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ သွားလာလှုပ်ရှားမှုတွေကိုလည်း အခွင့်အရေးရရင် ကလေး PDF ဆီကို သတင်းအချက်အလက်ပို့ပေးဖို့ မေတ္တာရပ်ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။ စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအချက် အလက်တွေ အမှောင်ချဖို့လည်း ကြိုးစားနေပါတယ်။ DVB

NUG အစိုးရ၏ ငွေတိုက်စာချုပ် ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူလိုသူ အလွန် အလွန်များပြား၊ ဒေါ်လာ ၃ သန်းဖိုး ရောင်းရဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေတိုက်စာချုပ်များကို ယနေ့ စတင်ရောင်းချရာ မြန်မာပြည်တွင်းနှင့် ပြည်ပ ရောက် မြန်မာများက ဝယ်ယူလိုသူ အလွန်အလွန် များပြားလျက်ရှိကြောင်း သိရှိရသည်။ “ပြည်တွင်းဘဏ်အကောင့်တွေနဲ့ ဝယ်လို့မရတော့ အခု ထိုင်း၊ မလေးရှားနဲ့ စင်ကာပူမှာရှိတဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး ငွေလွှဲခိုင်းတယ်။ ကျနော်လည်း နီးစပ်ရာအသိုင်းအ၀ိုင်းကို ကူညီပေးနေတယ်။ ပြည်တွင်းက လူက မြန်မာငွေ ပေးရုံပဲ။ ပြည်ပမှာ Bank Account ရှိတဲ့သူတွေကို ပြန်ဝယ်ခိုင်းလိုက်တယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောသည်။ မကြာမီ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့တွင် NUG ငွေတိုက်စာချုပ် ဝယ်ယူပေးသည့် ဝန်ဆောင်မှုများ ပေါ်လာဖွယ်ရှိသည်ဟု ပြည်ပရောက် မြန်မာတချို့ကဆိုသည်။

“အကူအညီတောင်းတဲ့သူက များတယ်။ ဝယ်ပေးပါ။ ကျသင့်တာကို မြန်မာငွေနဲ့ ပေးမယ်ပေါ့။ ကိုယ်လည်း နိုင်သလောက်တော့ ဝယ်ပေး လိုက်တယ်။ ဒါပေမယ့် အများကြီးတော့ မဝယ်ပေးနိုင်ဘူး။ ငွေလွှဲအေးဂျင့်တွေနဲ့ကိုယ်စားလှယ်တွေဘက်က ဝန်ဆောင်မှုတစ်ခုလို လုပ်ပေးနိုင်ရင် ဝယ်ပေးနိုင်ရင် ပိုကောင်းမယ်ထင်တယ်။ ပြည်ပရောက်သူတွေက လုပ်ပေးနိုင်တော့ အဲဒီဝန်ဆောင်မှု ပေါ်လာမယ်ထင်တာပဲ” ဟု ထိုင်းနိုင် ငံရောက် မြန်မာတစ်ဦးက ဆိုသည်။ NUG ဘက်ကမူ ငွေတိုက်စာချုပ်ရောင်းချပြီး ၃ နာရီခွဲအတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းချရကြောင်း NUG ၏ တရားဝင် သတင်းမီဒီယာ PVTV မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ငွေတိုက်စာချုပ်များသည် တန်ဖိုးအားဖြင့် အမြင့်ဆုံး ဒေါ်လာ ၅၀၀၀ မှစတင်၍ ဒေါ်လာ ၁၀၀၀ ၊ ဒေါ်လာ ၅၀၀ နှင့်ဒေါ်လာ ၁၀၀ ဟူ၍ ၄ မျိုးရှိကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီတွင် နွေဦးတော်လှန်ရေး၏ ခမ်းနားသော သမိုင်းသစ်ကို ရေးထိုးရန် အထူးငွေတိုက်စာချုပ်များကို စတင်ရောင်းချသွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ပြတ်သားသော သန္နိဋ္ဌာန်ချမှတ်ပြီး အောက်ပါ အင်တာနက်စာမျက်နှာ (link) ကနေတဆင့် လေ့လာကြည့်ရှုဝယ်ယူကြပါရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ငွေတိုက်စာချုပ်ကို https://www.unitedbonds-nug.org မှတစ်ဆင့် ဝယ်ယူနိုင်ပြီး ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များအား အထူးလုံခြုံသော နည်း ပညာဖြင့် အာမခံချက်ပေးထားပါသောကြောင့် စိုးရိမ်ကြောင့်ကြခြင်း အလျဉ်းမရှိဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း NUG က သတင်းထုတ်ပြန်သည်။ ဘဏ်ငွေလွှဲစနစ်အား အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးထားသည့်အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်ကြောင်း ၊ ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းအားဖြင့် စိတ်ချလုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်သည့်အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် ကိုယ်စားဝယ်ယူသူမှ မိမိ၏ အစုအဖွဲ့ဝင် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များကို အတိအကျဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ငွေတိုက်စာချုပ်များကို အစုအဖွဲ့ဝင်တစ်ဦးချင်းစီအား သီးသန့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် အစုအဖွဲ့ဝင်တစ်ဦးချင်းစီမှ ဒေါ်လာ (၁၀၀) အနည်းဆုံး ဝယ်ယူရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝယ်ယူရန် အသေးစိတ်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ၏ တရားဝင် Facebook စာမျက်နှာများတွင် အသေးစိတ်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ဝယ်ယူသူ/ဝယ်ယူနိုင်ရေးကူညီသူ/ဝယ်ယူရန် အားပေးတိုက်တွန်းသူ အပေါင်းအား သမိုင်းမှတ်တမ်း၊ ကမ္ဗည်းမော်ကွန်း တင်အပ်ကြောင်း NUG က ချီးကျူးဂုဏ်ပြုထားသည်။ khit thit

