Monthly Archives: Nov 2021

ဂန့်ဂေါနယ်၊ မောက်လင်းရွာမှ ပြည်သူ ၁၈ ဦး ကို စစ်တပ်ဖမ်းဆီးပြီး ၆ ဦးကို သတ်ဖြတ်မီးရှို့သွား

မကွေးတိုင်း၊ ဂန့်ဂေါနယ် မောက်လင်းကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာခံပြည်သူ(၁၈)ဦးကို နို၀င်ဘာ(၂၇)ရက်နေ့မှာ ဖမ်း ဆီးခဲ့ပြီး (၆)ဦးကို သတ်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။အသတ်ခံခဲ့ရသူ(၆)ယောက်ထဲက (၂)ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး အိမ်သာကျင်းထဲ ထည့်ခဲ့ပြီး ကျန်တဲ့(၄)ယောက်ရဲ့ အလောင်းတွေကိုတော့မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ အဲ့ဒီကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာမောက်လင်ရွာမှာ(၂) ညအိပ် (၃)ရက် စခန်းချနေထိုင်ခဲ့ကြပြီး ကျေးရွာအတွင်းက ဈေးဆိုင်တွေ အိမ်တွေကို ၀င်ရောက်မွှေနှောက်ခဲ့ကြသလို အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းယူစားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဂန့်ဂေါ-ကလေးကားလမ်းမပေါ် မောက်လင်းလမ်းခွဲအနီးကကျွန်းဒတ်ရွာမြောက်ဖက် ရွာမြင်တောင်အနီးမှာ စ ခန်းချနေထိုင်နေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။ khit thit

ဓနုဖြူမြို့တွင် ဒလန်ဟု နာမည်ထွက်နေသူ သေနတ်ပစ်ခံရ

ဧရာဝတီတိုင်း၊ဓနုဖြူမြို့တွင် ဒလန်ဟုနာမည်ထွက်နေသူ ကိုဇော်မြတ်ဆိုသူကို အမည်မသိအဖွဲ့တစ်ဖွဲ့က ယနေ့ညနေ ၆ နာရီကျော်တွင် သေ နတ်ဖြင့် သုံးချက်ပစ်ခတ်သွားကြောင်း ဒေသခံများထံကသိရသည်။ကိုဇော်မြတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သူများနှင့် CDM လှုပ်ရှားမှုတွင်ပါဝင်ထားသော ဝန်ထမ်းများအား စစ်တပ်နှင့်ရဲများဆီသို့ သတင်းပေး ဖမ်းဆီးခိုင်းနေသူတစ်ဦးဖြစ်သည်ဟု ဒေသခံများက စွပ်စွဲသည်။

ဓနုဖြူမြို့ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ကိုဇော်မြတ်ဖွင့်လှစ်ထားသောဆိုင်အတွင်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။”ဇော်မြတ်ရဲ့ဆိုင်ထဲအထိဝင်ပစ်သွားတာပါ၊ကျောကုန်းတောင်ပွင့်ထွက်သွားတယ် သုံးချက်တောင်ပစ်သွားတာဆိုတော့သေဖို့များတယ်၊ဇော်မြတ်က ကြံခိုင်ရေးကရာထူးခပ်ကြီးကြီးကောင်တွေနဲ့လည်းပေါင်းနေတာဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလုပ်သွား တာနေမယ်”ဟုဒေသခံကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက အမှတ်(၂)ရပ်ကွက်အတွင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရပြီး ဓနဖြူမြို့ပေါ်နှင့် မြို့ဝင်မြို့ထွက်ဂိတ်များတွင်လည်း စစ်ဆေးမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ mizzima

ကန်ပက်လက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ

ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်းမှာ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းဖြစ်ပွားခဲ့တဲ့ CDF ကန်ပက်လက် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲကနေ ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး ၃ ဦးကို သေဆုံးကာ CDF ကန်ပက်လက် ရဲဘော်တွေကတော့ တစ်စုံတစ်ရာထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF ကန်ပက်လက် ပြန်ကြား ရေးတာဝန်ခံက အတည်ပြု ပြောဆိုပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တွေ သေဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

