Monthly Archives: Nov 2021

မန္တလေးတွင် ဆက်သွယ်ရေးရုံး၌ အစောင့်ချ ထားသည့် စစ်သားများ ဗုံးပစ်တိုက်ခိုက်ခံရ 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးတွင် အစောင့်ချထားသည့် စစ်သားများ ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ 

နံနက် ၈ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းနှင့် လမ်း ၆၀ (အင်းခရုဘုရား) အနီးရှိ ဆက်သွယ်ရေးရုံးအတွင်း စစ်သား ၂၀ ခန့် ရှိနေစဉ် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် စစ်ကောင်စီတော်လှန်ရေး မြေအောက်လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Generation Z Power (GZP) အဖွဲ့က ဆိုသည်။

“ဒီကောင်တွေ(စစ်သားများ) ရှိတဲ့ ဘယ်နေရာမဆို ကျွန်တော်တို့ တိုက်ခိုက်နေတာပါ၊ အခါတိုင်း အဲ့ဒီရုံးထဲမှာ လေးငါးကောင်လောက်ပဲ ရှိပေမဲ့ ဒီနေ့မနက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အင်အားတိုးထားတာ တွေ့တယ် ။ အယောက် ၂၀ ဝန်းကျင်လောက်ကို ရှိနေတာ” ဟု GZP အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က လက်လုပ်ဗုံးပစ်သွင်းလိုက်တယ်။ တစ်ဖက်မှာလည်း လက်နက်ငယ်နဲ့ အသင့်စောင့်နေတဲ့ တစ်ဖွဲ့က (စစ်သားတွေ) ထွက်မလိုက်နိုင်အောင် ကာပစ်ကြတာပေါ့၊ စစ်ခွေးတွေဘက်ကလည်း အထဲကနေ ပြန်ပစ်တယ်။ ကျွန်တော်တို့က မျက်ကွယ်ဆိုတော့ သူတို့ ရမ်းပစ်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲရာနေရာတွင် စစ်သားလေးဦးလဲနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုပြီး အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်းလည်း ယနေ့မွန်းလွဲပိုင်းတွင် GZP အဖွဲ့က ထုတ်ပြန်ထားသည်။ 

ဆက်သွယ်ရေးရုံးတွင်း တိုက်ခိုက်မှုဖြစ်ကြောင်း၊ နှစ်ဖက်ထိခိုက်မှုအခြေအနေ မကြားသိရသေးကြောင်း အင်းခရုဘုရားအနီးနေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီရုံးထဲမှာက အမြဲတမ်းစစ်သားတွေရှိတယ်။ အပြင်ကနေကြည့်ရင် မမြင်သာဘူး။ အထဲမှာတော့ သေနတ်တစ်ကားကားနဲ့၊ ဒီနေ့လာပစ်ခံရတော့လည်း အပြင်ထွက်လာတာ မတွေ့ရဘူး။ ပစ်သံတွေတော့ ဆူနေတာပဲ၊ ဗုံးကတော့ တစ်လုံးပဲ ကွဲသံကြားတယ်၊ စစ်သားတွေ ထိမထိက မမြင်ရဘူး၊ သွားလည်း မကြည့်ရဲဘူးလေ” ဟု ထိုအမျိုးသမီးက ဆိုသည်။

မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စစ်ကောင်စီတပ်ဖွဲ့များကို အဆက်မပြတ်တိုက်ခိုက်နေပြီး ကင်းလှည့်နေသည့် စစ်ကားများ၊ စစ်တပ် တပ်စွဲထားရာနေရာများကို လက်လုပ်ဗုံးဖြင့် အများဆုံးတိုက်ခိုက်နေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ကလည်း မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း (ဧရာဝတီမြစ်ကမ်း)ရှိ ကုန်စိမ်းဈေးအနီး ကင်းလှည့်နေသည့် စစ်ကားကို ဒေသခံပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိ ဒေသများအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ဒေသခံ PDF များနှင့် အပြင်းအထန်တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီက ရဟတ်ယာဉ်များပါ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ 

စစ်ကိုင်းတိုင်းအနောက်ပိုင်း မြန်မာ – အိန္ဒိယနယ်စပ် တမူးမြို့တွင်လည်း ယနေ့ နံနက်ပိုင်းက စစ်ကောင်စီရဲကင်းတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးကာ သေနတ်နှစ်လက် ရရှိခဲ့ကြောင်း PDF အဖွဲ့ဝင်အချို့ကို ကိုးကား၍ ချင်းဒေသအခြေစိုက် Zalen News သတင်းဌာနက ဖော်ပြသည်။ myanmar now

