Monthly Archives: Nov 2021

မြန်မာအပါအဝင် အာဆီယံ ၇ နိုင်ငံကို အမေရိကန်က ဒီမိုကရေစီထိပ်သီးညီလာခံ မဖိတ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမယ့် ဒီဇင်ဘာလမှာ အွန်လိုင်းကကျင်းပဖို့  စီစဉ်ထားတဲ့   ဒီမိုကရေစီထိပ်သီးညီလာခံမှာ မြန်မာအပါ အဝင် အာဆီယံ ၇ နိုင်ငံကို ဖိတ်ကြားထားခြင်း မရှိပါဘူး။

ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ ကျင်းပမယ့် ဒီမိုကရေစီ ထိပ်သီးညီလာခံမှာတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ နိုင်ငံစာရင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာထားရာမှာ အာဆီယံဒေသတွင်းက  မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား နိုင်ငံတွေကို မဖိတ်ဘဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့တီမော ၄ နိုင်ငံကိုသာ ဖိတ်ကြားထားတာပါ။  

ဒါ့အပြင် တရုတ်နဲ့ ရုရှားနိုင်ငံတို့ကိုလည်း ဖိတ်ကြားခြင်း မရှိပဲ ထိုင်ဝမ်ကို တော့ ဖိတ်ကြားထားပါတယ်။

ထိုင်ဝမ်ကို ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ အမှားအယွင်းလုပ်လိုက်တာဖြစ်တဲ့ အကြောင်းနဲ့ မီးနဲ့ကစားနေတာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင်ဖျင်က တုန့်ပြန်ပြောကြားလိုက်ပါတယ်။  DVB

ဒီးမော့ဆိုတိုက်ပွဲတွင် KNDF ကင်းအဖွဲ့မှ ၄ ဦး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၅) နံနက် ၅နာရီခွဲခန့်က တိုက်ပွဲဖြစ်ရာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) မှ ၄ ဦး သေဆုံးသည်။

ရွာနှင့် ၄ မိုင်ခန့်ဝေးသည့် ခမရ ၄၂၇ ခြေမြန်တပ်ရင်းမှ စစ်သားအင်အား ၁၀၀ ခန့် ခြေလျင်ချီတက်လာပြီး စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNDF တပ်ရင်း ၉ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကင်းပုန်းချထားတာ ရဲဘော်ကတော့ ၆ ယောက်ရှိတယ်။ အလစ်အငိုက် ဝင်တိုက်သွားတယ်။ တစ်ယောက်ယောက်က သတင်းပေးထားတယ် ထင်တာပဲ။ ကျွန်တော်တို့ ဒီဘက်မှာ နည်းနည်းပါးပါး သွားလာလှုပ်ရှားနေတော့ သူတို့သိတယ်လေ” ဟု ၎င်းက ဆိုသည်။

အနီးကပ်ပစ်ခတ်ခံရမှုကြောင့် KNDF တပ်သား ၄ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က ဒဏ်ရာရသူ ၄ ဦးရှိသည်ဟု သိရကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထိုတိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် ကရင်နီပူးပေါင်းတပ်များဘက်မှ စစ်ကူရောက်လာချိန်တွင် စစ်ကောင်စီတပ်က ပြန်ဆုတ်သွားကြောင်း၊ ဒဏ်ရာရသူများ၊ လက်နက်များကို သယ်ဆောင်ရန် ဟိုဖိတ်ရွာမှ အမျိုးသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း KNDF တပ်ရင်း ၉ တာဝန်ရှိသူထံမှ သိရသည်။

“လူသားဒိုင်းလည်း ဟုတ်တယ်။ ပေါ်တာဆွဲတဲ့ပုံစံမျိုးလည်း ဟုတ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုရွာမှ ၇ ဦး နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်ဟု KNDF က ညနေပိုင်း သတင်းထုတ်ပြန်သည်။

တိုက်ပွဲကြောင့် ရွာမှ လူဦးရေ ၁၀၀ ခန့် ထွက်ပြေးကြကြောင်း၊ ယခင်တိုက်ပွဲများကတည်းက ထွက်ပြေးထားသဖြင့် ရွာတွင် ကျန်ရှိသည့် လူအနည်းငယ်အနက် အချို့ကို စစ်တပ်က ခေါ်သွားခြင်းဖြစ်ကြောင်း KNDF ဘက်က ပြောသည်။

