Monthly Archives: Nov 2021

ရန်ကုန်တွင် မှော်ဘီ၊ လှိုင် နှင့် သာကေတမြို့ နယ်များ၌ ဗုံးများပေါက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လှိုင်မြို့နယ်နှင့် သာကေတမြို့နယ်တို့၌ ယနေ့ နိုဝင်ဘာလ ၂၃ ရက်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအပြင် ပျက်စီးဆုံးရှုံးမှုများလည်း ရှိကြောင်း ဒေသခံများမှ တစ်ဆင့် သိရသည်။”မနက်က အစ်မတို့ မှော်ဘီမှာ ဗုံးပေါက်တယ်ဆိုတာ ဟုတ်ပါတယ်။ မနက် ၁၁ နာရီခွဲဝန်းကျင် လောက်ကပါ။ လျှပ်စစ်ရုံးမှာ ပေါက်တာပါ။ ရုံးရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ပေါက်တာလို့ သိရပါတယ်။ ဘယ်သူ့ ဆိုင်ကယ်မှန်း မသိရပေမဲ့ ဆိုင်ကယ်လည်း မီးလောင် ပျက်စီး သွားပါတယ်။ ဗုံးက နှစ်ကြိမ်ပေါက်တာ ဖြစ်နိုင်ပါတယ် “ဟု မှော်ဘီမြို့နယ်နေ ဒေသခံ အမျိုးသမီး တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

အဆိုပါ ဖောက်ခွဲမှုကို မည်သည့်အတွက်ကြောင့် မည်သူက လုပ်ဆောင်သည်ကိုမူ လက်ရှိအထိ မသိရသေးပေ။လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင်လည်း နေ့လယ် ၂ နာရီ မိနစ် ၂၀ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မက္ခရာတော်လှန်ရေးအင်အားစုက ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

“စည်ပင်ဝင်းထဲမှာ ဗုံးပေါက်တယ်။ အထိအခိုက်တော့မရှိဘူး။ ဒါပေမဲ့ အဲ့နားမှာတော့ စစ်ကောင်စီတပ်သားတွေ ခြေရှုပ်လာတာပေါ့။ နောက်လည်းကြရော ကွမ်းယာရောင်းတဲ့သူကို ဖမ်းသွားတယ်။ သံလမ်းမှတ်တိုင်နားက နွယ်နီဝင်းလက်ဖက်ရည်ဆိုင်ဘေးက ကွမ်းယာဆိုင်ကလူ အဖမ်းခံလိုက်ရတာပါ”ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သာကေတမြို့နယ်၌လည်း နေ့လယ် ၂ နာရီခွဲ ဝန်းကျင်ခန့်တွင် ဗုံးပေါက်ကွဲခဲ့သည်။ “မြင်တော်သာ လမ်းမကြီးပေါ်မှာ မြကန်သာ ပန်း ခြံရှိတယ်။ အဲဒီ ပန်းခြံနားက အမှိုက်ပုံမှာ ပေါက်ကွဲမှု ဖြစ်ပါတယ်။ အဲဒီမှာ အမှိုက်လာကောက်နေတဲ့ အဖွားကြီးတစ်ယောက်က တုတ်နဲ့ ထိုးမိရာကနေ ထပေါက်ကွဲတာလို့ သိရပါတယ်” ဟု အခင်းဖြစ်ပွားရာအနီးရှိ ဒေသခံတစ်ဦးက ဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း “ဘီယာဘူးခွံကို ကောက်ဖို့လုပ်ရင်း ပေါက်တယ်လို့သိရပါတယ်၊ အနည်းငယ်သာထိခိုက်မှုရှိသွားပါတယ်”ဟု ပြောသည်။အဆိုပါ ပေါက်ကွဲမှုကိုလည်း မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို လက်ရှိတွင် မသိရသေးပေ။ mizzima

မှော်ဘီမြို့နယ် လျှပ်စစ်ရုံးတွင် ဗုံး ၂ လုံး ပေါက်ကွဲ၊ လျှပ်စစ်ရုံးဝန်ထမ်း သေဆုံးသူရှိဟုဆို

