ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတို့တွင် အမျိုးသမီးများ အပါအဝင် ပြည်သူ ၂၉ ဦးထက်မနည်းကို စစ်တပ်က အကြမ်းဖက် ဖမ်း ဆီး

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်း အတွင်းရှိ ပြည်သူ ၂၉ ဦးထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်း တွင်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ္တရာတွင် Mytel တာဝါတိုင်း ဗုံးခွဲ ဖျက်ဆီးသည်ဟု စွပ်စွဲကာ ပြည်သူ ၈ဦးကို စစ်တပ်က ဖမ်းဆီး ===========================================================================

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာတွင် နိုဝင်ဘာလ၂၁ရက်က ည ၁ဝ နာရီခွဲက ရွာတောင်ပိုင်းရှိ Mytel တာဝါတိုင် ဗုံးခွဲ တိုက်ခိုက်ခံရကာ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နေ့လည် ၁၂ နာရီအချိန်တွင် စစ်ကား၄စီးဖြင့် ရွာသို့ ရောက်ရှိလာပြီး ကျေးရွာနေပြည်သူ ၈ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၆ဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် တချို့ကိုလည်း ဝင်ရောက် မွှေနှောက်ခဲ့ကာ ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ဖြစ်သူက မဖမ်းရန် တောင်းပန်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်က အလောင်းလာယူဖို့ ပြင်ထားရန် ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုချက်အရသိရသည်။

မိတ္ထီလာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နှင့် ဖခင် ဦးမြင့်သိန်းကို ဖမ်းဆီး

=============================================================================

မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ကိုနှင့် ၎င်း၏ ဖခင်ဖြစ်သူ တို့ကို PDF တပ်ဖွဲ့ဝင်ဟု ဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ ညနေ ၅ နာရီတွင် ၎င်းတို့ နေအိမ်၌ ပစ်ခတ်ဖမ်းခေါ်ဆောင် သွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ မသဲစုနိုင်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး ဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ၎င်းတို့နေအိမ်ရှိ ဖုန်းအားလုံးကိုပါ သိမ်းယူသွားခဲ့ပြီး မည်သည်နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ကံပေါက်‌တွင် အပြစ်မဲ့ပြည်သူ ၈ဦးကို ဓားစာခံအဖြစ် စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး ==================================================================

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ ည၁၁နာရီခွဲခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့ ဖမ်းဆီးမည့်သူများ နေအိမ်တွင် မရှိသောကြောင့် မိသားစုဝင်များ ဓားစာခံအဖြစ်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၈ဦးမှာ ဦးတင်ညွန့်၊ ဦးကင်မြင့်၊ ဦးကိုလေး၊ ဦးဝင်းရှိန်၊ ကိုပြည်စိုး၊ ဦးငယ်ငယ်၊ ဦးနွမ်မဲ၊ မမြင့်မြတ်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ “သူတို့က နေအိမ်တွေထဲကို အတင်းဝင်ပြီး လူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဖမ်းဆီး ဆဲဆိုတာတွေလုပ်တယ်။ လူမရှိတဲ့ အိမ်တွေမှာဆို ရတဲ့ပစ္စည်းမှန်သမျှခိုးယူပြီး မလိုအပ်တာတွေဖျက်ဆီးသွားတယ်။ သူတို့ ဖမ်းသွားတဲ့ သူတွေက သက်ကြီးရွယ်အိုတွေ များတယ်။ သူတို့ ဖမ်းချင်တဲ့လူကို မတွေ့လို့ အိမ်မှာတွေ့တဲ့သူ ဖမ်းတဲ့ ပုံစံမျိုးနဲ့ကို ဖမ်းတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ရန်ကုန် သင်္ဃန်းကျွန်းတွင် အမျိုးသမီး ၈ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ============================================================

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်တွင် ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၆နာရီ ၂ဝမိနစ်က အ မျိုးသမီး ၈ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ ” ကြီးပွားရေးရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ကို စခတွေ အင်အားအများကြီးရောက်လာပြီး အမျိုးသမီး ၈ဦးလောက်ကို ဖမ်းသွားတယ်လို့ သိရတယ်။ ဘယ်သူတွေလည်း ဘယ်နားက သူတွေလည်း ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

တောင်သာတွင် စစ်ကောင်စီ တပ်ဖွဲ့များက ကိုကျော်ထက်ဝေကို ဖမ်းဆီး

==================================================

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးပင်ကျေးရွာက ဆန္ဒပြပွဲများတွင်ပါဝင်သည့် ကိုကျော်ထက်ဝေကို နိုဝင်ဘာလ ၂၁ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက PDF တပ်ဖွဲ့ဝင်ဟု စွတ်စွဲကာ ဖမ်းဆီးသွားပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လက်ပြန်ကြိုးတုပ်ကာ ရုံးပင်ရွာသို့ခေါ်ဆောင်လာပြီး ကျေးရွာတွင်းရှိလမ်းများပေါ်တွင် အများပြည်သူရှေ့ ရိုက်နှက်ပြပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ဝ လုံးကို ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို လုယက် ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ကမာရွတ်မြို့နယ် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ

==========================

နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်မှ စ၍ ကမာရွတ်မြို့နယ်၊ ရပ်ကွက် (၄)ခုရှိ နေရာ (၁၅)ခုကို ည၈နာရီအထိ ဝင်မွှေသွားခဲ့ပြီး ပြည်သူ (၂)ဦးအဖမ်းခံရကြောင်း၊ ကမာရွတ်မြို့နယ် ၁ရပ်ကွက်၊ ပတ္တမြားလမ်း တိုက်အမှတ် (၁၂၄)မှ အမျိုးသား (၁)ဦး၊ လှည်းတန်း ၇လမ်း၊ တိုက် (၂၈) မြေညီထပ်မှ ​အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s