မြေရှား သို့မဟုတ် မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခအခြေပြု ကမ္ဘာကျော်ပို့ကုန် 

မြေရှား (Rare Earth) ဆိုသော အမည်နှင့် လိုက်ဖက်စွာ ထိုသတ္တုသည် ကမ္ဘာပေါ်တွင် နေရာတိုင်း မထွက်ရှိပေ။ မြေရှားသတ္တုထုတ်လုပ်နေသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့နေသော ထိပ်တန်းသုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဆိုလျှင် အံ့ဩကြမည် ထင်သည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တုအကြောင်း သိရှိသူ အလွန်နည်းပါသလို မြန်မာနိုင်ငံတွင် ထိုသတ္တုအမျိုးအစားထွက်ရှိနေသည်ကို သိသူလည်း နည်းပါးသည်။ 

ကမ္ဘာတွင် အင်္ဂလိပ်လိုအားဖြင့် Rare Earth Elements (REEs) ဟု လူသိများပြီး မြန်မာလိုအားဖြင့် ‘မြေရှား’ ဟု ရိုးရှင်းစွာ ပြန်ဆိုထားသည်။ ထိုရှားပါးသတ္တုတွင် အခြားသတ္တုများနှင့် မတူသော ထူးခြားချက်မှာ သတ္တုဒြပ်စင် ၁၅ မျိုး ပေါင်းစပ်ပါဝင်နေကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey) ၏ အချက်အလက်များအရ သိရှိရသည်။

ထိုဒြပ်စင်များကို ပေါ့ပါးသတ္တုဒြပ်စင် (Light REEs) နှင့် လေးလံသတ္တုဒြပ်စင် (Heavy REEs) ဆိုပြီး အုပ်စုနှစ်ခု ခွဲထားသည်။ တချို့က Europium နှင့် Gadolinium တို့ကိုပါ Heavy REEs အုပ်စုဝင်အဖြစ် သတ်မှတ်သည့်အတွက် REE တွင် သတ္တုဒြပ်စင် ၁၇ မျိုးပါဝင်သည်ဟု ဆိုနိုင်သည်။

ယခုနှစ် USGS က ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်သည့် နိုင်ငံ ၁၁ ခုရှိသည်။ ထိုနိုင်ငံများ၏ တစ်နှစ်တာ ထုတ်လုပ်မှုတန်ချိန် အနည်းအများအလိုက် အစဉ်အတိုင်း ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်သည်။

ကနေဒါ၊ ဂရင်းလန်းကျွန်း၊ တောင်အာဖရိကနှင့် တန်းဇန်းနီးယားနိုင်ငံများတွင် မြေရှားသတ္တုတွေ့ရှိထားသော်လည်း ထိုနိုင်ငံများ၏ ထုတ်လုပ် မှုကိန်းဂဏန်းပမာဏကို မသိရပေ။ 

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်သည်။ အဓိကအားဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသရှိ မြေရှားသတ္တုသိုက်များမှ ထုတ်လုပ်ရရှိသော မြေရှားသတ္တုများကို တင်ပို့သောနိုင်ငံလည်းဖြစ်သည်။

USGS ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြေရှားသတ္တုထုတ်လုပ်မှု တန်ပေါင်း ၂၄၀, ၀၀၀ ရှိသည့်အနက် တရုတ်နိုင်ငံက ၁၄၀,၀၀၀ တန် ထုတ်လုပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက တန် ၃၀,၀၀၀ ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့လျက်ရှိသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။ 

မြေရှားသတ္တု၏ အသုံးဝင်မှုမှာ သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိလှပေ။ အခြားသတ္တုတစ်မျိုးဖြင့် ပေါင်းစပ်လိုက်သည့်အခါ ထူးခြား၍ အဆင့်မြင့်မားသော အရည်အသွေးရှိ သတ္တုတစ်မျိုး ထွက်ရှိလာခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အီလက်ထရောနစ်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ မရှိမဖြစ် အလွန်အရေးပါသည်။

ဥပမာအားဖြင့် အရပ်ဘက်သုံး မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၏ ပင်မအချက်အလက်သိုလှောင်ရာ ပစ္စည်း (Hard Drive) များ၊ လျှပ်စစ်ကားများ၊ မှန်သားပြင်တီဗီ (Flat-screen TV) များ စသည့် တန်ဖိုးကြီးပစ္စည်းများ ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ အလွန်အရေးပါသော ကုန် ကြမ်းပစ္စည်း ဖြစ်သည်။ 