အခုရက်ပိုင်းမှာ CDF ကန်ပက်လက် နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံး ထိခိုက်ပျက်ဆီးမှုတွေ များပြားနေသလို  စစ်ကောင်စီတပ်သားအင်အားတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ DVB

ကွတ်ခိုင်အနီး ၃ နာရီကြာ တိုက်ပွဲဖြစ်

မူဆယ် မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြောက်ပိုင်း မဟာမိတ်တို့အကြား နိုဝင်ဘာ ၂၈ ရက်က ၃ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအထက် လွိုင်ရွဲးတောင်အနီးတွင် ၂၈ ရက်နေ့ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်မှ နေ့လည် ၁၂ နာရီအချိန်ခန့်ထိ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည် ဟု ပြော သည်။

အမည်မဖော်လို မန်ပြိန်းဒေသခံ ရွာသားတစ်ဦးက “မနက် ၉ နာရီ ၁၀မိနစ်အချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က မန်ပြိန်းရွာကနေ ပြည် ထောင်စုလမ်းမတစ်လျှောက် အထက်ပိုင်း လွိုင်ရွဲးတောင်နား အရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တိုက်ပွဲသံတွေ အဆက်မ ပြတ် စကြားခဲ့ရတာပါ။ လက်ရှိ ၁၂ နာရီအချိန်ထိ ကြားနေရတယ်” ဟု ပြောသည်။မြေပြင်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ထိတွေ့တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ် မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

သို့သော်အဆိုပါ တိုက်ပွဲအခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက်များ မရရှိသေးပေ။ လက်ရှိအချိန်ထိ တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ မကြားရသေးဟု မန်ပြိန်းကျေးရွာက ဒေ သခံများက ပြောသည်။တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ တို့ သွားလာလှုပ်ရှားနေသည့် နေရာလည်း ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်တပ်က အာဏာသိမ်းပြီး မေလဆန်းမှ စတင်၍ စစ်ကောင်စီတပ်နှင့် တအန်း TNLA၊ ကိုးကန့် MNDAA၊ ကချင် KIA၊ ရခိုင် AAတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀ ခန့် ဖြစ်ပွားခဲ့ပြီးယနေ့တိုက်ပွဲသည် နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ် ဖြစ် သည်။ mizzima

ထန်တလန်မြို့ စစ်တပ်က မီးထပ်ရှို့ ၊ ယမန်နေ့ မီးလောင်မှု ဘုရားကျောင်းအပါအဝင် နေအိမ် ၉၆ လုံး မီးလောင်ပြာကျ

ချင်းပြည်နယ် ထန်တလန်မြို့ကို ယနေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် စစ်တပ်က မီးထပ်ရှို့ကြောင်း The Chin Journal က သတင်းဖော်ပြ သည်။ “ညနေပိုင်းမှာ ကျနော်တို့ သွားရောက်ကြည့်ရှု့ခဲ့တာပေါ့။ မနေ့ညနေပိုင်းကလောင်သွားတဲ့မီးငြိမ်းသွားပေမယ့် ယနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်တပ်က ပြန်ရှို့ခဲ့တယ်။ အခုလည်းလောင်နေတယ်” ဟု လူငယ်က ယနေ့ည ၇နာရီတွင် ပြောဆိုကြောင်း The Chin Journal က ဆို သည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် ညနေ ၄နာရီခွဲခန့်တွင် ထန်တလန်မြို့ မီးလောင်မှုထပ်မံဖြစ်ပွားပြီး စိုက်ပျိုးရေးရပ်ကွက်ရှိ St. Nicolas Catholic ဘုရားကျောင်းလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၇ ရက် ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်မှုတွင် စိန့်နစ်ကောလပ်စ် (St. Nicholas Church) အပါအဝင် ရပ်ကွက် ၃ ခုရှိ နေအိမ် ၉၆ လုံး မီးလောင်ပြာကျခဲ့ကြောင်း Thantlang Placement Affairs Committee (TPAC) ထံမှ သိရှိရသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲမှစ၍ ထန်တလန်မြို့တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဇုန်မွှန် (Zunghmun) ရပ်ကွက်ရှိ နေအိမ် ၄၁ လုံး၊ ၄၁ အိမ်၊ စိုက် ပျိုးရေး (Saihpiozi) ရပ်ကွက်ရှိ နေအိမ် ၃၉ လုံး၊ လုံတီရယ် (Lungtial) ရပ်ကွက်ရှိ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

