Monthly Archives: Nov 2021

ကံပေါက်တွင် အပြစ်မဲ့ပြည်သူ ၂ ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီး

တနင်္ဿာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသက ပြည်သူ ၂ ဦးကို ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လှည်းကုန်းအမှတ်(၁) ရပ်ကွက်က ရေပေးဝေရေးကော်မတီဝင်​ဟောင်း ဦးအောင်စိုးကို နိုဝင်ဘာ ၂၄ ရက် မနက် ၃ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်  ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာက ကိုသက်ကိုဦးကိုလည်း  ဒီနေ့မနက် ၃ နာရီခွဲလောက် နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာတော့ မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်ညက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံရွာသား ၇ ဦးလည်း ပြည်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ ကံပေါက်တိုက်နယ်က ပြည်သူ ၉ ဦးလုံးကို ကံပေါက်မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါနေကြတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ DVB

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကွန်တိန်နာ စနစ်သစ်ဖြင့် ပြန်လည်စမ်းသပ်ဖွင့်လှစ်မည်

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ကျင်ဆန်းကျော့ဂိတ်ကို အချိန် ၅ လနီးပါး ပိတ်ခဲ့ရာက လာမယ့်  နိုဝင်ဘာ ၂၆ ရက်မှာ ကွန်တိန်နာစနစ်သစ်နဲ့ ပြန်လည် စမ်းသပ်ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ဝန်ကြီးဌာနတွေ  သဘောတူလိုက်ပြီဖြစ်တယ်လို့ မူဆယ်အခြေစိုက် မြန်မာကုန်သည်တွေက ဒီဗွီဘီကိုပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကို အကြောင်းပြပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းတွေတည်ရှိရာ ကျင်ဆန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်တွေမှာ လာရောက်ကုန်သွယ်မှုမပြုဖို့ တရုတ်အစိုးရက ပြီးခဲတဲ့ ဇူလိုင် ၄ ရက်ကစပြီးတော့ ကန့်သတ်လိုက်တာပါ။

ဒါကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက အချိန်အားဖြင့် ၅ လနီးပါး ရပ်တန့်ခဲ့ရပြီး နှစ်ဖက်ကုန်စီးဆင်းမှုအပေါ် ထိခိုက်မှုရှိတာကြောင့် နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေ အပါအဝင် ကုန်သည်လုပ်ငန်းရှင်တို့က နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအစည်းအဝေးအား ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မူဆယ်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက “အစည်းအဝေးရဲ့ရလဒ်ကတော့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကွန်တိန်နာကား ၅ စီးနဲ့ မြန်မာပြည်ကနေ တရုတ်ပြည်ဆီသွားမယ်။ တရုတ်ပြည်ကလည်း ကွန်တိန်နာကား ၅ စီးနဲ့ ပြန်ဝင်မယ်။ ဒါက စမ်းသပ်ကာလအနေနဲ့ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒါအောင်မြင်ရင် ကွန်တိန်နာအရေအတွက်ကို ဒီ့ထက် ထပ်တိုးပြီး အဝင်အ ထွက်လုပ်သွားမယ်။ အတိုချုပ် ပြောရရင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဖြစ်တဲ့ ကျင်စန်းကျော့ ဂိတ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ကွန်တိန်နာကားတပုံးက  တန်ချိန်အားဖြင့် တန် ၅၀ ရှိပါတယ်။ ဆန်အိတ်အရေအတွက်ဆိုရင် 50 KG အလေးချိန်ရှိတဲ့ အိတ် တစ်ထောင် ရှိပါတယ်။ ပေ ၄၀ အရှည်ရှိတဲ့ ကွန်တိန်နာပုံးအမျိုးအစားပါ” လို့ပြောပါတယ်။

