မြင်းမူမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းကို ဒေသကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့က ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မုံရွာမြို့ မှ စစ်ကိုင်းမြို့သို့ မောင်းနှင်လာသည့် စစ်ကားလေးစီးပါ စစ်ကောင်စီ ယာဉ်တန်းကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိနိုင်ကြောင်း Black Eagle Defence Force MMU အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။မိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ပထမအကြိမ် မိုင်းခွဲမှုတွင် ကားတစ်စီး ပျက်စီးကာ ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်မှုတွင် ကျန်ကား သုံးစီး ပျက်စီးသွားကြောင်း သိရသည်။

“လမ်းပိုင်းတူတူမှာပဲ ဖောက်ခွဲလိုက်တာ။ မုံရွာ- မန္တလေး ကားလမ်းမပေါ်မှာပဲဗျ။ လေးစီးကို မိုင်းဆွဲလိုက်တာ တစ်စီးကတော့ တော်တော်ကို ထိသွားတယ်ဗျ။ သုံးစီးလွတ်သွားတာ၊ လွတ်သွားတဲ့ သုံးစီးကို အရှေ့မှာ ထပ်ဆွဲလိုက်တာပါ”ဟု မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဂွေးပင်တော ကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာ အကြားတွင် တစ်ကြိမ်၊ အလ္လက္ကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တစ်ဖက်ပွင့် စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများပြီး ထိခိုက်သူ များနိုင်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသခံကာကွယ်ရေးတပ် အဖွဲ့ဝင်များက ပြော သည်။

“ဒီနေ့ မနက်ပိုင်းမှာ မုံရွာကနေ စစ်ကိုင်းကို သွားတဲ့ စစ်ကောင်စီကားတန်းကို ကျွန်တော်တို့ မဟာမိတ်အဖွဲ့ ငါးဖွဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ နှစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ စစ်ကောင်စီကား လေးစီး ပျက်စီးပြီး အသေအဆုံး များနိုင်ပါတယ်။ အတိအကျကိုတော့ စုံစမ်းနေပါတယ်” ဟု Black Eagle Defence Force MMU အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်များတွင် မိုင်း ၁၄ လုံး အသုံးပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ဦးရေကို မသိရှိရသေးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များ ထံက သိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များက ဆက်တိုက်နီးပါး ပြန်လည်ပစ်ခတ်မှုများ ရှိသော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မြင်းမူမြို့ Black Eagle Defence Force –MMU အဖွဲ့ ဦးဆောင်ပြီး Myin Mu Defence Force-MMDF ၊ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ People’s Defence Force Myinmu-MMPDF၊ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ တို့ ညီနောင် ငါးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မန္တလေး- မုံရွာ ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှုများ ဆက် တိုက်ဖြစ်ပေါ်နေပြီး ပြည်သူ့ လုံခြုံရေးအတွက် ယင်းကားလမ်း အသုံးပြုမှု ခေတ္တရပ်တန့်ထားပေးရန် ယနေ့ နံနက်ပိုင်းတွင် ဒေသကာကွယ် ရေးတပ်ဖွဲ့များက အသိပေး စာထုတ်ပြန်ထားသည်။ သို့သော် လက်ရှိအချိန်တွင် ပြည်သူများ ပုံမှန်အတိုင်း ပြန်လည် ဖြတ်သန်းသွားလာနေကြပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s