ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက လွတ်မြောက်နယ်မြေတွင် နွေဦးစာကြည့်တိုက် ဖွင့်လှစ်

ကယားပြည်နယ် လွတ်မြောက်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် နွေဦးစာကြည့်တိုက် အမှတ် (၁) ကို ဖွင့်လှစ်ခဲ့သည်ဟု ရန်ကုန်နည်းပညာတက္က သိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောသည်။“ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ဖြတ်တောက်ခံ ထားရလို့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတဲ့ ဒေသခံတွေအတွက် ပြင်ပဗဟုသုတ ရှာနိုင်ဖို့ အခုလို စာကြည့်တိုက် ဖွင့်လှစ်ပေးခဲ့တာပါ။
ကလေးတွေ စာကြည့်တိုက်နဲ့ မစိမ်းအောင်၊ အမြဲလာပြီး စာဖတ်နိုင်အောင်ပါ” ဟု ၎င်းက ပြောသည်။ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ အမျိုး သားနေ့ အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပြီးယင်းစာကြည့်တိုက်တွင် လက်ရှိ စာအုပ်အရေအတွက် ၁၂၀၀ ကျော် ဖြည့်ဆည်းထားပြီး ဖြစ်သည်။“နောက်ပိုင်းလည်း စာကြည့်တိုက် သက်ဝင် လည်ပတ်နိုင်အောင် စာကြည့်တိုက်မှူး အနေနဲ့ CDM ဝန်ထမ်း ဆရာ၊ ဆရာမတွေထဲက ရွေးပြီးခန့်ထားတယ်။
ဒီစာကြည့်တိုက်မှာပဲ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာ သင်တန်းတွေပေးနိုင်အောင် စီစဥ်ထားတာတွေလည်း ရှိတယ်” ဟု ကျောင်းသားသမဂ္ဂ တာဝန်ရှိသူ ပြောပြသည်။လက်ရှိတွင် အမှတ် (၁) စာကြည့်တိုက် ဖွင့်လှစ်ပြီး ဖြစ်ကာ နောင်တွင် အမှတ် (၂)၊ (၃) စသဖြင့် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။
စာကြည့်တိုက်များ ထပ်ဖွင့်နိုင်ရန် ကုန်ကျစရိတ်အတွက် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော Yangon Technological University Students’ Union- YTUSU page သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း ပြောဆိုထားသည်။“ ယနေ့ စာကြည့်တိုက် ဖွင့်လှစ်ရေး အားဖြည့်ပေးခဲ့ကြသော ဆေးတက္ကသိုလ်(၁) ကျောင်းသား သမဂ္ဂနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုလည်း ကျေးဇူး တင်ရှိပါတယ်” ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ mizzima