ဒီအခြေအနေအပေါ် မူဆယ်အခြေစိုက် မြန်မာကုန်သည်တဦးက “ရှင်းရှင်းလင်းလင်းပြောရရင် ကိုဗစ်ကူးစက်ရောဂါပိုးကို ကားသမားကတဆင့်၊ ကုန်ကားတွေကတဆင့် ကူးစက်မှာ စိုးရိမ်တယ် ဆိုပြီးတော့ ကွန်တိန်နာစနစ်နဲ့လုပ်လိုက်တာပါ။ ကွန်တိန်နာစနစ်နဲ့လုပ်တော့ ဘာတွေဖြစ်လာလဲဆိုရင် အဓိက ကုန်ကျစရိတ်တွေ ပိုများသွားတယ်။ ပြီးခဲ့တဲ့ ပို့ဆောင်ရေးအစီအစဉ်တုန်းက ဆန်တအိတ်ကို ပို့မယ်ဆိုရင် တအိတ်ကို မြန်မာငွေ ကျပ် ၈၀၀ လောက်ပဲကျတယ်။ အခု ဒီစနစ်နဲ့ပို့မယ်ဆိုရင် မြန်မာငွေ ကျပ် ၁၆၀၀ လောက်ကျတယ်။ ဆိုတော့ ကုန်ကျရိတ်က အရင်ထက် နှစ်ဆဖြစ်သွားတယ်။ ဒါပေမဲ့ ကျနော်တို့က လောလောဆယ်မှာ ဂိတ်ပြန်ဖွင့်ရေးက အဓိကဆိုတော့ ဂိတ်ပြန်ဖွင့်ရေးကိုပဲ ဦးစားပေးလုပ်တာပေါ့ နော်။ ကွန်တိန်နာခတွေကိုလည်း စျေးလျှော့ ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းသွားဖို့တော့ရှိပါတယ်” လို့ဆိုပါတယ်။

အခု ဂိတ်ကို ပြန်ဖွင့်မှာကို  ကုန်သည်စီးပွားရေးသမားတွေအနေနဲ့ အများကြီးကြိုဆိုကြောင်းနဲ့ ကုန်သည်တွေကို မှီခိုနေရတဲ့ ကုန်စည်ကုန်ချ အလုပ်သမားတွေနဲ့ ကားသမားတွေအတွက်လည်း အဆင်ပြေတဲ့အကြောင်း ဆက်လက်ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာပြည်ဘက်က  ပို့ကုန်အနေနဲ့ ဆန်၊ ဆန်ကွဲ၊ ပဲ ၊ နှံစားပြောင်း ကုန်စည်  ၄ မျိုးကို ဦးစားပေးပို့ဆောင်သွား မှာဖြစ်ပြီး ကွန်တိန်နာပုံး အရေအတွက်များလာပါက တခြားကုန်ပစ္စည်းတွေကို ဆက်လက်တင်ပို့သွားဖို့ ရှိပါတယ်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ   အခုလို ကွန်တိန်နာစနစ်သစ်နဲ့ ကုန်သွယ်မယ့်အစီအစဉ်ဟာ တရုတ်နိုင်ငံအတွက်သာ အကျိုးအမြတ်ရှိနိုင်ပြီး ကုန်ကျစရိတ်ကြောင့် ပြည်တွင်းစားသုံးသူနဲ့ စိုက်ပျိုးတောင်သူတွေအပေါ်မှာ ထိခိုက်လာနိုင်တယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အဓိကပို့ကုန်က လယ်ယာထွက်ကုန်နဲ့ သစ်သီးဝလံတွေ ဖြစ်လို့ တောင်သူအပေါ်မှာ  သက်ရောက်မှုရှိလာနိုင်သလို ကုန် ကျ စရိတ်ကြောင့် သွင်းကုန်စျေးနှုန်းတွေ လည်း မြင့်လာနိုင်တာကြောင့် ပြည်တွင်း စားသုံးသူတွေ အပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က အဆိုပြုကုန်ကျစရိတ်အရ အဆိုပါစနစ်သစ်ဟာ ကျပ်သိန်း ၂၀ အထိ ကုန်ကျစရိတ်ရှိနိုင်ပြီး လတ်တလောမှာတော့ အဲဒီကုန်ကျစရိတ်နဲ့ ပက်သက်လို့ နှစ်နိုင်ငံတာ၀န်ရှိ သူ တွေ ညှိနှိုင်းဆဲလို့ သိရပါတယ်။