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းမကြီးဘေး၊ အမှတ်(၂)ရပ်ကွက်ရှိ လျှပ်စစ်ရုံးတွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၁နာရီ ၁၅မိနစ် နှင့် ၂၅မိနစ် တို့တွင် ဗုံး နှစ်ကြိမ် ပေါက်ကွဲခဲ့ရာ လျှပ်စစ်ရုံး ဝန်ထမ်းသုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ မြို့ခံများထံမှ သိရသည်။ သေဆုံးသူ သုံးဦးမှာ ဦးစီးမှူး တစ်ဦးနှင့် အခြားဝန်ထမ်း နှစ်ဦးဖြစ်ကြောင်း ကြားသိရသည်ဟု မြို့ခံတစ်ဦးကပြောသည်။

“ဆေးရုံကားတွေ ဝင်သွားတယ်။ မှော်ဘီမြို့ ဝင်၊ ထွက်တွေမှာ စစ်ဆေးမှုများ တင်းကျပ်နေပါတယ်။ လုံခြုံရေး အကြောင်းပြပြီး ကင်းလှည့်တွေလည်း လှည့်နေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။ထို့ပြင် မှော်ဘီမြို့၊ ဆပ်သွားတောနေရာရှိ လျှပ်စစ်ရုံးတွင်လည်း ယနေ့ နေ့လယ်ပိုင်းက မပေါက်ကွဲသေးသည့် ဗုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အချိန်မီတွေ့ရှိ ခဲ့ပြီး ဗုံးဖြုတ်သိမ်းသွားသည်ဟုလည်း ၎င်းကဆိုသည်။ဖြစ်စဉ်အပြီး လမ်းတစ်လျှောက် စစ်သားများ လုံခြုံရေးယူထားကြောင်းလည်းနောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်ရုံးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြဲမပြတ် ဝင်ထွက်သွားလာလျက်ရှိပြီး လျှပ်စစ်ရုံး ဝန်ထမ်းများကလည်း မီတာခများ လိုက်လံကောက်ခံခြင်း၊ မီတာခ ဒဏ်ကြေးဆောင်ခိုင်းခြင်း၊ မီတာဖြုတ်သိမ်းသည်အထိ ပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ အောက်တိုဘာ ၂၆ ရက်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် တိုက်ကြီးမြို့ဘက် အထွက် မြို့ဝင်ဆိုင်းဘုတ်အနီးနှင့် အမှတ်(၄)ရပ်ကွက်ထိပ် ရုပ်ရှင်ရုံဟောင်းအနီး ပြည်လမ်းမပေါ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး ဒဏ် ရာရရှိခဲ့သေးသည်။ mizzima

ဆောမြို့နယ်အတွင်း စစ်ကောင်စီက ဆက် လက် ထိုးစစ်ဆင်နေပြီး အောက်လက်မွန်ကျေးရွာအား မီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း ဆောမြို့နယ်၊ အောက်လက်မွန်ကျေးရွာနှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF၊ YDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်လက်မွန်ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များမှ ဒေသခံပြည်သူများအား ဘေးကင်းရာအရပ်သို့ ရောက်ရှိရန် လုံခြုံရေးယူပေးနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်လက်မွန်ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ ဖျက်ဆီးနေကြောင်း CDF တပ်ဖွဲ့ဝင် ၁ ဦးထံမှ သိရှိရသည်။

ယခုလ ၁၉ ရက်တွင်လည်း ဆောမြို့နယ်၊ ကျင်းလိန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးကာ တိုက်ခိုက်ခဲ့သည်။ကျင်းလိန်ရွာအနီးရှိ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ ရဟတ်ယာဉ် ၁ စင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး မီးခိုးများထွက်ကာ ကျောက်ထုလေယာဉ်ကွင်းသို့ အရေးပေါ်ဆင်းသက်လိုက်ရကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဆောမြို့နယ်၊ ကျင်းလိန်ရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန် မြေပြင်ရော လေကြောင်းပစ်ကူများဖြင့်ပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စခန်းမှ ကာကွယ်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိဘဲ ဆုတ်ခွာပေးနိုင်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးထံမှ သိရှိရသည်။ယနေ့ ချင်းလက်မွန်နှင့် အောက်လက်မွန်ကျေးရွာကြား တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးစာရင်းအား မသိရှိရသေးပေ။ khit thit

