တန့်ဆည်တွင် ဆိုင်ကယ် စီးလာသူ ကိုဇော်ဝင်းထွန်းကို စစ်တပ်က ပစ်သတ်၊ ရန်ကုန် လှည်းကူးမှ ဦးကျော်စိုးမိုးကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည် လမ်းဆုံတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈နာရီ ၅မိနစ်အချိန် အသက် ၂၃နှစ်အရွယ် ကိုဇော်ဝင်းထွန်း ဆိုင်ကယ် စီးလာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများနှင့် သေဆုံးသူ၏ မိတ် ဆွေများက ရန်ကုန်ခေတ် သစ်မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ သေဆုံးသူ ကိုဇော်ဝင်းထွန်းသည် ရန်ကုန် သန်လျင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဆန့်တည်မြို့နယ် အင်းတောရိုးရွာတွင်ကို အလည်လာရောက်သူဖြစ်ပြီး ရန်ကုန်သို့ ပြန်ရန် ကားဂိတ်သို့ သွားရောက်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ “သူအပစ် မခံရစဉ်က ကင်းလှည့်လာတဲ့ စစ်ခွေးတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေသွားတယ်။ အဲလို မိုင်းဆွဲခံရပြီးနောက် သူတို့က ရမ်းပြီးပစ်တာ ကိုဇော်ဝင်းထွန်းကို ပေါင်ကို ပထမတစ်ချက်ကျည်ထိတယ်။ ပြီးတော့ ခေါင်းကို ပစ်ထည့်လိုက်တာပဲ” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သေဆုံးသူ ကိုဇော်ဝင်းထွန်းအလောင်းကို မိသားစုထံ ပြန်လည်မပေးဘဲ သင်္ဂြိုလ်လိုက်ကာ ၎င်းစီးနှင်းလာသည့် ဆိုင်ကယ်ကိုပါ စစ်တပ်က သိမ်းယူသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေများ ပြောဆိုချက်အရ သိရသည်။
အလားတူ ရန်ကုန် လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လယ်ယာလုပ်ကိုင်သည့် ဦးကျော်စိုးမိုးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် PDFနှင့် ပတ်သတ်သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း ဦးကျော်စိုးမိုး မိသားစုနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။“ကိုကျော်စိုးမိုး သေသွားပြီ။ အလောင်းလာယူသူပါ ဖမ်းမယ် ပြောနေပါတယ် အကြမ်းဖက် စစ်တပ်က ၂၃ ရက်နေ့က ဖမ်းသွားတယ်။ ၂၇ ရက်နေ့ ရေကြည်အိုင် စစ်ကြောရေးမှာ ဆုံးသွားပါတယ်” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ khit thit