Monthly Archives: Nov 2021

ဖားကန့်တွင် စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူအင်အား ၂၀၀ ကျော် ဆန္ဒဖော်ပြ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်မြို့ တိုင်းရင်းသားပေါင်းစုံ ပင်မ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်အာဏာပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လူအင်အား နှစ်ရာကျော်ရှိတဲ့ ဖားကန့်မြို့နယ် တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဟာ  စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ ကျောင်းမတက်နဲ့ကျောင်းထွက်၊ PDF တွေ ဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ် စတဲ့ကြွေးကြော်သံတွေ  တနာရီကြာ ငြိမ်း ချမ်း စွာ စီးတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဖားကန့်မြို့ တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဟာ ဖော်ဖော်ဝါရီလ စစ်အာဏာသိမ်းစဉ်ကတည်းက  စစ်အာဏာရှင်ပြုတ်ကျရေး ဆက်တိုက်ဆန္ဒဖော်ထုတ်ခဲ့တာဟာ ဆယ်လကြာပြီဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ပစ်သတ်ခဲ့ပေမဲ့ ဆန္ဒပြပွဲတွေကတော့ ဒီနေ့အချိန်ထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ DVB

ကန်ပက်လက်မြို့ အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း ချင်းကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က သေဆုံးသူနှင့် ဒဏ် ရာရရှိသူ ရှိကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ယနေ့ နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် ထုတ်ပြန် သည်။

ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ မှ ၂ နာရီ မိနစ် ၄၀ အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦး‌ သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ သွားကြောင်း ထုတ်ပြန်ထားသည်။ CDF Kanpetlet တပ်ဖွဲ့ဘက်ကမူ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ဆိုထားသည်။ ယခုရက်ပိုင်းအတွင်း CDF Kanpetlet နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေ၍ လုံခြုံရေးအတွက် သတင်းမီဒီယာများအ နေဖြင့် သတင်းရယူ မေးမြန်းခြင်း သည်းခံပေးရန်နှင့် တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ပေးကြပါရန် နှိုးဆော်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၂၃ ရက်ကလည်း ကန်ပက်လက်မြို့နယ် အတွင်းရှိ အောက်လက်မွန် ကျေးရွာတွင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးသွားကြောင်း CDF Kanpetlet က ထုတ်ပြန်ထားသည်။ mizzima

ကျောက်ပန်းတောင်းတွင် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်ကို နိုဝင်ဘာလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း TTA ပြောက်ကျားတပ် (တောင်သာ) ၏ ပြန်ကြားရေး ဝာာဝန်ခံက မဇ္ဈိမကို ပြောသည်။

“သူက အရင်ထဲက ဒလန်လုပ်တာ လူတွေကို အရမ်းဒုက္ခပေးတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ ရှေ့က ဦးဆောင်ပြီး ဒလန် အမြဲလုပ်တာ။ ခန္ဓာ ကိုယ်ပိုင်းကို ပစ်ခဲ့တာ။ ဆေးရုံပို့တော့ အဲ့ဒီမှာ သေသွားတာ” ဟု ၎င်းက ပြောသည်။

ဦးဝင်းညွန့်သည် ပျူစောထီးအဖွဲ့တွင် ဦးဆောင်ပါဝင်ပြီး ဒေသခံများ ဖမ်းဆီးခံရမှုတွင် စစ်ကောင်စီ ထံ သတင်းပေးပို့ခဲ့သူဖြစ်သည်ဟု ဒေသခံများက ယုံကြည် နေကြသည်။ ယခု ပစ်ခတ်မှုကို TTA ပြောက်ကျားတပ် (တောင်သာ) နှင့် 21-ပြောက်ကျားတပ် (ကျောက်ပန်းတောင်း) တို့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ mizzima

မြင်းခြံမြို့နယ်တွင် Mytel တာဝါတိုင် ဖောက် ခွဲဖျက်ဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာအနီးက Mytel တာဝါတိုင် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၄ ခွဲဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို မြေလတ် PDF က လက်လုပ်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာလို့ မြင်းခြံ 27 အဖွဲ့၊ တာဝန်ခံက အတည်ပြုပြောပါတယ်။

မြင်းခြံ 27 အဖွဲ့နဲ့ မြေလတ် PDF တို့ဟာ မဟာမိတ်အဖွဲ့အဖြစ် စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ လက်တွဲတွန်းလှန်သွားမယ်လို့ ဆိုပါတယ်။

Justice for Myanmar ရဲ့ မှတ်တမ်းအရ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီဟာ နိုင်ငံအဝှမ်းမှာ Mytel တာဝါတိုင် ၁၂၀၀၀ ခန့် စိုက်ထူခွင့်ရထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက် Mytel ကုမ္ပဏီဟာ ၃ လအတွင်း ဒေါ်လာ ၂၄.၉ သန်း ထိခိုက်ဆုံးရှုံးပြီး သုံးစွဲသူဦးရေ ၂ သန်းနီးပါးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာရှိတဲ့ Mytel တာဝါတိုင် ၃၀၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့ မှတ်တမ်းပြုစုထားတဲ့အဖွဲ့ဆီက သိရပါတယ်။ DVB