စက်တင်ဘာလမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့တွင် ဘုရားကျောင်း ၄ ခုနှင့် နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။ khit thit

ပဲ့စင်ကျွန်းမှ မထွက်ခွာပါက ပစ်ခတ်ရှင်းလင်းမည်ဟု ရေလုပ်သားများကို စစ်ကောင်စီတပ် သတိပေး

ထားဝယ်ခရိုင် ပဲ့စင်ကျွန်းပေါ်ရှိ ရေလုပ်သား မိသားစု ၃၀ ကျော်ကို နိုဝင်ဘာလကုန် နောက်ဆုံး ထားပြီး ကျွန်းမှ ထွက်ခွာရန် စစ်ကောင်စီ ရေတပ်က သတိပေးထားသည်ဟု ရေလုပ်သားများက ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းပေါ်တွင် တနိုင်တပိုင် ရေလုပ်ငန်း လုပ်ကိုင်ကြသည့် ရေ လုပ်သားများမှာ ကျွန်းပေါ်တွင် ယာယီ နေထိုင်ကြသူများ သာ ဖြစ်ကြပြီး မထွက်ခွာပါက ပစ်ခတ်ရှင်းလင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

အသက် ၅၀ ခန့်အရွယ် တံငါသည် ရေလုပ်သားတစ်ဦးက “သူတို့က နိုဝင်ဘာ ၃၀ ရက် လကုန်နောက်ပိုင်းတွေ့ရင် ပစ်ခတ်ရှင်းလင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ခင်ဗျားတို့ ဒီကျွန်းမှာမနေနဲ့တော့။ မမြင်ချင်ဘူး။ တခြားကျွန်းတွေမှာ သွားနေလို့လာပြောတယ်” ဟု ပြော သည်။ယခုကဲ့သို့ လာရောက်နှင်ထုတ်သည့်အတွက် ဒေသခံတံငါသည် ရေလုပ်သားများ ဝမ်းစာရှာဖွေရေးအတွက် ထိခိုက်မှုများရှိပြီး စားဝတ်နေရေးအတွက် အခက်အခဲကြုံလာရနိုင်သည်ဟု ရေလုပ်သားများက ပြောသည်။

မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီအစ ပွင့်လင်းရာသီရောက်လျှင် လောင်းလုံးမြို့နယ်ကမ်းခြေကျေးရွာများက ဒေသခံ ရေလုပ်သားတံငါသည်များသည် ပဲ့စင်ကျွန်းကိုလာ၍ ယာယီစခန်းချ နေထိုင်ကြပြီး တပိုင်တနိုင် ရေလုပ်ငန်း လုပ်ကိုင်လေ့ရှိကြသည်။ထို့နောက် အဆိုပါ ရေလုပ်သားများသည် မိုးရာသီတွင် မိမိတို့ကျေးရွာများသို့ ပြန်လေ့ရှိကြသည်ဟု ဒေသခံ များ က ပြောသည်။ကမ်းခြေကျေးရွာများမှ ပင်လယ်ငါးဖမ်းလုပ် ကွက်များဆီ သွားလာရသည်မှာ အလှမ်းဝေးကွာလွန်းသည့်အတွက် သယ်ယူပို့ဆောင်ရေး ခရီးစရိတ်များ သက်သာကာမိစေရန် ရေလုပ်သားတံငါသည်များ ပဲ့စင်ကျွန်းပေါ်တွင် ယာယီစခန်းချနေထိုင်ကာ ငပိ၊ ငါးခြောက်လုပ်ငန်းလုပ်ကိုင် နေကြခြင်း ဖြစ်သည်။