“ကုန်သွယ်ရေးဇုန်အ၀င်မှာ ရှန်တိန်အဆင့်ဆင့်ရှိမယ်။ အဲတော့ ရှန်တိန်ခ အတွက်ကုန်ကျစရိတ် တွေရှိမယ်။ ကုန်ပစ္စည်း ပိုးသတ်ခ၊ ဆေးစစ်ခတွေရှိမယ်။ နောက်ထပ် ကွန်တင်နာ ငှားခ၊ကရိန်း အတင်၊အချခ ၊ကွန်တင်နာ တင်ကားခ တွေ ထပ်ပါတယ်။ အဲတော့ အစအဆုံး ကုန်ကျစရိတ် ကျပ် သိန်း၂၀ ၀န်းကျင်လောက်ရှိမယ်။ သွင်းကုန်လည်း ဒီအတိုင်းပဲ”လို့ မူဆယ်အခြေစိုက်ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒီစနစ်ကို ကျင်စန်းကျော့ဂိတ်မှာ ပြီးခဲ့တဲ့ နို၀င်ဘာ ၂၂ ရက်က တကြိမ်  စမ်းသပ်လုပ်ဆောင်ခဲ့ဖူးပါတယ်။ လာမယ့် ၂၆ ရက်မှာ နှစ်နိုင်ငံ ကုန် ပစ္စည်းတွေကို  ကုန်တိန်နာ ၅ လုံးကျစီနဲ့ ထပ်မံ စမ်းသပ်ဖွင့်လှစ်ရာမှာဖြစ်ပြီး ဒီစမ်းသပ်မှု အောင်မြင်ရင် အဲဒီဂိတ်ကို ဆက်လက် ဖွင့်လှစ် သွားမှာပါ။

ဒါ့အပြင် တရုတ်နိုင်ငံဟာ လာမယ့် ဇန်နဝါရီ ၁ ရက်ကစပြီး တရုတ်နိုင်ငံထဲကို တင်သွင်းမယ့် ကုန်ပစ္စည်းတွေမှာ တရုတ် သို့မဟုတ် တရုတ် အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးထိုးထားဖို့နဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း GACC မှတ်ပုံတင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

အခုပြန်လည်ဖွင့်လှစ်မယ့် ကျင်ဆန်းကျော့ဂိတ်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ မူဆယ်နဲ့ကျယ်ဂေါင်အကြားမှာ ရှိတဲ့ မာဝေးဂိတ်စခန်း ပြီးရင် ကုန်တင်ကားအစီးရေ ဒုတိယအများဆုံး အဝင်အထွက်ရှိတဲ့ ဂိတ်စခန်းတခုလည်းဖြစ်ပါတယ်။ 

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ်စခန်းမှတဆင့် ကုန်သွယ်မှုက အခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၂ရက်အထိ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၉၃ ဒသမ ၆ သန်း၊ သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁ ဒသမ ၆ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၃ သန်းသာရှိပါတယ်။

ပြီးခဲ့တဲ့၂၀၂ဝဘဏ္ဍာနှစ်မှာ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၂ရက်အထိ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၄၉၂ သန်း၊ သွင်းကုန်တင် သွင်းမှုက ဒေါ် လာ ၁၆၉ ဒသမ ၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၆၁ ဒသမ ၂ သန်းရှိခဲ့ပါတယ်။

ဒါကြောင့် ကာလတူနဲ့နှိုင်းယှဉ်ရင် လက်ရှိအခြေအနေမှာ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၃၉၈ ဒသမ ၃ သန်းလျှော့ကျမှုရှိသလို သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၆၇ ဒသမ ၆ သန်းလျှော့ကျမှုရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း ဒေါ်လာ ၅၆၅ ဒသမ ၉ သန်းလျှော့ကျမှုရှိတာတွေ့ရပါတယ်။ DVB

ထန်တလန်တွင် မီးလောင်မှုကြီးဖြစ်ပွားနေပြန်

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့နေ့လည် ၂ နာရီခန့်က စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုကြီးသည် ည ၇ နာရီအထိလောင်ကျွမ်းနေဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။” နေအိမ်ဘယ်လောက်ထိပါသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအကြိမ်ပါထဲ့ရေတွက်လျှင် ထန်တလန်တွင် နှစ်လအတွင်း လူနေအိမ်များမီးလောင်ကျွမ်းမှု ငါးကြိမ်ရှိပြီဖြစ်သည်။ အောက်တိုဘာ ၂၉ ရက်နေ့လောင်ကျွမ်းမှုမှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ရာကဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားခဲ့ကြသည်။

စစ်ကောင်စီတပ်ကတော့ ငြင်းဆိုခဲ့ပြီး ဒေသခံချင်းတော်လှန်ရေးတပ်များကိုပင်အပြစ်ဖို့ခဲ့သည်။စက်တင်ဘာလ ၁၈ရက်နေ့တွင်နေအိမ် ၁၉ လုံး၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် နေအိမ်၁၆၄လုံး၊နိုဝင်ဘာ ၆ရက်နေ့တွင်နေအိမ် ရှစ်လုံး၊နိုဝင်ဘာ၉ရက်နေ့တွင်နေအိမ် လေးလုံးဆုံးရှုံးခဲ့ရသည်။ mizzima

