တိုင်းနှင့်ပြည်နယ် ၁၀ ခုအား မီးအလှည့်ကျ ဖြတ်တောက်ရန် စစ်ကောင်စီညွှန်ကြား

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျှော့နည်းလာခြင်းကြောင့် တိုင်းနှင့်ပြည်နယ် ၁၀ ခုအား မီးဖြတ်ရန် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာတစ်စောင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည်။ မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် ၁၅ ခုရှိသည့်အနက် ၁၀ ခု အား မီးဖြတ်ရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။ ပျံ့နှံ့နေသည့် ညွှန်ကြားစာအရ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော် တို့မှအပ ကျန်တိုင်းနှင့်ပြည်နယ်များတွင် ညစဉ် ညနေ ၆ နာရီမှ ည ၈ နာရီအထိ အလှည့်ကျ မီးဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

မီးဖြတ်တောက်မည့် တိုင်းနှင့် ပြည်နယ်များအတွင်း မီတာခ ပုံမှန် ပေးဆောင်သော မြို့၊ရပ်ကွက်နှင့် ကျေးရွာများကိုမူ လျှပ်စစ်ဓာတ်အားပေးမည့် အုပ်စုတွင် ထည့်သွင်း၍ မီးမပျက်စေရန် ဆောင်ရွက်ရမည်ဟု ထိုညွှန်ကြားစာတွင် ဖော်ပြထားသည်။ ယင်းစာပျံံ့နှံ့ပြီးနောက် မဇ္ဈိမက တိုင်းနှင့်ပြည်နယ်များရှိ ဒေသခံများအား ဆက်သွယ်မေးမြန်းရာ ညွှန်ကြားစာပါ သတ်မှတ်အချိန်များတွင်သာမက အခြားအချိန်များတွင်လည်း လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှု ကြုံတွေ့နေရသည်ဟု ၎င်းတို့က ဖြေကြားကြသည်။

ထို့ပြင် လျှပ်စစ်မီးဖြတ်တောက်မည့် စာရင်းတွင် မပါဝင်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင်လည်း နိုဝင်ဘာလ ပ ထမအပတ်မှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်မှုများ နေ့စဉ်ဆက်တိုက်ဆိုသလိုပင် ဖြစ်ပေါ်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများသည် မနက်အစောပိုင်းနှင့် ညနေပိုင်းများတွင် ထမင်း၊ဟင်း ချက်ပြုတ်ရပြီး သုံးရေအတွက် ရေတင်ရလေ့ရှိသော်လည်း ထိုအချိန်များတွင်း မီးပြတ်တောက်မှုများနေ၍ အခက်အခဲဖြစ်နေကြကြောင်း ၎င်းတို့က ပြောသည်။ “မနက်ပိုင်းဆို မီးကမလာတော့ဘူး ။ ချက်ပြုတ်ဖို့အရေး အစောကြီးထရတယ်။ ညနေဘက်လည်း အဲ့လိုပဲ ပျက်ချင်တိုင်းကို ပျက်နေတာ၊ အလုပ်ဖွင့်ရက်တွေဆို နေ့လည်ဘက်လာသေးတယ်။ အဓိက စနေ၊တနင်္ဂနွေဆို အရမ်းအပျက်များတယ်။ တစ်နေ့ကို လေးနာရီလောက်က မီးပျက်နေတာ စနေ၊ တနင်္ဂနွေဆိုရင် ငါးနာရီလောက် မီးပျက်တယ်”ဟု အလုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် မီတာပေးဆောင်မှုများပြားသည့် လမ်းသွယ်နှင့် ရပ်ကွက်များရှိ နေအိမ်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုမှာ မီတာခ ပေးဆောင်မှု ရှိ၊ မရှိနှင့် မသက်ဆိုင်ကြောင်း သိရသည်။ အလားတူပင် လျှပ်စစ်မီးဖြတ်မည့် စာ ရင်းတွင် မပါဝင်သည့် ဧရာဝတီတိုင်းတွင် မီးပြတ်တောက်မှုများနေ၍ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် ပါဝါဘန့် ၊ အင်ဗာတာအသေး၊ လက်စွဲမီးစက်ငယ် နှင့် အားသွင်း မီးဆိုင်းငယ်များ အရောင်းအဝယ်သွက်နေပြီး အချို့ဆိုင်များတွင် ပစ္စည်းများ ပြတ်လပ်လာသည်အထိ ဖြစ်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။