ဗန်းမော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အထက ၁ နဲ့ အထက၂ ကျောင်းလမ်းဆုံအနီးမှာ နိုဝင်ဘာ ၂၂ရက် မနက် ၉ နာရီလေက်က ဆိုင်ကယ်မောင်းလာတဲ့ ရဲတယောက်ကို  ဆိုင်ကယ်စီးလူ ၂ ယောက်က ပစ်ခတ်ခဲ့ပါတယ်။

“သေနတ် ၇ ချက်လောက်ပစ်ဖောက်သွားတာ၊ အဲလမ်းဆုံက လူသွားလူလာများတယ်။ အဲဒီ ရဲတော်တော်ထိသွားတာ၊ သွေးတွေနဲ့၊ စစ်ကောင်စီနဲ့ ရဲတွေ လာတင်သွားကြတယ်။ အဲလမ်းဆုံက ကင်းတဲမှာ စစ်ကောင်စီနဲ့ ရဲတချို့ မကြာခဏလာစောင့်ကြတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ကျည်ဆန်ထိမှန်သွားတဲ့  ရဲတပ်ဖွဲ့ဝင်ရဲ့ ဒဏ်ရာ အခြေအနေကိုတော့ မသိရသေးဘဲ ရဲတွေနဲ့ စစ်တပ်က  မီးပွိုင့်တွေမှာ ဖြတ်သန်းသွာလာသူ မှန်သမျှကို စစ်ဆေးနေပါတယ်။

နိုဝင်ဘာလဆန်းပိုင်း ၁၄ ရက်နေ့ညပိုင်းကလည်း ဗန်းမော်မြို့ ရှိ ပရဟိတကန်နဲ့ စကခ ၂၁ ဂိတ်အနီး စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

စစ်ကိုင်းတွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ တင်လာသည့် စက်​လှေကို မြို့လှ PDFက ဖမ်းဆီးပြီး ဘီယာများအားလုံးကို ဖျက်ဆီး

အကြမ်းဖက် စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို သိုလှောင်ရောင်းချတာတွေ မလုပ်ကြဖို့ တားမြစ်ထားတဲ့ စစ်ကိုင်းတိုင်းမှာ မြန်မာဘီယာတွေကို မြို့လှ PDF က ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကိုင်းတိုင်း ကသာဘက်ကနေ ရွှေကူဘက်ကို ရေကြောင်းလမ်းကတစ်ဆင့် စက်လှေအပြည့် သယ်ဆောင်လာတဲ့ စစ်အုပ်စုပိုင် ထုတ်ကုန် Myanmar Bee တွေကို ဖမ်းဆီးခဲ့တာပါ။မြို့လှ PDF(မိုက်ရူးရဲ အဖွဲ့) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့ ညနေ ၄နာရီအချိန်မှာ ဖျက်ဆီးပစ်ခဲ့တာဖြစ်ပြီး နောက်ထပ် စစ်တပ်ထုတ်ကုန်တွေကိုလည်း ဖမ်းဆီးသွားမယ်လို့ ဖော်ပြပါတယ်။မြို့လှPDF(မိုက်ရူးရဲ အဖွဲ့) ရဲ ဘော်တစ်ဦးကို ကိုးကားပြီး အင်းတော် တော်လှန်ရေး Indaw Revolution က ထပ်ဆင့်သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ khit thit