နိုဝင်ဘာ ၂၃ ကလည်း ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သည်ဟု KNDF ထံမှ သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတော်လှန်နေကြရာ ထင်ရှားသည့်အဖွဲ့များအနက် ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း ပါဝင်သည်။ myanmar now

မန္တလေး ရုံးပေါင်းစုံဝင်းအတွင်း ဗုံးကွဲ၊ ခရိုင်စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၆၈ လမ်းနဲ့ လမ်း ၇၀ ကြားရှိ ရုံးပေါင်းစုံဝင်းအတွင်း နိုဝင်ဘာ ၂၅ ရက် ဒီနေ့ နေ့လယ်  ၁ နာရီကျော်လောက်က  ဗုံးပေါက်ကွဲပြီး မန္တလေးခရိုင် စစ်ကောင်စီ အဖွဲ့ဝင် တယောက်  ဒဏ်ရာရသွားပါတယ်။ 

ရုံးပေါင်းစုံဝင်းအတွင်းက တိုင်းတရားရုံး၊ ခရိုင်ထွေအုပ်ရုံးနဲ့ တိုင်းစာရင်းစစ်ရုံးအကြား အများသုံးသန့်စင်ခန်းအနီးမှာ ရပ်ထားတဲ့ ဗုံးတပ်ထားတဲ့ ဆိုင်ကယ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဗုံးပေါက်ကွဲစဉ်က ရုံးပေါင်းစုံအပြင်ဘက်မှာ ရှိနေသူတစ်ဦးက “ပေါက်ကွဲသံကတော့ တော်တော်ကျယ်ကျယ်ကြားလိုက်ရတယ်။ ထိခိုက်ဒဏ် ရာရတာရှိနိုင်တယ်။ ယူနီဖောင်းနဲ့ လူနှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောနေတယ်။ တိတိကျကျတော့ မသိရဘူး။” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မန္တလေးခရိုင် စစ်ကောင်စီ အဖွဲ့ဝင် ဦးလှကြွယ်နဲ့ အနီးအနားရှိ ရှေ့နေ တယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုကြောင့် အဆောက်အဦနဲ့ မော်တော်ယာဉ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ DVB

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းပြီး လက်ဝါးကြီးအုပ်ရန် စီမံနေ

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က ဂျပန်အခြေစိုက် အဖျော်ယမကာ လုပ်ငန်းဖြစ်တဲ့ Kirin ကုမ္ပဏီနဲ့ အကျိုးတူဆောင် ရွက်နေတဲ့ မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းပြီး လက်ဝါးကြီးအုပ်ဖို့ စစ်ကောင်စီက စီမံနေတယ်လို့ Justice for Myanmar က ထောက်ပြထားပါတယ်။

မြန်မာဘရူဝါရီလိမီတက်ကို  စာရင်းရှင်းလင်းဖျက်သိမ်းသွားဖို့ နိုဝင်ဘာ ၁၉ ရက်က  တရားရုံးမှာ ဦးပိုင်ကုမ္ပဏီက ဦးတိုက်လျှောက်ထားခဲ့ပြီး  လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးကနေ ဖျက်သိမ်းဖို့ ကြားနာမှာဖြစ်လို့   ကန့်ကွက်လိုသူတွေ လာရောက်ကန့်ကွက်နိုင်တယ်လို့ နိုဝင်ဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ  ကြော်ငြာထား ပါတယ်။

အဆိုပါ ဦးတိုက်လျှောက်ထားမှုကို ပယ်ဖျက်ပေးဖို့ တရားရုံးကို လျှောက်ထားသွားမယ်လို့   Kirin ဂျပန်ကုမ္ပဏီဘက်က  တုန့်ပြန် ပြောပါတယ်။ 

မြန်မာဘရူဝါရီလီမိတက်အနေနဲ့ ပြည်တွင်းအဖျော်ယမကာစျေးကွက်မှာ အမည်ရနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီလုပ်ငန်းကနေ မြန်မာဘီယာ၊ Myanmar Premium ဘီယာ၊ Kirin Ichiban ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ၊ Black Shield Stout ဘီယာ စတဲ့ အမှတ်တံဆိပ်တွေ ထုတ်လုပ်ရောင်းချနေတာပါ။