စလင်းမြို့တွင် ဈေးမီးလောင်

မကွေးတိုင်း၊ စလင်းမြို့ရှိ  မြို့မဈေးကြီးမှာ  နိုဝင်ဘာ ၂၃ ရက် ဒီနေ့  ညနေ ၆ နာရီခွဲဝန်းကျင်က စတင်မီးလောင်ကျွမ်းနေပြီး မီးအရမ်းများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးသတ်သမားတွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်နေရပြီး ဘာကြောင့် လောင်ကျွမ်းတယ်ဆိုတာတော့ လတ်တလောမသိရသေး ပါဘူး။

မီးလောင်မှုကို စလင်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မင်းဘူးခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ စုစုပေါင်း ၁၂ စီးတို့နဲ့ မီးငြှိမ်းသတ်နေပါတယ်။

ဒီနေ့ ညနေ ၆ နာရီ ၂၅ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၇ နာရီ ၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ည ၇ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပြီလို့ မြန် မာ နိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ DVB

မုံရွာရှိ ကျေးရွာ ၅ ခုကို စစ်တပ်က စီးနင်းပြီး MPDF စခန်းနှင့် မဟာမိတ် စခန်း ၂ခု ကို မီးရှို့ဖျက်ဆီး၊ အရာတော်တွင် စစ်တပ်က ပြည်သူ ပိုင်များကို ဖျက် ဆီး ကာ ငွေနှင့်ပစ္စည်းများ လုယက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ပလ္လင် ကျေးရွာများကို ယ နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅နာရီက စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကျေးရွာများအနီးရှိ မုံရွာပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (MPDF) တပ်ခွဲစခန်း နှင့် မဟာမိတ်စခန်းတစ်ခု အပါအဝင် ဆိုင်ကယ် ၄ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း MPDF အဖွဲ့ထံမှ သိရသည်။

ထို့သို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) တပ်ခွဲစခန်း နှင့် မဟာမိတ် စခန်း တစ်ခုတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်း ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခြင်း မရှိကြောင်း၊ ဒေသခံ ပြည်သူများကို အပြစ်မရှိ အ​ပြစ်ရှာ ဖမ်းဆီးမှုများကြောင့် အဆိုပါ ကျေးရွာများ အတွင်းရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ ငွေကြေးများနှင့် တန်ဖိုးရှိ ပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

” ဒီနေ့ နံနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက နောင်ကြီးအိုင်ရွာထဲကို ထပ်ရောက်လာတယ်။ ဒလန်လင်မယားက လမ်းပြတယ်။ ရွာခံပြည်သူနေအိမ် ၅ လုံးကို နာမည်စာရင်းနဲ့ ဝင်ရောက်မွှေနှောက်ပြီး နေအိမ်မှာရှိတဲ့ တန်ဖိုးရှိ ပစ္စည်းများတွေ ငွေသားတွေကို ယူဆောင်သွားတယ်။ ဒေ သခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရတော့ ပမာဏ တန်ဖိုး ဘယ်လောက်လည်း ဆိုတာတော့ ပြောဖို့ခက်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံပြောက်ကျားတပ်ဖွဲ့တို့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နောင်ကြီးအိုင်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က နေအိမ် ၂ လုံးကို မီးရှို့သွားခဲ့ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် ကျန်ရှိခဲ့သော ဆိုင်ကယ်များကို ယူဆောင်သွားကာ ရွာတွင်းမှ ကျေးရွာအတွင်းရှိ စစ်ကောင်စီ သတင်းပေး နေလင်း ဆိုသူနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို နောင်ကြီးအိုင်ရဲစခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

လှိုင်သာယာမြို့နယ်တွင် ဗျူဟာမှူးပါဝင် တပ်စွဲထားသော ဝါဝါဝင်း စီမံခန့်ခွဲရေးရုံးအား လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် ဟုဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ဝါဝါဝင်း စီမံခန့်ခွဲရေးရုံးတွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်၏ ဗျူ ဟာမှူး ဦးဆောင်သည့် အဖွဲ့အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Civil Guerrilla Force (HTY)အဖွဲ့က ပြောသည်။” M79 Grenade Launcher နဲ့ 40mm ဗုံးသီးတစ်လုံး ပစ်သွင်းခဲ့တယ်။