ပဲ့စင်ကျွန်းသည် ထားဝယ်ဒေသအတွင်းက ငါးဖမ်းလုပ်သမားများအတွက် အဓိကအားထားရသည့် ကျွန်းတစ် ကျွန်းဖြစ်သည်ဟုလည်း ရေလုပ် သားများက ပြောသည်။ မိရိုးဖလာ ကမ်းနီးရေလုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကျောင်းကြသည့် နေရာများဖြစ်ပြီး အဆိုပါ ထား ဝယ် ကမ်းရိုးတန်းတစ်လျှောက်ရှိ လောင်းလုံမြို့ နယ်အတွင်း အဓိက အခြေပြုထားသည့် ကမ်းနီးရေလုပ်ငန်း လုပ် ကိုင်နေသည့် လှေအစီးရေ တစ်ထောင်ကျော်ရှိသည်။

အဆိုပါကျွန်းနေရာကိုလုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်း ကောင်အထည်ဖော်ရန် အတွက် အစိုးရအဆက် ဆက် ကြိုးစားခဲ့ကြသည့် နေရာဖြစ်သည်။ပဲ့စင်ကျွန်းအပါအဝင် အခြားကျွန်းနှင့် ကမ်းခြေများမှာ ကမ်းနီးရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ စားဝတ်နေရေးအတွက်သာမက သဘာဝရေဘေး၊ လေဘေးများအတွက်ပါ အရေးပါသည့် ကျွန်းများ ဖြစ်သည်။ စီးပွားရေး လုပ်ငန်းရှင်အချို့က ပဲ့စင်ကျွန်းကို မျက်စိကျ၍ လုပ်ပိုင်ခွင့်လျှောက်ဖူးသည့် ကျွန်းဖြစ်ပြီး ဒေသခံ တံငါသည် ရေလုပ်သားများနှင့် အရပ်ဖက်အဖွဲ့အစည်း ၁၆ ဖွဲ့တို့မှ ကန့်ကွက်ခဲ့ဖူးသည့် ကျွန်းတစ်ကျွန်း လည်း ဖြစ်သည်။ mizzima

ဒီပဲယင်းတွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် တိုက်သဖြင့် ဒေသခံများထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်များအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံသုံးဦးက ဆိုသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူဖြည့်တင်းကာ တိုက်ခိုက်ခဲ့မှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ ဆည်ကြီး၊ သရက်တော၊ မူခတွင်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး စသည့် ကျေးရွာများမှ ဒေသခံများ ညတွင်းချင်း ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ 

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များအသုံးပြုပစ်ခတ်သောကြောင့် ခြောက်ဦးသေဆုံးသည်ဟု ဒေသခံအချို့က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ညောင်လှရွာနှင့် ဆည်ကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာ ၂၇) ၌ စစ်တပ်က ရဟတ်ယာဉ်ငါးစီးဖြင့် စစ်ကူအင်အားဖြည့်တင်းကာ တိုက်ခိုက်ခဲ့သည့်ပြင် ယနေ့တွင်လည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု ကိုညီနောင်ဟု အမည်လွှဲခံယူထားသူ ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။ 

ဒီပဲယင်းမြို့နယ် အရှေ့တောင်ဘက် ၁၀ မိုင်အကွာ မူးမြစ်အနီးရှိ လူဦးရေ ၅၀၀၀ ကျော် နေထိုင်သော ညောင်လှရွာတွင် ယနေ့ နံနက်က မီးခိုးလုံးများ မြင်တွေ့နေရသည်ဟု ၎င်းက ပြောသည်။

