ဆောဒေသခံ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

မကွေးတိုင်း ဆောမြို့နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့တို့ တိုက်ပွဲဖြစ်ရာ နေရာအနီးရှိ  တောမရွာ၊ ကျင်းလိန်၊ သလယ်ရွာတို့မှ ဒေသခံ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။

ဆောမြို့၏မြောက်ဘက် ၇ မိုင်အကွာ ဆော-ကျောက်ထုလမ်းမှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့် ခရီးဖြစ်သည့် အရှေ့ဘက် တောထဲတွင်ရှိသည့် တောမနှင့် ကျင်းလိန်ရွာ ကြားတွင် နိုဝင်ဘာ ၁၇ မှစ၍ ပစ်ခတ်နေကြသည်။

စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ပါ စစ်ကူပေးကာ တစ်စီးကျည်သင့်သည်အထိ တိုက်ပွဲပြင်းထန်နေသဖြင့် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ကျင်းလိန်ရွာမှ  လူဦးရေ ၁၁၀၀ ခန့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များပါ မချန် ဘေးလွတ်ရာ တောအုပ်များအတွင်း ပုန်းခိုနေရသည်ဟု တိမ်းရှောင်နေသည့် ကျင်းလိန်ရွာသားတစ်ဦးက ပြောသည်။

တောမ၊ သလယ်ရွာတို့မှ လူဦးရေ ၁၀၀၀ ခန့်မှာလည်း တိုက်ပွဲစဖြစ်သည့်နေ့ (နိုဝင်ဘာ ၁၇) မှစ၍ အလားတူပင် ထွက်ပြေးနေရကြောင်း အသက် ၃၀ အရွယ် ထိုအမျိုးသားက ပြောသည်။

“စစ်ကြောင်းတွေက တောထဲကို နင်းမယ်လို့ သတင်းကြားလိုက်၊ ထပြေးလိုက်ပြေးနေရတော့ နေရာ အဓိက မရှိဘဲနဲ့ ကြုံသလိုအိပ်၊ ကြုံသလိုပြေးနေရတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပါလာသည့် စားစရာအနည်းငယ်၊ တောထဲရှိ အသီးအရွက်များဖြင့်သာ ဝမ်းရေးကို ဖြေရှင်းနေရပြီး လမ်း၌တွေ့သည့် ချောင်း၊ မြောင်း များကို ကလေးလူကြီးမချန် သောက်ရေအဖြစ် သုံးနေရသည့် အခြေအနေတွင် နာမကျန်းဖြစ်သည့် ကလေးငယ်အရေအတွက် များလာသည်ဟု ထိုသူက ပြောသည်။

ထို့အတူ မတိမ်းရှောင်နိုင်သည့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးအချို့ရှိနေသည့် ကျင်းလိန်ရွာဘုန်းကြီးကျောင်းသို့ နိုဝင်ဘာ ၂၁ ရက်တွင် စစ်တပ်ရောက်လာပြီး အိမ်ပြန်ရန် ပြောကြောင်း၊ တောထဲတွင် တွေ့ပါက သူပုန်ဟု သတ်မှတ်ကာ ပစ်ခတ်မည်ဖြစ်ကြောင်း ဘုန်းကြီးကျောင်း၌ ရှိနေသူများကို ပြောခဲ့သည်ဟု ဆော PDF တာဝန်ခံတစ်ဦးက ပြောသည်။

“စစ်တပ်က ဘုန်းကြီးကျောင်းထဲ ဝင်တဲ့အချိန်မှာ အိမ်တွေကို ပြန်လွှတ်တယ်၊ ကိုယ့်အိမ်မှာ ကိုယ်သွားနေကြဖို့၊ ပြီးတော့ တောထဲမှာ ကျန်နေတဲ့သူတွေကိုလည်း သွားခေါ်ကြဖို့ပြောတယ်”ဟု ၎င်းက ဆိုသည်။

ထိုနေရာတွင် နိုဝင်ဘာ ၁၉ ရက် အထိ ပိတ်မိနေသည့် စစ်ကြောင်းကို စစ်ကောင်စီ၏ အင်အား ၁၀၀ ကျော်ရှိသည့် အခြားတပ်ဖွဲ့တစ်ခုက လာရောက်ကယ်ထုတ်သွားပြီးနောက် ဆော၊ ကျောက်ထု လမ်းပိုင်းရှိ ခူးချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် လှုပ်ရှားနေကြသည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းက ကျင်းလိန်နှင့် တောမရွာတို့မှ ဒေသခံအချို့ကို လမ်းပြအဖြစ် အဓမ္မခေါ်ဆောင်ကာ ရိုက်နှက်နှိပ်စက်ကြောင်း၊ ထိုအဖွဲ့၏ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်နေသည့် ကင်းထောက်အဖွဲ့တစ်ခု နိုဝင်ဘာ ၂၁ ရက်က ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း ဆော PDF တာဝန်ခံက ပြောသည်။

“တောမက ခေါ်သွားတဲ့ နှစ်ယောက်ဆိုရင် တစ်ယောက်ကို ပေါင်ကို ဓားနဲ့ ထိုးလွှတ်လိုက်တယ်၊ တစ်ယောက်ကိုကျတော့ မျက်နှာတွေ ရောင်နေအောင် ထိုးပြီးမှ ပြန်လွှတ်လိုက်တယ်ဗျ” ဟု ၎င်းက ဆိုသည်။

သို့သော် အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရနိုင်သေးသလို အသေးစိတ်အခြေအနေများကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပိတ်မိခဲ့သည့် စစ်ကြောင်းမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့မှ ဆင်းလာသည့် အင်အား ၆၀ ကျော်ပါ အဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာ ၁၇မှစ၍ ဆော PDF,  CDF မင်းတပ်၊ ကန်ပက်လက်တပ်များနှင့် YDF ဆော−ကျောက်ထု ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်။

သုံးရက်ကြာမြင့်ခဲ့သည့် ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးကာ ၎င်းတို့ဘက်က ၂ဦး အသက်ပေးခဲ့ရကြောင်း ဆော PDF တာဝန်ရှိသူက ပြောသည်။ သီးခြား အတည်မပြုနိုင်သေးပေ။

မကွေးတိုင်း ဆောမြို့နယ်သည် ချင်းပြည်နယ်နှင့် နယ်စပ်ဖြစ်သည် ဒေသအတွင်း အဓိကလမ်းဖြစ်သည့် ဆော−ကျောက်ထုလမ်းမှတစ်ဆင့် ချင်းပြည်နယ်သို့ တက်မည့်၊ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးအဖွဲ့များက ထိုသို့ ပူးပေါင်း၍ ကြားဖြတ်ပစ်ခတ်လေ့ရှိသည်။

ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက် ကိုင်တော်လှန်ကြရာတွင် ချင်း-မကွေးနယ်စပ်ရှိ အထက်ပါ တော်လှန်ရေးပူးပေါင်းအဖွဲ့များကလည်း အရှိန်မြင့်တိုက်ခိုက်နေကြသည်။ ာပညောမေ ညသတ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s