ရှယ်ယာပိုင်ဆိုင်မှုမှာတော့  ဂျပန်အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Kirin က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် မြန်မာဘရူဝါရီလုပ်ငန်းကို ဦးပိုင်က ထိန်းချုပ်ရေး ကြိုးပမ်းမှုကို တားဆီးဖို့နဲ့ ပိုင်ဆိုင်ငွေတွေကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်လက်ထဲ မရောက်စေဖို့ Kirin ကုမ္ပဏီအနေနဲ့ နိုင်ငံတကာခုံသမာဓိ တရားစီရင်ရေး အပါအဝင် ရရှိနိုင်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်ရမယ်လို့ Jusitce for Myanmar ကဆိုပါတယ်။

မြန်မာဘရူဝါရီရဲ့ ရန်ပုံငွေနဲ့ ပိုင်ဆိုင်မှုတွေကို ဦးပိုင်က သိမ်းယူမယ်ဆိုပါက  စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ငွေကြေးထောက်ပံ့ဖို့အတွက် အသုံးပြုသွားဖို့ ရှိတာကြောင့် အဲဒီလိုကိစ္စတွေ ပေါ်ပေါက်မလာရေး တားဆီးဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာဘရူဝါရီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုတွေရဲ့ ပိုင်ဆိုင်မှု အားလုံးဟာ လက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကကိုယ်စားပြုတဲ့ မြန်မာပြည်သူတွေနဲ့သာ သက်ဆိုင်ရမယ်လို့ Justice for Myanmar က နှိုးဆော်ထားပါတယ်။

ဒါကြောင့် ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းဖြစ်တဲ့ Kirin ဟာ မြန်မာဘရူဝါရီရဲ့ အနာဂတ်နဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်အားလုံးကို NUG က သဘောတူကြောင်း သေချာဖို့ လိုပါတယ်။ 

Kirin ကုမ္ပဏီအနေနဲ့လည်း မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှု ရှိရမှာဖြစ်သလို လူ့အခွင့်အရေးအား လိုက်နာမှုရှိစေရေးကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သတ်ဆက်နွှတ်မှုအားလုံးကို တာဝန်သိစွာနဲ့ ချက်ချင်း ဖြတ်တောက်ရမယ်လို့ Justice for Myanmar ကဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ  ပထမ လေးလပတ်အတွင်း မြန်မာဘရူဝါရီလီမိတက်ရဲ့ ရောင်းအားမှာ ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဝင်ငွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်နဲ့ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ ၆၆ ဘီလီယံလောက် လျော့ကျခဲ့တယ်လို့ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin က အခု ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်တဲ့ တတိယ သုံးလပတ်အစီရင်ခံစာအရ သိရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ဖက်စပ် ထုတ်လုပ် ရောင်းချနေတဲ့  မြန်မာဘရူဝါရီလီမိတက်ထုတ်ကုန် မြန်မာဘီယာတွေကို မသောက်သုံး မရောင်းချကြဖို့  မြန်မာပြည်သူ လူထုတွေက သပိတ်မှောက်ထားကြတာဖြစ်ပြီး စစ်တပ်ပိုင်ကုမ္ပဏီကတော့ တခြား တံဆိပ်နဲ့ ပြောင်းထုတ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။ 

မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စပ်လုပ်ငန်းအနေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ ၆၀ မီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ အဆိုပါကုမ္ပဏီ လီမိတက်ရဲ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ နော်ဝေးအခြေစိုက်တယ်လီနော ဆက်သွယ်ရေးအော်ပရေတာ၊ ဂျာမနီအခြေစိုက် Metro အစားအသောက် လက်လီလက်ကားကုမ္ပဏီ၊ အိန္ဒိယဆိပ်ကမ်းဝန်ဆောင်မှု Adani ကုမ္ပဏီ၊ ဆွစ်ဇာလန်က Kempinski ဟိုတယ်လုပ်ငန်းစု၊ ဩစတြေးလျက Myanmar Metals Limited သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဗြိတိသျှက British American Tobacco Myanmar စီးကရက်ကုမ္ပဏီ စတဲ့ လုပ်ငန်းတွေဟာ စွန့်ခွာသွားပြီဖြစ်ပါတယ်။ DVB

စစ်တပ်ထောက်တိုင်လိုင်းကားများမစီးနဲ့ လှုပ် ရှားမှုကို ရန်ကုန်မြို့နေရာသုံးခုမှာ တပြိုင်တည်းပြုလုပ်