မိုးညှင်းတွင် စစ်ကောင်စီ ယာဉ်တန်းကို KIA နှင့် PDFက မိုင်းခွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို KIAတပ်ဖွဲ့ နှင့် PDF တပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆နာရီခန့်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း KIA သတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် မိုးညှင်းမှ မြစ်ကြီးနားသို့ အိမ်စီးကား ၂စီးဖြင့် တက်လာခြင်းဖြစ်ပြီး လက်ပံသာ ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရပြေီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ပြန်လည်ပတ်ခတ်ခဲ့ပြီး လက်ပံသာရွာ နှင့် နန့်မားရွာတို့ရှိ လူနေအိမ်တချို့ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ khit thit

CDF-Lautu စစ်သင်တန်းပုံများ ထုတ်ပြန်

ချင်းပြည်နယ် ဒေသကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Chinland Defense Force-Lautu က ၎င်းတို့၏ အခြေခံ စစ်သင်တန်းပုံများကို ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ ထုတ်ပြန်ထားသည်။ Chinland Defense Force –Lautu သည် ချင်းပြည်နယ် အ လယ် ပိုင်းကို အခြေပြုပြီး ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဖြစ်ပြီး စစ်ကောင်စီ တပ်များအား လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိသည်။ mizzima

ထားဝယ်တွင် တက္ကသိုလ် ကျောင်းသားဟောင်း ၁ ဦး အဖမ်းခံရ

ထားဝယ်တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦး ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် နေအိမ်၌ ဖမ်းဆီးခံရကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ဖမ်းဆီးခံရသူသည် ထားဝယ် တက္ကသိုလ် သင်္ချာကျောင်းသားဟောင်း ကိုကောင်းမြတ် ဖြစ်ပြီး ၎င်းကို ဇလွန်းရွာရှိ နေအိမ်တွင် အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့များက လာရောက် ဖမ်းဆီး သွားသည်ဟု ဆိုသည်။

စစ်ကောင်စီက ကိုကောင်းမြတ်ကို မည်သည့် အကြောင်းကြောင့် လာရောက်ဖမ်းဆီးသွားပြီး မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရသေးပေ။ ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်တွင်လည်း ထားဝယ်တက္ကသိုလ် သင်္ချာဌာနမှ ပထမနှစ်ကျောင်းသား ကိုဇင်လင်းဦးနှင့် မြိတ်နည်းပ ညာ တက္ကသိုလ်မှ ကိုအောင်ဘုန်းခန့်တို့ကို စစ်ကောင်စီက ၎င်းတို့၏ နေအိမ်များ၌ လာရောက် ဖမ်းဆီးသွားပြီး အတူရှိသည့် လူငယ် အနည်း ဆုံး လေးဦးကိုပါ ဖမ်းသွားကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။ mizzima

လျှပ်စစ်ယာဥ်ထုတ်လုပ်ရေးလုပ်ငန်းကို ရင်းနှီးမြှပ်နှံမှု ဦးစားပေးဖိတ်ခေါ်မည့် ကဏ္ဍ ၇ ခုတွင် စစ်ကောင်စီ ထည့်သွင်း

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က  ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဦးစားပေးလုပ်ငန်းကဏ္ဍ ၇  ခုကို မကြာသေးခင်က   ထုတ်ပြန်ခဲ့ရာမှာ လျှပ်စစ်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

အခု စစ်ကောင်စီ ဦးစားပေး ဖိတ်ခေါ်ထားတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်း အမျိုးအစားတွေကတော့ လျှစ်စစ်ယာဥ်တွေထုတ်လုပ်တဲ့လုပ်ငန်းနဲ့ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဓာတ် မြေသြဇာ ထုတ်လုပ်တဲ့လုပ်ငန်း၊ ဘိလပ်မြေနဲ့ သံမဏိထုတ်လုပ်တဲ့လုပ်ငန်း၊ ဆေး၀ါးနဲ့ ကျန်းမာရေး ဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပြင် အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ လည်း ပါ၀င် ပါတယ်။