“ မီးပျက်တာများတော့ ပါဝါဘန့်က အဓိကရောင်းရတယ်။ အင်ဗာတာကတော့ အဲ့လောက်မဟုတ်ဘူး။ မီးစက်အသေးလေးတွေက လူမေးကြသူတွေရှိတယ်။ အဝယ်တော့ နည်းသေးတယ်။ ဆီဈေးကြီးလို့ နေမယ်။ မီးစက်ကတော့ အများကြီးလည်း တင်မထားဘူး။ အဓိက ရောင်းနေရတာ အားသွင်းမီးဆိုင်းတွေ”ဟု ပုသိမ်မြို့ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ပြောသည်။ ပုသိမ်မြို့ ဒေသခံ တစ်ဦးကလည်း မီးလာခြင်း၊ မလာခြင်းသည် မီတာ ဆောင်ခြင်း၊ မဆောင်ခြင်းနှင့် မသက်ဆိုင်ဟု ဆိုသည်။ “ မီးကိုမလာတာပါ။ မနက်ပိုင်းဆို ၇ နာရီ လောက်ကနေ ၉ နာရီလောက်ထိ တစ်ဖြတ် နေ့ခြားလို ပျက်တယ်။ ညနေ ၄ နာရီလောက် ကစပြီး ခဏလာလိုက် ၊ ပျက်လိုက်ပဲ။ သူတို့ပြောတဲ့ ညနေ ၆ နာရီကနေ ၈ နာရီဆိုတာက နှစ်ရက်ခြား တစ်ခါ အမြဲပျက်တယ်။ ပြန်လာရင်လည်း ၉ နာရီခွဲလောက်ကနေ ၁၀ခွဲလောက်ထိက ခဏခဏ ပြန်ပျက်တယ်။ အခုနွေရာသီမရောက်သေးတာတောင် ဒီလိုဖြစ်နေတာ နောက်လတွေ ပိုဆိုးမယ်လို့ ထင်တယ်”ဟု ပုသိမ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မီးဖြတ်မည့် စာရင်းတွင် ပါဝင်သည့် စစ်ကိုင်းတိုင်းတွင်မူ နိုဝင်ဘာလ ၂၃ ရက်ကစတင် မီးဖြတ်မှုရှိကြောင်း ဒေသခံများထံက သိရသည်။ “လိုက်တော့ မကြေညာဘူး။ ကျွန်တော်တို့ တိုင်းဘက် ည ၆ ကနေ မနက် ၈ နာရီအထိဖြတ်တာ နှစ်ရက်လောက်ရှိပြီ ။ ဒါပေမဲ့ စစ်ကိုင်းနဲ့ စလင်းကြီးမြို့နယ်ကိုတော့မဖြတ်ဘူး ။ မီးလာနေတယ်။ ကျွန်တော့်အထင်တော့ ဝမ်ပေါင်ကုမ္ပဏီရှိလို့ မဖြတ်တာထင်တယ်။ မီတာခတွေက စစ်ကိုင်းတိုင်းမှာ တော်တော်များများမှာ မဆောင်ကြဘူး”ဟု စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကချင်ပြည်နယ်၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မီတာခတောင်းခံခြင်းများ ရှိနေပြီး လက်ရှိအချိန်ထိ မီးဖြတ်မှုမရှိသေးဘူးကြောင်း သိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရပ်ကွက် အချို့တွင်မူ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက မီးဖြတ်မည်ဖြစ်ကြောင်း လိုက် လံကြေညာနေပြီဖြစ်သည်။ “ကျွန်တော်တို့ဘက် လောလောဆယ်မဖြတ်သေးဘူး။ နောက်ရက်တွေ ဖြတ်ချင်ဖြတ်မှာပေါ့။ ဟိုနေ့ကထဲက မီ တာစာရွက်လိုက်ဝေနေတာတော့ ရှိတယ် ။ဖြတ်လည်း ဆိုလာပြားတို့ပဲ သုံးမှာပေါ့။အရင်ကလည်း ခဏခဏဖြတ်နေတာပဲကို” ဟု ကချင် ပြည်နယ် ဗန်းမော်မြို့ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ၊ သံတွဲမြို့တွင်လည်း တစ်ရက်လျှင် သုံးကြိမ်ခန့် မီးပျက်နေပြီး အနည်းဆုံး တစ်ရက်လျှင် အနည်းဆုံး ခြောက်နာရီခန့်ကြာ မီးပျက်တောက်မှု ကြုံနေရကြောင်း သိရသည်။ ဓာတ်အား ဖြန့်ဖြူးသော မဟာဓာတ်အားလိုင်း ၂၃၀ ကေဗွီ လောပိတ-တောင်ငူ ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ လောပိတ-ရွှေမြို့ ဓာတ်အားလိုင်းမှ တာဝါတိုင် ခြောက်တိုင်ကို ခန့်မှန်းချိန် တစ်လအတွင်း အရေးပေါ် ပြုပြင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်း ၊ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးကောင်စီများသို့ ဖြတ်တောက်မည့်နေရာ၊ ဒေသ၊ အချိန်ဇယားများကို ပုံမှန်သတင်းပို့ရန် စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနမှ ဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s