ထို့အတူ စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် အဆင့်မြင့်နည်းပညာသုံး အဝေးထိန်းကိရိယာစနစ်များ (Guidance Systems)၊ လေဆာ၊ ရေဒါနှင့် အ သံပိုင်းဆိုင်ရာ ထောက်လှမ်းရေးစနစ်များ၊ အီလက်ထရောနစ်နည်းပညာသုံး ပုံရိပ်ဖော်ဖန်သားပြင်များ စသည့် ပစ္စည်းများထုတ်လုပ်ရာတွင်လည်း မြေရှားသတ္တုက မရှိမဖြစ်ကုန်ကြမ်းပစ္စည်းဖြစ်သည်။ 

အထက်ပါ ပစ္စည်းများထုတ်လုပ်သည့်အခါ ပစ္စည်းတစ်ခုတွင် မြေရှားသတ္တုပါဝင်မှု အလေးချိန်၊ ပမာဏနှင့် တန်ဖိုးသည် မပြောပလောက်အောင် နည်းပါးသော်လည်း ထိုသတ္တုပစ္စည်းကြောင့် အဆိုပါပစ္စည်း၏ လုပ်ဆောင်ချက်နှင့် အရည်အသွေး လွန်စွာကွဲပြားခြားနားမှု ရှိစေသည်။

ထိုမျှအရေးပါသော မြေရှားသတ္တု အဓိကထွက်ရှိရာ အရပ်ဒေသတစ်ခုမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မြောက်ပိုင်းဖြစ်သည်။ ကချင်ပြည်နယ်ကို ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရှိရာ ‘ကျောက်စိမ်းမြေ’ ဟု လူသိများသော်လည်း ကမ္ဘာတွင် တတိယမြောက် မြေရှားသတ္တုအများဆုံးထွက်ရှိရာဒေသဟု သိသူမရှိသလောက် နည်းပါးသည်။

ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုသိုက်များရှိရာအရပ်မှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပန်ဝါဒေသဖြစ်သည်။ ပန်ဝါနှင့် ချီဖွေအကြား အရှေ့တောင်မှ အနောက်မြောက်သို့ ကန့်လန့်ဖြတ်စီးဆင်းနေ‌သော ချီဖွေချောင်းအထက်ပိုင်း တစ်ဖက်တစ်ချက်ရှိ တောင်းတန်းများတွင် မြေရှားသတ္တုတူးဖော်ရေးတွင်း အများအပြားတွေ့ရှိရသည်။

Google Earth ၏ ကောင်းကင်ဓာတ်ပုံများအရ ထိုနေရာတစ်ဝိုက်တွင် မြေရှားသတ္တုတူးဖော်သည့် နေရာ ၆၆ ခု ရှာဖွေတွေ့ရှိရသည်။ ထိုအ ရေ အတွက်ထက်လည်း များပြားနိုင်သည်။ 

မြေရှားသတ္တုတွင်းများ တည်ရှိရာဒေသကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းထားသည့် စစ်တပ်လက်အောက်ခံ NDA-K လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်။ ထိုအဖွဲ့သည် ယခင်က ကချင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အဆိုပါ မြေရှားသတ္တုတွင်းများမှာ NDA-K အဖွဲ့အတွက် အဓိကဝင်ငွေရရှိသော လုပ်ငန်းများဖြစ်ပြီး၊ စစ်တပ်က အကျိုးအမြတ်ရရှိနေသော လုပ်ငန်းလည်းဖြစ်သည်။ ထိုသတ္တုတွင်းလုပ်ကွက်အများစုကို တရုတ်လုပ်ငန်းရှင်များက နယ်စပ်ဖြတ်ကျော်လုပ်ကိုင်ခွင့် ရထားသည်ဟု သိရသည်။

ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်ရေး စတင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ Google Earth ပေါ်က အထောက်အထားများအရ ၂၀၁၈ နှင့် ၂၀၂၀ အကြားတွင် ပန်ဝါဒေသ၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန်တိုးချဲ့လုပ်ကိုင်လာသည်ကို တွေ့ရသည်။ 

ကချင်ပြည်နယ် ပန်ဝါဒေသမှ ထွက်ရှိသော မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း နိုင်ငံတော်အနေဖြင့် အခွန်ငွေရမရ အ တိ အကျ မသိရပေ။ ပန်ဝါဒေသမှနေ၍ နှစ်စဉ် မြေရှားသတ္တုတန်ဖိုး မည်မျှထွက်ရှိနေသည်ဆိုသော ကိန်းဂဏန်းအချက်အလက်များလည်း မသိရှိရပေ။ 