အရာတော်မြို့နယ်တွင် ကိုမင်းနိုင်ကို စစ်ကောင်စီ တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာသား ကိုမင်းနိုင်ကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကိုမင်းနိုင် ဖွင့်လွှတ်ထားသော ရွာထိပ်စျေးဆိုင် တွင် အကြောင်းမဲ့ လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားပြီး ထွက်ပြေးသည်ဟု ဆိုကာ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ကိုမင်းနိုင်ကို သလဲဘာကျေးရွာ ပျူစောထီးအဖွဲ့ ခေါင်းဆောင် တောင်ကြီး ဆိုသူက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးမြစ်ထဲ ခုန်ချထွက်ပြေးသည် ဟုဆိုကာ ကျောက်ကုန်းရွာ အနီးရှိ သောင်ပြင်တွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

” သူ့ကို NLD ပါတီ မဲဆွယ် တုန်းက ပါတယ်ဆိုပြီး အကြောင်းမဲ့ ရိုက်နှက်ဖမ်းသွားတာ ရဲကင်းမှာ သန့်ရှင်းရေးလုပ်ခိုင်း‌တော့ ကိုမင်းနိုင်က မလုပ်နိုင်ဘူးဆိုပြီး ရဲကင်းနဲ့ ကပ်နေတဲ့ မူးမြစ်ထဲ ခုန်ချပြီး တ‌ဖက်ကမ်းက ကျောက်ကုန်း ရွာကိုကူး‌ပြေးတာကို ပျူ နဲ့ စစ်ခွေးတွေ ဆိုင်ကယ်တွေနဲ့ တဖက်ကမ်းကို လိုက်ဖမ်းတော့ သောင်ပြင်မှာ မိတယ်ပြောတယ်။

သူ့ကို အဲဒီသောင်ပြင်မှာပဲ ပစ်သတ်လိုက်ကြတာလို့ သိရတယ်။ ခေါင်းတချက်၊ ဗိုက်ကိုတချက်။ အလောင်းလာကောက်ရင် ပစ်သတ်မှာလို့ ကြိမ်းသွားတော့ ဘယ်သူမှ မကောက်ရဲကြဘူး။ အခု‌တော့ ရွာကတောင်းပန်ပြီးသဂြိုလ်ပြီးပါပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ကိုမင်းနိုင် သတ်ဖြတ်ခံရပြီးနောက် ပျူစောထီးများ နှင့် စစ်ကောင်စီ တပ်သားများက ၎င်းဈေးဆိုင်ရှိ အရက်၊ ဘီယာများ အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကိုလည်း မွှေနှောက်ယူဆောင်သွားသေးကြောင်း သိရသည်။ khit thit

ဗန်းမော်မြို့တွင် ပြည်သူ ၅ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်တွေမှာ နိုဝင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီကျော်မှ ၁၁ နာရီကျော်လောက်အထိ စစ်ကောင်စီဝင်တွေနဲ့ ရဲတွေက ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံ ၅ ဦးလောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ည ၁၀ နာရီလောက်က သေနတ်သံအချို့ ကြားလိုက်ရတယ်။ ကျမတို့ရပ်ကွက်ထဲက တစ်ယောက် ပါသွားတယ်လို့ သိရတယ်။ ဒီလိုသူ များ ရပ်ကွက် နေအိမ်တွေထဲ ကျူးကျော်ဝင်ရောက်ပြီး မဆိုင်တဲ့သူတွေကို အဓမ္မ စွပ်စွဲဖမ်းဆီးနေကြတာ။ အရမ်းမုန်းတယ်” လို့ ဟန်းတဲရပ် ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့ရှာဖွေတဲ့လူတွေကို မတွေ့တော့ မိသားစုဝင်တွေကို ဖမ်းသွားကြတာ၊ အပြစ်မဲ့ပြည်သူတွေကို သက်သက်စိတ်ဒုက္ခတွေ ပေးနေကြတာ” လို့ ပေါက်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ 