စစ်တပ်ထောက်တိုင်လိုင်းကားများမစီးနဲ့ လှုပ်ရှားမှုကို ယနေ့ရန်ကုန်မြို့နေရာသုံးခုမှာ တပြိုင်တည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။ရန်ကုန်တော်လှန်ရေးအင်အားစုများမှ အမျိုးသားနေ့ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာ၂၇ မှ ဒီဇင်ဘာ ၄ရက်အထိ သတ်မှတ်ပြီးနောက် စစ် တပ် ထောက်တိုင်လိုင်းကားများဖြစ်ကြတဲ့ ပါရမီယာဥ်လိုင်းများနှင့် Omni Focus ယာဥ်လိုင်းများကို ပြည်သူများစီးနင်းခြင်းမပြုကြရန် တိုက် တွန်းသည့်လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ရှိ နေရာသုံးခုဖြစ်တဲ့ မြန်မာပလာဇာ၊ ၁၂လုံးတန်းမှတ်တိုင်နှင့် သုဝဏ္ဏတံတားတို့မှာ တပြိုင်နက်တည်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို မြန်မာပလာဇာတွင် ပြုလုပ်နေကြစဥ် ပါဝင်သူများမှာ လုံခြုံရေးရဲ့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အဆို ပါလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသူများထံမှသိရသည်။မြန်မာပလာဇာလှုပ်ရှားမှုတွင် ပါဝင်သူများမှာမူ လုံခြုံရေးဝန်ထမ်းများ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံရပြီးနောက် ဒဏ်ရာများနှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ကာယကံရှင်များထံမှသိရသည်။ mizzima

မိုးကုတ် စူပါကော်ဖီမစ်ရုံး မန်နေဂျာကို ပစ်သတ်သည့်အဖွဲ့ ငွေများပါ လုယူသွား

ယနေ့(နိုဝင်ဘာ၂၅) နံနက် ၉ နာရီခန့်က မန္တလေးတိုင်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက် စူပါကော်ဖီမစ်ဖြန့်ဖြူးရေးနှင့် OK ငွေလွှဲငွေထုတ်ရုံးသို့ ရောက်လာသည့် လူ ၆ ဦးက မန်နေဂျာကို ပစ်သတ်၍ ​ငွေသားအများအပြား ယူဆောင်သွားကြသည်။  

ခါတော်မှီဘုန်းကြီးကျောင်းအနီးရှိ ထိုရုံးသို့ ကားတစ်စီးဖြင့် ရောက်လာသူတို့က ဝန်ထမ်းများကို ဒူးထောက်လက်မြှောက်ခိုင်းပြီး မန်နေဂျာကို သေနတ်ဖြင့် ၅ ချက်ပစ်ကြောင်း၊ ထို့နောက် ဂိုဒေါင်မှူးကို ခြိမ်းခြောက်ငွေတောင်းကာ ကျပ်သိန်း ရာဂဏန်း၊ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းတချို့ကိုပါ ယူဆောင်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။

ရင်ဘတ်၊ ဦးခေါင်း၊ ခြေ၊ လက်တို့တွင် ဒဏ်ရာရသွားသူ မန်နေဂျာအမျိုးသားမှာ ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင် ကွယ်လွန်သွားကြောင်း၊ ဈာပနကို ယနေ့ ညနေပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အသတ်ခံရသူက ဒီနယ်ခံမဟုတ်ဘူး။ ပြီးတော့ သူက ရုံးထဲကလည်း သိပ်ထွက်လေ့ထွက်စ မရှိတော့ သူ့ကို မြို့ခံတွေက သိပ်မသိကြဘူး”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ကိုယ်ရေးအချက်အလက်နှင့် ဖြစ်စဉ်အသေးစိတ်အကြောင်းအရာများကိုမူ အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပေ။

အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် တတိယသတင်းရင်းမြစ်တစ်ဦးကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ လုပ်ရပ်သာ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“သူတို့(စစ်တပ်)ပါပဲ။ ဘာလို့ပြောနိုင်လဲဆိုတော့ အရင်တုန်းက ခုလိုဖြစ်စဉ်ဆိုတာ ဖြစ်ခဲပါတယ်။ သူတို့အာဏာသိမ်းပြီးမှပဲ ခုလို ပြည်သူတွေမှာ ကျီးလန့်စာစားနဲ့ အသက်အိုးအိမ်တွေလည်း မလုံခြုံဘူး။ ရှေ့ မှာလည်း လူသတ်၊ ဓားပြတိုက် ဒါတွေပဲ လုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မိုးကုတ်မြို့ အရှေ့ပိုင်းရဲစခန်းကိုလည်း မေးမြန်းခွင့်မရသေးပါ။