မြေရှားသတ္တုဒြပ်စင်ကို ထုတ်ယူသည့်အခါ ရှေးရိုးသတ္တုတူးဖော်သည့်နည်းလမ်းအတိုင်း Open-pit နည်းဖြင့် တူးဖော်ပြီး မြေသယ်ကားကြီးများဖြင့် သယ်ယူကာ သတ္တုသန့်စင်သော စက်ရုံတွင် သန့်စင်ခွဲထုတ်ယူကြခြင်းဖြစ်သည်။ 

ထို့ကြောင့် မြေရှားသတ္တုရှိသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်သည် သတ္တုတူးဖော်ရေးကြောင့် လုံးဝပျက်စီးသွားသော အခြေ အ နေနှင့် ရင်ဆိုင်ရသည်။ 

သတ္တုစတင်တူးဖော်သည့်အခါ အပေါ်ယံမြေဆီလွှာကို သီးသန့်ဖယ်ရှားပြီးမှ တူးဖော်ခြင်းသည် နိုင်ငံတကာစံနှုန်းဖြစ်သည်။ သို့သော်လည်း သတ္တုသိုက်များကို ပြန်လည်ပိတ်သိမ်းသည့်အခါ တူးဖော်စဉ်က ဖြစ်ပေါ်ခဲ့သော တွင်းကြီးများကို စွန့်ပစ်မြေစာများနှင့် ဖုံးအုပ်ခြင်း၊ သစ်ပင်များပြန်လည်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အချိန်ယူကုစားရသည်။

သို့သော် မြန်မာနိုင်ငံမြောက်ဖျားပိုင်းက သတ္တုသိုက်အများစုတွင် တူးဖော်သူတရုတ်ကုမ္ပဏီများက အထက်ပါ နိုင်ငံတကာစံနှန်းများအတိုင်း လုပ်ဆောင်နေသည်ဟု မကြားသိရပေ။ သာယာလှပသော ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်မှာ ကျောက်စိမ်းနှင့် မြေရှားသတ္တု ထုတ် လုပ်မှုကြောင့် ပြန်လည်ကုစားမရနိုင်လောက်အောင် ထိခိုက်ပျက်စီးလျက်ရှိသည်။ 

ကချင်ပြည်နယ် ပန်ဝါဒေသမှ မြေရှားသတ္တုကို ထုတ်ယူရာတွင် မြင့်မားသော တောတောင်ထဲတွင် ထုတ်ယူပြီး စက်ရုံရှိရာ တရုတ်ပြည်ထဲသို့ မြေသယ်ကားကြီးများဖြင့် သယ်ယူသန့်စင်ရသဖြင့် ကုန်ကျစရိတ်များသည်။

ထို့ကြောင့် နောက်ပိုင်းတွင် မြေရှားသတ္တုသိုက်ရှိရာအနီးတွင် သတ္တုသန့်စင်ကန်များ ပြုလုပ်ကာ ဓာတုဗေဒဆေးရည်များ အသုံးပြုလျက် သတ္တုသန့်စင်နေသည်ကို Google Earth မြေပုံပါ ပုံရိပ်များက သက်သေခံနေသည်။ 

အသုံးပြုပြီးသော ဓာတုဗေဒဆေးရည်များ ရောနှောပါဝင်နေသည့် စွန့်ပစ်ရေများကို စနစ်တကျစွန့် ပစ်မှုရှိမရှိ မည်သူကမျှ စောင့်ကြည့်လေ့ လာခြင်း မရှိသဖြင့် အတိအကျ မသိရပေ။ ထိုဓာတုဗေဒဆေးရည်များပါဝင်သည့် ရေများမှာ အနီးဆုံးချီဖွေချောင်းအတွင်း စီးဝင်နိုင်သည်။ ထိုမှတစ်ဆင့် မေခမြစ်ထဲသို့ စီးဝင်ရာမှ ဧရာဝတီမြစ်အထိ ဓာတုဗေဒအဆိပ်သင့်ရေများ စီးဝင်ကာ မြစ်ရေညစ်ညမ်းနိုင်သည်။ 

ပန်ဝါဒေသသည် ဥပဒေစိုးမိုးသော အရပ်ဒေသမဟုတ်ဘဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ခု ထိန်းချုပ်ရာနယ်မြေဖြစ်သည့်အတွက် လွတ် လပ်သော သုတေသနပြုလေ့လာမှုများလုပ်ဆောင်ရန် ခက်ခဲသည်။ ပန်ဝါဒေသရှိ မြေရှားသတ္တုသိုက်များအကြောင်း စနစ်တကျလေ့လာထားသည့် လွတ်လပ်သော သုတေသနအစီရင်ခံစာများ မရှိသဖြင့် ယခုထက် ပို၍အလေးထား လေ့လာဂရုပြုရန် လိုအပ်လျက်ရှိသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s