ဗန်းမော်မြို့ရှိ ရပ်ကွက်အချို့ဖြစ်သော ပေါက်ကုန်း၊ တပ်ကလေး၊ ကန်တော်၊ ဟန်းတဲ၊ ကမ်းနားလမ်း မြို့မရပ်ကွက်ဘက်တို့မှ မြို့ခံ ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့မှာလည်း မနက်ပိုင်း ၈ နာရီကျော်ကစပြီး မီးပွိုင့်အချို့မှာ ဖြတ်သန်း သွားလာသူများ ဆိုင်ကယ်နဲ့ကား တူးဘောက်တွေဖွင့်ကာ အမျိုးမျိုးစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရှိရပါတယ်။ DVB

သန်လျင်မြို့မဈေးအနီး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မဈေးအနီးတွင် ယနေ့ နိုဝင်ဘာလ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေ သခံများထံမှ သိရသည်

မြဝတီဘဏ်နှင့် စာတိုက်ရုံးအနီးရှိ ခြုံပုတ်ထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုဘဏ်နှင့်ရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုံမှန် လာရောက် စစ် ဆေး‌ လေ့ရှိကြောင်း သိရသည်။

“ဖောက်ခွဲခဲ့တဲ့ နေရာက မြဝတီဘဏ်အနီးက အကြမ်းဖက် စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ပုံမှန် စောင့်တဲ့နေရာ ဖြစ်ပါတယ်။ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲခဲ့တာပါ” ဟု သန်လျင်မြို့ပြ ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်းနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောက်လန့်တကြား ထွက်ပြေးသွားကြကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်ဟု ၎င်းက ပြောသည်။

“ဗုံးပေါက်‌တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြောက်ပြီး ထွက်ပြေးကြတယ်။ အခုတော့ အင်အားဖြည့်ပြီး ပြန်ရောက်လာပြီ။ လမ်းပိတ်ပြီး အဲ့နားက ပြည်သူတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။လက်ရှိအချိန်အထိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က လမ်းပိတ်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ mizzima

မြင်းမူတွင် မိုင်းရှင်းလင်းရန်လာသည့် စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာမှာ  မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီကား ၂ စီးကို  နိုဝင်ဘာ ၂၄ ရက် မနက် ၈ နာရီလောက်က မြင်းမူ PDF က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်၊ ည ၁၀ နာရီလောက်က အရပ်သားကားနဲ့ စစ်ကိုင်းဘက်က ဝင်လာတဲ့ စစ်ကောင်စီကားကို မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ကား ထိခိုက်ပျက်စီးခဲ့တယ်လို့ မြင်းမူ PDFကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေရာကို ဒီနေ့မနက် ၈ နာရီလောက် လာရောက်တဲ့ စစ်ကားနှစ်စီးကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာမှာ ၁ စီးလုံးဝပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းမူ PDF က ဦးဆောင်ပြီး Black Eagle Defence Force  (MMU) တို့အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ DVB

ရန်ကုန်တိုင်း၊ သန်လျင်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်တွင် ဗုံးပေါက်၊ တောင်ဒဂုံရှိ ရဲလိုင်းခန်းများတွင်လည်း ဗုံးများပေါက်ကွဲ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ရှေ့တွင် ယနေ့ နိုဝင် ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၂၀ မိနစ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် သန်လျင်မြို့ မြဝတီဘဏ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံယူသည့်နေရာနှင့် မလှမ်းမကမ်းတွင် အဝေးထိန်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်သားများ အလန့် တကြားထွက်ပြေးကြပြီး ခဏအကြာမှ အင်အားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးကြကြောင်း သိရှိရသည်။

အလားတူ ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအကြား ဒဂုံမြို့သစ်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ရဲနှင့်ဝန်ထမ်းလိုင်းခန်းများတွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။ တောင်ဒဂုံ၊ အမှတ် ၂ လမ်းပေါ် က ထောက်ပို့ ဝန်ထမ်းလိုင်းခန်းတွင် ဗုံးတစ်လုံး၊ တောင်မြောက်လမ်းဆုံ ရဲလိုင်းခန်းတွင် ဗုံးတစ်လုံး၊ ဧရာဝဏ်ရဲလိုင်းခန်းတွင် ဗုံး ၂ လုံး မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအကြား ပေါက်ကွဲကြောင်း သိရှိရသည်။ “ထိခိုက်ဒဏ်ရာရတာမျိုးတော့ မကြားဘူး။ ဗုံးပေါက်သံတွေကြားရတယ်” ဟု တောင်ဒဂုံဒေသခံတစ်ဦးက ပြောသည်။ khit thit

« Older Entries