သူတို့တွေနေတဲ့ အိမ်ပေါ်ကို ကျသွားတယ်။ သူတို့က အင်အား ၃၀ လောက်တော့ ရှိတယ်။ ထိခိုက်မှုကိုတော့ မသိရသေးဘူး ” ဟု Civil Guerrilla Force (HTY)အဖွဲ့က ပြောသည်။အဆိုပါ ဗျူဟာမှုး ဦးဆောင်သောအဖွဲ့ကို အောက်တိုဘာလ ၂၂ ရက်က အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့သော်လည်း အမှိုက်ကောက်သမားတစ်ဦးကြောင့် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

ယခုစစ်ဆင်ရေးသည် “မဟူရာစစ်ဆင်ရေး” အောက်တွင် ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။နိုဝင်ဘာလ ၂၂ ရက် ည ၉ နာရီအချိန်ကလည်း လှိုင်သာယာ စနေမ ( ၅ ) ထိပ် မှတ်တိုင်ရှိ တပ်မတော် အထည်ချုပ် စက်ရုံ၊ ရွှေလင်ပန်း ကျောင်းရှေ့ မှတ်တိုင်အနီးနှင့် မြစိမ်း ရောင်အိမ်ရာ အနီးတို့တွင် ပေါက်ကွဲမှုများဖြစ်ခဲ့သေးသည်။ mizzima

မြောင်မြို့တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ် သား ၁၀ ဦးသေဆုံး ၊ရန်ကုန်လှိုင်သာယာတွင် စစ်တပ် တပ်စွဲထားသောနေရာကို ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ချောင်းဦးမြို့နယ်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၄စီးပါ ယာဉ်တန်းကို ယနေ့ နိုဝင် ဘာ လ ၂၃ ရက်နေ့တွင် နံနက် ၁ဝနာရီခန့်တွင် ဆင်ဖြူရှင်- ချောင်းဦး လမ်းကြောတစ်နေရာတွင် ပြည်သူ့ကာကွယ် ရေး မဟာမိတ် ၄ဖွဲ့က ပဒေသာမိုင်း ၇ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့(MSPDF)အဖွဲ့ထံမှ သိရသည်။

ထိုတိုက်ခိုက်မှု ဖြစ်စဉ်၌ စစ်ကား(၂)စီး မိုင်းထိမှန်ကာ တစ်စီးမှာ နောက်ခြမ်းကို ထိမှန်ခဲ့ပြီး ကျန်တစ်စီးမှာ လုံးဝပျက်စီးသွားကာ နေရာတွင်ထားခဲ့ရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကို Myaung Special PeopleDefense Force(MSPDF)၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ChuPDF)၊ 27 Revolution Force(မြင်းခြံ) ၊ မြောင်မြို့နယ် TGRပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စသည့် မဟာ မိတ်(၄)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်- ပုသိမ်လမ်းပိုင်းရှိ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို လှိုင်သာယာ မြိုပြပြောက်ကျားတပ်ဖွဲ – CGFအဖွဲ့က ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ အဆို ပါ တိုက်ခိုက်မှု ဖြစ်စဉ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသးကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ khit thit

မြန်မာစစ်အုပ်စုကို INTERPOL အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် အဖွဲ့အစည်း ၃၀၀ ခန့် တောင်းဆို

မြန်မာစစ်အာဏာရှင်အုပ်စုဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတဲ့အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL ကနေ အသိအမှတ် မပြုဖို့နဲ့ ချက်ချင်းတားမြစ်ဖယ်ထုတ်ပေးဖို့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်း ၂၅၉ ဖွဲ့က နိုဝင်ဘာ ၂၂ ရက်မှာ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

လာမယ့် ၈၉ ကြိမ်မြောက် INTERPOL အထွေထွေညီလာခံမှာ စစ်အာဏာရှင်တွေကို ဖယ်ထုတ်ထားဖို့နဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်နေတာကြောင့်ရရှိတဲ့ အကျိုးကျေးဇူးတွေနဲ့ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအားလုံးကို တားမြစ်ဖယ်ရှားပေးဖို့ INTERPOL  ဥက္ကဋ္ဌ ကင်မ်ဂျုံယန်းအပါအဝင် အဖွဲ့ဝင်ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ လိပ်မူရေးသားပေးပို့ခဲ့တာပါ။ 

