ဖုန်းနံပါတ် ၆၅ လုံး၏ ပိုင်ရှင်အမည်များ၊ နေ ရပ်လိပ်စာများ ပေးပို့ရန်နှင့် ဘဏ်အကောင့်ဖွင့်လှစ်ထားပါက ငွေသွင်း၊ ငွေထုတ် ယာယီတားမြစ်ရန် စစ်ကောင်စီညွှန်ကြား

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ ပေါက်ကြားလာသည့် လျှို့ဝှက်ညွှန်ကြားစာတွင် ပူးတွဲစာပါ ဖုန်းနံပါတ်များဖြင့် ဘဏ်များနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် အကောင့်များ ဖွင့်လှစ်ထားပါက ပိုင်ရှင်များ၏ အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာ၊ ဘဏ်ငွေစာရင်း ရှင်းတမ်းများကို ပို့ပေးရန် ဖော်ပြထားသည်။
နိုဝင်ဘာ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထိုညွှန်ကြားစာတွင် ဖုန်းနံပါတ် ၆၅ လုံးကိုဖော်ပြထားပြီး ငွေသွင်း၊ငွေထုတ်များ ယာယီတားမြစ်ရန်နှင့် တောင်းခံထားသည့် အချက်အလက်များအား သုံးရက်အတွင်း ဆောလျင်စွာပို့ပေးရန် ရေးသားထားသည်။ “လျှို့ဝှက်အဆင့် အတန်းသတ်မှတ်၍” ဟူသော စာစုကို မှင်အနက်ဖြင့် ထင်ရှားစွာရေးထားထားသည့် စစ်ကောင်စီ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်သော ထိုညွှန်ကြားစာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် ဘဏ်များ အားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများကို ရည်ညွှန်းပြီး ပေးပို့ထားခြင်းဖြစ်သည်။
ထိုညွှန်ကြားစာတွင် ကျပ် ငါးသိန်းနှင့် ကျပ်ဆယ်သိန်းကြား လှူဒါန်းထားသည့် ဖုန်းနံပါတ် နှစ်လုံး၊ ကျပ်တစ်သိန်းနှင့် ကျပ်ငါးသိန်းကြား လှူဒါန်းထားသည့် ဖုန်းနံပါတ် ၂၇ လုံး၊ ကျပ်ငါးသောင်းနှင့် ကျပ်တစ်သိန်းကြား လှူဒါန်းထားသည့် ဖုန်းနံပါတ် ၃၆ လုံး ကိုလည်း ယှဉ်တွဲဖော်ပြထား သည်။ ညွှန်ကြားစာတွင် ဗဟိုဘဏ် ဒုဥက္ကဌ ကိုယ်စား ညွန်ကြားရေးမှူး ဦးအောင်ကျော်သန်းကလက်မှတ် ရေးထိုး ထားသည်ကို တွေ့မြင်ရသည်။ mizzima