ပုသိမ် နတခစစ်ဌာနချုပ် အမှတ် ၉၀၇ စစ်မြေ ပြင်အင်ဂျင်နီယာတပ်တွင်း ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ရှိ  အမှတ် ၉၀၇ စစ်မြေပြင်အင် ဂျင်နီယာတပ်ထဲမှာ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သရက်ကုန်းကျေးရွာမှာရှိတဲ့ နတခစစ်ဌာချုပ်ထဲမှာရှိတဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းဝင်းထဲက ဒီနေ့ မနက် ၉ နာရီ ၄၅ လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အသံကိုကြားရပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေတွေ ကို သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အသံက တော်တော်ကျယ်တယ်လို့ ပြောရမယ်။ ပိုထူးဆန်းတာက တပ်ထဲကဖြစ်နေတာ။ အထဲကလူတွေ ပြောတာတော့ စက်ယန္တရားတစ်ခုပေါက်တာလို့ပြောတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံတွေကို စစ်တပ်ဌာနချုပ်အဝင်းထဲ ဝင်ရောက်သွားလာခွင့်ကို ပိတ်လိုက်ပြီး လာသမျှ လူတွေနဲ့ ယာဉ်တွေကို ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

မနက်ပိုင်းက ပေါက်ကွဲမှုဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ထဲက လက်နက်တွေသိုလှောင်ထားတဲ့ ဗဟိုကင်း လက်နက်တိုက်ထဲမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စစ်တပ်အသိုင်းဝိုင်းက သိရပါတယ်။ DVB

ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်အချို့မှ ရန်ကုန်မြို့သို့သွားသည့် လမ်းများကို စစ်ကောင်စီ ပြန်ဖွင့်ပေးသော်လည်း စစ်ဆေးရေးတင်းကျပ်

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်အချို့မှ ရန်ကုန်မြို့ဘက်သို့သွားသည့် လမ်းအချို့ကို စစ်ကောင်စီက နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းကစပြီး ပိတ်ထားခဲ့ရာ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်တွင် လမ်းအချို့ကို ပြန်ဖွင့်ခဲ့သော်လည်း လမ်းတွင် စစ်ဆေးရေး ပိုမိုတင်းကျပ်လာကြောင်း ဒေသခံ သ တင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များမှ ရန်ကုန်မြို့သို့ သွားသည့် လမ်းတချို့ကို စစ်ကောင်စီက ပိတ်ခဲ့ပြီး လက်ရှိတွင် လမ်းအချို့ ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ “ဒီနေ့မနက် အထိတော့ တွံတေး-ကံဘဲ့ လမ်းဆုံကနေ ကော့မှူး- ဒလ ကားလမ်းကိုတော့ ပိတ်ထားတုန်းပါပဲ။ တွံတေး- ဒလ ကားလမ်းကိုတော့ မနေ့က ပြန်ဖွင့်လိုက်ပါတယ်။ ကော့မှူး၊ ကွမ်းခြံကုန်းဘက်က လာချင်ရင် ဒလ ကိုးတောင်လမ်းနဲ့ ဒလ ဝါးဘလောက်သောက်လမ်း အဲဒီလမ်းနှစ်ခုကိုတော့ ဖွင့်လိုက်ပါပြီ။ လမ်းမှာ စစ်ဆေးရေးဂိတ်နှစ်ခုတော့ ရှိတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Mytel တာဝါတိုင်စောင့် စစ်သားနှစ်ဦး ပစ်သတ်ခံရပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ် သား ၁၁ ဦးသည် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသည်ကို ရှာဖွေရန် နှင့် PDF များကို ရှာဖွေရန် ယင်းကဲ့သို့ လမ်းပိတ်စစ်ဆေးနေခြင်းဖြစ်သည် ဟူသော သတင်းများ ဒေသခံများအကြား ပျံ့နှံ့လျက်ရှိကြောင်း ၎င်းကဆိုသည်။

“တွံတေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားများစွာနဲ့ တောနင်းရှာဖွေမှုတွေ ရှိနေပေမဲ့ မည်သူတွေကို ရှာဖွေနေကြောင်း မသိရှိရသေးပါဘူး။ သတင်းကတော့ အမျိုးမျိုး ပျံ့နေတာပါပဲ။ မြို့ထဲမှာတော့ စစ်ဆေးရေး တင်းကျပ်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက် ပြေးလို့ လိုက်ရှာနေတယ်ဆိုတဲ့ သတင်းအပေါ် အတည်ပြုချက်ရရှိဖို့ စုံစမ်းလျက်ရှိနေပါတယ်” ဟု တွံတေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်စောင့် အရပ်ဝတ် စစ်သားနှစ်ယောက်သည် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ရှိခဲ့သည်။ mizzima

« Older Entries