“ပြောနေကြတာတော့ ဘုန်းကြီးကျောင်းထဲက ဆိုင်ကယ်တွေကို ရှို့နေတာတဲ့။ အဲဒီမှာ ရွာသားတွေက ဆိုင်ကယ်တွေ ထားခဲ့တာ။ အဲဒါကို ရှို့နေတယ်လို့ သိရတယ်။ လက်နက်ကြီးလက်ငယ်ပစ်သံတွေလည်း ကြားနေရတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေက ကျန်ခဲ့တယ်။ မပြေးနိုင်တဲ့သူတွေပေါ့ဗျာ” ဟု ထွက်ပြေးတိမ်းရှောင်နေသူ ကိုညီနောင်က ပြောသည်။

လက်ရှိတွင် စစ်တပ်က ညောင်လှနှင့် ဆည်ကြီးရွာကို မူးမြစ်ကူး ယဉ်ကျေးတံတားပေါ်တွင် သုံးနေရာခွဲ၍ တပ်စွဲထားကာ ညောင်လှရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ကိုဇီးရိုးဆိုသူ အခြားဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

လုံခြုံရေးအခြေအနေအရ ကိုဇီးရိုးဟု အမည်ပြောင်းထာသူ အဆိုပါ ဒေသခံအမျိုးသားမှာလည်း လက်ရှိတွင် အခြားဒေသခံများနည်းတူ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

“အိမ်တွေကို လက်နက်ကြီးနဲ့ ထုတယ်။ ရွာထဲကိုလည်း လက်နက်ငယ်နဲ့ တရစပ်ပစ်တယ်။ ရွာထဲမှာ ဘယ်သူတွေ ကျန်ရစ်လဲ။ ဘယ်သူတွေသေလဲဆိုတာတွေကိုက လောလောဆယ် ကျွန်တော်တို့ မသိနိုင်ဘူး” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကိုဇီးရိုးက ပြော သည်။ 

ယမန်နေ့ညနေပိုင်းတွင် ညောင်လှရွာအနီးသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်ငါးစီးအနက် လေးစီးသည် စစ်သားများ တင်ဆောင်လာခြင်းဖြစ်ကာ စစ်သားများချပြီးနောက် ညောင်လှနှင့် ဆည်ကြီးရွာကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါဒေသခံနှစ်ဦးနှင့် ညောင်လှရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများအနီးတစ်ဝိုက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်က ရ ဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ 

“သူတို့ (စစ်တပ်)နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ PDF တွေက သူတို့ကို ဝိုင်းထားကြပြီ။ ထွက်ဖို့ မလွယ်တော့ဘူးဆိုပြီး စစ်ကူခေါ်တယ်လို့ မြင်တယ်။ (လက်လုပ်) မိုင်းတွေ ဘာတွေကြောက်ပြီး ဘယ်မှ မထွက်ရဲတော့ဘဲ စစ်ကူခေါ်တာ။ သူတို့က ဆည်ကြီးရွာထဲမှာ မွှေနှောက်နေကြတာ” ဟု ကိုဇီးရိုးက ပြောသည်။ 

အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် ညောင်လှရွာသားကလည်း “ရွာသားတွေကလည်း အသက်လုပြီး ထွက်ပြေးလာရတာ။ ရေရေရာရာ ဘာမှမပြောနိုင်သေးဘူး” ဟု ဆိုသည်။ 

စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်စဉ် ထွက်ပြေးနေသည့် ဒေသခံများအနက် ညောင်လှရွာသား ခြောက်ဦးခန့် သေနတ်ကျည်ဆန်ထိမှန်၍ လဲကျသေဆုံးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု အခြားထွက်ပြေးတိမ်းရှောင်သူ ရွာသားများထံမှ သိရသည်ဟု ကိုညီနောင်က ဆိုသည်။ 

“ဒီနေ့မနက် နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ ဟတ်စကီးတစ်စီး ထွက်လာတယ်လို့ ကြားတယ်။ အခုထိတော့ ရောက်မလာသေး ဘူး။ မနေ့က ပြေးလာတဲ့သူတွေဆီက သိရတာက လေးငါးလောင်းလောက် တွေ့ရတယ်လို့ ပြောတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အဲဒီ(ညောင်လှရွာ) တစ်ဝိုက်က ရွာတွေက အကုန်လုံးပြေးနေရတာ”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့က ကျည်ဆန်ထိမှန်ခဲ့သည့်  ညောင်လှရွာသား လေးဦးအနက် တစ်ဦးသေဆုံးသည်ဟု ကြားသိရသည်ဟုလည်း ကိုဇီးရိုးက ပြော သည်။