မိုးမောက်၊ ကြံခင်းရွာအနီး ခမရ ၄၃၇ နှင့် K.I.A တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းပြုလုပ် ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာအနီး စစ်ရေးလှုပ်ရှားလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၃၇ စစ်ကြောင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တို့ကြား ယနေ့ မွန်းလွဲပိုင်းတိုင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးကာ လူ သားဒိုင်းပြုလုပ်ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“တိုက်ပွဲဖြစ်တာကတော့ ကြံခင်းရွာဘက်မှာ ဖြစ်တာ၊ အဲဒီမှာက ခမရ ၄၃၇ တပ် ရင်းရှိတယ်။ တပ်ရင်းထဲက ထွက်လာတဲ့အချိန်မှာ K.I.A က ပစ်တာ၊ PDF တွေလည်း ပါတယ်။ လက်နက်ကြီးတွေနဲ့ရော အပြန်အလှန်ပစ်ကြတာဆိုတော့ တိုက်ပွဲပြင်းထန်တယ်လို့ ပြောရမယ်” ဟု ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးစာရင်းအား ကနဦး မသိရှိနိုင်သေးပေ။နှစ်ဖက်ပစ် ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်သည် မိုးမောက်မြို့အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်များပစ်ဖောက်ကာ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း၊ စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန်သူ ပြည်သူ ၁ ဦး ရှိကြောင်း ဒေသသတင်းရင်းမြစ်များ ထံမှ သိရှိရသည်။ khit thit

တောင်ဒဂုံတွင် ကျဆုံးသွားသော မခိုင်ဇာသွယ်၏ ၈ လ ပြည့် ဆွမ်းကပ်လှူဒါန်းခြင်း

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ပြီးခဲ့သည့် မတ် လ၂၈ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ကျည်အစစ်များဖြင့် စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ Aya Banking ဌာနမှ CDM လုပ်ထားပြီး ဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားနေသူ အသက် ၂၆နှစ် အရွယ် မခိုင်ဇာသွယ် ကျဆုံးခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက် သည် မခိုင်ဇာသွယ် ကျဆုံးမှု ရှစ်လပြည့်မြောက်သည့်နေ့ဖြစ်သည်။ မခိုင်ဇာသွယ်၏ မိသားစုဝင်များက ယနေ့တိုင် လွမ်းဆွတ်သတိရ၍ လပြည့်ဆွမ်းများ ပုံမှန်ကပ်လှူခဲ့ကြပြီး ရှစ်လပြည့်သည့် ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင်လည်း ဆွမ်းကပ်လှူဒါန်းမှု ပြုလုပ်ခဲ့ကြသည်။ mizzima

စကစပြည်ထဲရေးလက်အောက် မှီခိုမိန်းမများ သေနတ်ပစ်သင်တန်းတက်ရန်ညွှန်ကြား

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းလိုင်းခန်းများတွင် မှီခိုဇနီးမယားများ သေနတ်ပစ်စစ်သင်တန်းတက်ရန် ညွှန်ကြားထားကြောင်း နေပြည်တော်ရှိသတင်းရပ်ကွက်များက မဇ္ဈိမသို့ ပြောကြားသည်။ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ၏ ညွှန်ကြားချက်ဖြင့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အမိန်ံစာတွင် အိမ်ထောင်သည်များ၏ မှီခိုမိန်းမများသေနတ်ပစ်သင်တန်းတက်ရမည်ဟုပါရှိသည်ဟု သိရသည်။ mizzima

CDM ဆရာ၊ ဆရာမများ၏ အခက်အခဲ လို အပ်ချက်များ သိနိုင်ရန် သုတေသနပြုလုပ်မည်

CDM ဆရာ၊ ဆရာမတွေရဲ့  လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို ပိုမိုသိရှိနိုင်ရန်အတွက် နွေဦးတက္ကသိုလ်ရဲ့ အဆင့်မြင့်ပညာကဏ္ဍက CDM ဆရာ၊ ဆရာမတွေနဲ့ မေးမြန်းဆွေးနွေးကာ သုတေသနပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ သုတေသနမှတဆင့် တွေ့ရှိချက်တွေကို မြန်မာနိုင်ငံရဲ့ ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အသုံးဝင်မယ်လို့ နွေဦးတက္ကသိုလ် တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါကြောင့် နွေဦးတက္ကသိုလ်ရဲ့ ဆွေးနွေးမေးမြန်းမှုမှာ ပါဝင်ပေးနိုင်ဖို့အတွက် CDM ဆရာ၊ ဆရာမတွေကို ဖိတ်ခေါ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ နွေဦးတက္ကသိုလ်ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

CDM ဆရာ ဆရာမတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံးဆိုင်ရာများကိုလည်း နွေဦးတက္ကသိုလ်မှ ကာကွယ်ထိန်းသိမ်းပေးသွားမှာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်ကို ၂၀၂၁ မေလမှာ စတင်တည်ထောင်ခဲ့ပြီး ကြားကာလပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သင်တန်းများဖွင့်လှစ်ကာ သင်ကြားပေးနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကြားကာလပညာရေးကို ပိုမိုပံ့ပိုးပေးနိုင်ဖို့ နွေဦးတက္ကသိုလ်ကနေ စာပေသင်ကြားတာအပြင် CDM ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမတွေနဲ့ တခြားသောဝန်ထမ်းတွေအတွက် အကူအညီများ  ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ DVB

« Older Entries Recent Entries »