INTERPOL အဖွဲ့ဝင်အဖြစ်ကနေတဆင့် စစ်အာဏာရှင်တွေကို တရားဝင်ဖြစ်စေမယ့် အစား ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ဆက်လက်စုံစမ်းစစ်ဆေးဖို့ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သူအားလုံးကို အရေးယူနိုင်ဖို့ နိုင်ငံတကာ ရာဇ၀တ်မှုကျူးလွန်သူတွေကို ထည့်သွင်း စဉ်းစားပေးဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။ 

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပြီး စစ်အုပ်စုရဲ့ နေ့စဉ် အကြမ်းဖက်တားဆီးတဲ့ဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် INTERPOL က အသိအမှတ်မပြုဖို့လည်း တောင်းဆိုထားပါတယ်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ တခြားတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှု ကျူးလွန်သူအားလုံးကို တရားမျှတစွာ ပို့ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတာတွေကို အားပေးကူညီဖို့လည်း  INTERPOL  တောင်းဆိုထားပါတယ်။ 

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကို နှောင့်ယှက်ခြေရာခံတာတွေ၊ သူတို့ရဲ့ နိုင်ငံတကာ ၀င်ငွေနဲ့ လက်နက်ထောက်ပံ့မှုကွန်ရက်တွေကို တားဆီးခြင်းတွေကနေ အကြမ်းဖက် လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေခြင်းကို တားဆီးဖို့ ဆောင်ရွက်လို့ရနိုင်သမျှ အားလုံးကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ အခုလို အကဲဆတ်ပြီး အရေးကြီးတဲ့ အချိန်အခါမှာ INTERPOL နဲ့ သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ရာဇ၀တ်မှုကျူးလွန်ခံရသူတွေနဲ့ လွတ်မြောက်လာသူတွေရဲ့ ဘေးကင်း လုံခြုံရေးနဲ့ နိုင်ငံတကာဥပဒေနဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ကို အဖွဲ့ပေါင်း ၂၅၉ ဖွဲ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုလက်အောက်က ရဲတပ်ဖွဲ့ဟာ လက်ရှိ INTERPOL မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုနေပြီး ရဲတပ်ဖွဲ့အကြီးအကဲနဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ INTERPOL အထွေထွေညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေအဖြစ် ဆောင်ရွက်မယ်လို့ သိရပါတယ်။ 

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ်  ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ဖိနှိပ်မှု မူဝါဒတွေနဲ့အကြမ်းဖက် လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ရာမှာ တိုက်ရိုက် တာဝန်ရှိပြီး မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်ပါတယ်။

ဒါ့အပြင် တခြားအကြောင်းတွေကြောင့်လည်း ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ၂၀၂၁ ခုနှစ် မတ်လက ဥရောပသမဂ္ဂမှ ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ပိုင်ဆိုင်မှုကို ခေတ္တ ရပ်ဆိုင်းထားကြောင်းနဲ့ အမေရိကန်၊ ယူကေနဲ့ ကနေဒါတို့ကလည်း သူ့ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထား ပါတယ်။

လက်ရှိ ချင်းပြည်နယ်က စစ်ဆင်ရေးကို ဦးဆောင်ဖို့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ အရပ်သားတွေအပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်နေတာပါ။

INTERPOL ရဲ့ မျှော်မှန်းချက်မှာ ရဲတပ်ဖွဲ့ကို လုံခြုံသောကမ္ဘာတခုအတွက် ချိတ်ဆက်ဖို့နဲ့ ကမ္ဘာ့နိုင်ငံသားတွေအတွက် လုံခြုံရေးကို ပံ့ပိုးပေးဖို့ ဖြစ်တာကြောင့် မြန်မာစစ်အုပ်စုလက်အောက်က ရဲတပ်ဖွဲ့ကို INTERPOL မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အထွေထွေညီလာခံကို နိုင်ငံရေးအမြတ်ထုတ်ဖို့ ခွင့်မပြုသင့်ဘူးလို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေရဲ့ ပေးစာမှာ  ရေးသားထားပါတယ်။ 

မြန်မာစစ်အာဏာရှင်အုပ်စုကို ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP26) နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံတကာဖိုရမ်တွေမှာ ပါဝင်ခွင့်မပေးဘဲ ဖယ်ကြဉ် ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေ ထွေအတွင်းရေးမှူးထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့  ဧပြီ ၂၂ ရက်မှာ အ ကြောင်းကြားစာပေးပို့ခဲ့ပါတယ်။  DVB

« Older Entries