ထွက်ပြေးနေရသည့် ပြည်သူများ လိုက်နာရန် အချက်များကို ဒီပဲယင်းမြို့နယ် PDF က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ လယ်ကွင်းထဲတွင် အစုလိုက်နေထိုင်ခြင်းကို ရှောင်ရှားရန်၊ စစ်တပ်က မိုးကာအုပ်ထားသည့် ကားများဖြင့် ဝင်ရောက်နေသာကြောင့် ပြည်သူများအနေဖြင့် ကားကို မိုးကာအုပ်မောင်းနှင်ခြင်း မပြုရန် တိုက်တွန်းထားသည်။ 

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများကို စစ်ကောင်စီက အကြမ်းတမ်းဆုံး ဖိနှိပ်လျက်ရှိရာ ဒီပဲယင်းမြို့အနောက်ဘက်ရှိ ဝန်းရံ၊ ကုန်းရိုးနှင့် တပ်တည် စသည့် ကျေးရွာများကို ယခုလဆန်းပိုင်းတွင် ရဟတ်ယာဉ်လေးစီးဖြင့် ရောက်ရှိလာသည့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ 

ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ၊ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းများအပေါ် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။  myanmar now

ရွှေသောင်ယံကမ်းခြေမှ အိမ် ၃လုံးကို စစ်ကောင်စီ မီးရှို့

ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမြို့ နယ်မြေတွင်းရှိ သစ်ပုတ်တံခါးကျေးရွာက နေအိမ် သုံးလုံးကို PDF အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီက မီးရှို့ခဲ့သည်။အင်အား ၆၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ တစ်ဖွဲ့က သစ်ပုတ်တံခါးကျေးရွာကို ဝင်ရောက်စီးနင်းပြီး PDF များနှင့် ဆက်သွယ်သည်ဆိုကာ ဦးလေးကြီး ဆိုသူ၏ နေအိမ်အပါအဝင် နေအိမ် သုံးလုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများ ပြောသည်။

“အားလုံးမလှုပ်နဲ့ ပစ်ထည့်လိုက်မယ်ဆိုပြီး တစ်ဒိုင်း ဒိုင်းနဲ့ ပစ်တယ်။ မီးလောင်ပြီး သေသွားတဲ့ ဝက်ပေါက်စ တောင်မချန်ဘူး ယူသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။မီးရှို့ဖျက်ဆီးခံလိုက်ရသည့် အဆိုပါ နေအိမ် သုံး လုံးတွင် နေထိုင်သူများထဲက လူလတ်ပိုင်းတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး၊ ကျန်သည့်သူများအားလုံး ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဒေသခံ တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုနေအိမ် သုံးလုံးကို မီးမရှို့မှီ နေအိမ်များအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူကြသည့်အပြင် အိမ်ပိုင်ရှင်များက မွေးမြူထားသည့် ကြက်၊ ဝက်များကိုလည်း ပစ်သတ်၍ ယူသွားကြ သည်ဟု ဒေသခံများက ပြောသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ပုတ်တံခါးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာ ၂၈ ရက်နေ့(ယနေ့) နံနက်ပိုင်းအထိ ဆက်လက်တပ်စွဲထားပြီး ၎င်းအိမ်ရှိ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကိုလည်း ဖမ်းဆီး ထား၍ စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ တတိယအပတ် နောက်ဆုံးရက်များက ရွှေသောင်ယံကမ်းခြေမြို့နှင့် နယ်မြေထိစပ်နေသည့် ချောင်း သာကမ်းခြေမြို့တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဒေသခံ ၁၁ ဦးကို ဖမ်းဆီး သွားပြီး နေအိမ် တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်ခဲ့ကြသည်။ mizzima

« Older Entries