အထက်ပါ ဒေသခံတို့၏ အဆိုအရ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် မိုးကုတ်မြို့ရှိ လူအသွားအလာပြတ်သည့် လမ်းနှင့် ရပ်ကွက်များတွင် လုယက်၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၃) ညနေပိုင်းကပင် မိုးကုတ်မြို့အရှေ့ပိုင်း ရွံ့ပန်းရပ်ကွက်နေ အသက်(၁၆)နှစ် အရွယ် မိန်းကလေးတစ်ဦးကို ယူနီဖောင်းဝတ် စစ်သား ၄ ဦးက အိမ်ပြန်ပို့မည်ဆိုကာ တောလမ်းအတွင်းသို့ ခေါ်သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းမှ ပြန်လွှတ်ပေးသည်ဆိုသော သတင်း ထွက်ပေါ်နေသည်။

ကာယကံရှင်၏ မိသားစုကမူ အခြေအနေအသေးစိတ်ကို ဖြေဆိုရန် ငြင်းဆန်သည်။

မိုးကုတ်မြို့သည် အာဏာသိမ်းပြီး ၁၀ လရှိလာချိန်အထိ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် နိုင်ငံအနှံ့ မြို့ရွာများတွင် အပါအ ဝင်ဖြစ်သည်။  myanmar now

မြန်မာ့ကျောက်မျက်များကို အိန္ဒိယဇာစ်မြစ်အမည်တပ် ရောင်းချနေသည့်ကိစ္စ စုံစမ်းစစ် ဆေးမည်

အိန္ဒိယနိုင်ငံ အခြေစိုက် Vaibhav Global အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် အွန်လိုင်းအရောင်းဆိုင်တွေကတဆင့် ရောင်းချနေခဲ့ တာကို စုံစမ်းစစ်ဆေးမယ်လို့ ကုမ္ပဏီရဲ့ တွစ်တာအကောင့်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ မြန်မာ့ကျောက်မျက်တွေကို သူတို့ရဲ့ အရောင်းစာရင်းထဲက ဖယ်ထုတ်ထားလိုက်တဲ့အကြောင်းလည်း ရေးသားဖေါ်ပြထားပါတယ်။ 

မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာ ကျောက်စိမ်းနဲ့ ပတ္တမြားလုပ်ငန်းတွေကို ထိန်းချုပ်ထားတဲ့ MGE မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ဉီးပိုင်ကုမ္ပဏီတို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေဖြစ်တာကြောင့် အမေရိကန် ဗြိတိန်နဲ့ ဉရောပသမဂ္ဂတို့က အမည်တပ်ပိတ် ဆို့ အရေးယူထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အခြေစိုက် Vaibhav Global ကျောက်မျက်ရတနာကုမ္ပဏီဟာ မြန်မာနိုင်ငံကထွက်တဲ့ မိုးကုတ်၊ မိုင်းရှုးပတ္တမြားတွေနဲ့ မြန်မာ့ကျောက်မျက်တွေကို အိန္ဒိယနိုင်ငံ ဇာစ်မြစ်အမည်တပ်ပြီး Amazon၊ Overstock စတဲ့အွန်လိုင်းကုမ္ပဏီတွေအပြင် ဝက်ဘ်ဆိုက်တွေ ရုပ်သံချန်နယ်တွေကတဆင့် ဆက်လက်ရောင်းချနေတာဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း Justice for Myanmar အဖွဲ့က  ကန့်ကွက်ထားတာဖြစ်ပါတယ်။

အခုလို အမေရိကန်နိုင်ငံရဲ့ အထင်ကရ အွန်လိုင်းအရောင်းဆိုင်တွေက မြန်မာ့ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို ဆက်လက်ရောင်းချနေတာဟာ မြန်မာပြည်သူလူထုကို အကြမ်းဖက်ချေမှုန်းနေတဲ့ စစ်ကောင်စီအတွက် အကျိုးအမြတ်ဖြစ်စေတယ်လို့လည်း ဝေဖန်ကန့်ကွက်ထားပါတယ်။  DVB

« Older Entries