အဲဒီလုပ်ငန်း အမျိုးအစားတွေမှာ ရင်းနှီးမြှပ်နှံဖို့ ပြည်တွင်း၊ပြည်ပ  ရင်းနှီးမြှပ်နှံသူတွေက အဆိုပြုတင်ပြလာမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေပါ လုပ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ယခင် ၀င်ရောက်ထားပြီး ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ပြန်လည် ဆုတ်ခွာနေချိန်  စစ်ကောင်စီက ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံသူတွေကို အခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ယာဉ်၊ ရထား ပြေးဆွဲဖို့ အခြေခံ အဆောက်အဦ အဆင်သင့် မရှိသေးပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံတ၀န်းလုံးမှာ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေပြေးဆွဲပြီး  မြေအောက်ရထားလမ်းတွေ၊ ဥမင်တွေ  ဖောက်လုပ်မယ်လို့ မကြာခဏ ပြောကြားနေတာပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိတိုင်းပြည်ရဲ့စီးပွားရေးက အနိမ့်ဆုံး အဆင့်ကိုကျဆင်းနေချိန် စစ်ခေါင်းဆောင်ရဲ့ အဲဒီပြောကြားချက်ဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့ ဝေဖန်မှုတွေ လည်းရှိခဲ့ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ တို့လို ငွေကြေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေက  မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို  သိသိသာသာကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်းကတော့ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး တိုး တက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ရရှိဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ရှိပြီးလုပ်ငန်းတွေက ရင်းနှီးမြှပ်နှံမှုတိုးမြှင့်တာတွေ အပါအ၀င် စုစုပေါင်း ခွင့်ပြုခဲ့တဲ့  ရင်းနှီးမြှပ်နှံမူပမာဏက အမေရိကန် ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံ သာရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးပမာဏထိ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ရည်မှန်းချက်က အမေရိကန်ဒေါ် လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပေမဲ့ တကယ်တမ်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပမာဏ ၃ ဒသမ ၈ ဘီလီယံ လောက်  သာ၀င်ရောက်ခဲ့တာကြောင့် လျာထားချက်ရဲ့ ၆၅ ရာခိုင်နှုန်း၀န်းကျင်သာ ရရှိခဲ့ပါတယ်။

အရပ်သားအစိုးရတာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ စုစုပေါင်းဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော်  ထိရှိခဲ့တာကြောင့်  ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၂  ရာခိုင်နှုန်း ဝင်ရောက်မှု လျော့ကျခဲ့တာပါ။

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (နှစ်၀က်ဘတ်ဂျတ်)  ပထမအစည်းအဝေးမှာ  ဟို တယ်နဲ့ခရီးသွားကဏ္ဍအပါအ၀င်  စိုက်ပျိုးရေး ကဏ္ဍ၊ ကုန်ထုတ်လုပ်မူကဏ္နဲ့ ၀န်ဆောင်မူကဏ္ဍတွေက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုခဲ့ပြီး ၊ အရင်ရှိထားပြီးလုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်တာအပါအ၀င်  အဲဒီခွင့်ပြု လုပ်ငန်းတွေရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာ ဏက အမေရိကန်ဒေါ်လာ  ၂၀၄ သန်းကျော် ရရှိထား တယ်လို့ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ DVB

အကြမ်းဖက် စစ်ကောင်စီ ဩဇာခံ မြန်မာသံ အမတ်များနှင့် သံရုံးဝန်ထမ်းများ ပြည်သူနှင့်ပူးပေါင်းကြရန် NUG က နောက်ဆုံးအကြိမ် သတိပေး၊ စစ်ကောင်စီကို ထောက်ခံလျှင် ပြည်သူကို သစ္စာဖောက်မှုဖြင့် အရေးယူမည်

မင်းအောင်လှိုင်နှင့် ၀ဏ္ဏမောင်လွင်ကို လက်အောက် အကြမ်းဖက် စစ်ကောင်စီ ဩဇာခံ မြန်မာ သံအမတ်များနှင့် နိုင်ငံခြားဝန်ထမ်းများ ပြည်သူနှင့်ပူးပေါင်းကြရန် NUG က သတိပေးချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။NUG က ထုတ်ပြန်သော သတိပေးချက်တွင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နေ့မှစတင်၍ နိုင်ငံတော်အာဏာကို အ ကြမ်းဖက်နည်းလမ်းဖြင့် မတရား သိမ်းယူရန် ကြိုးပမ်းခဲ့သည်မှာ ယခုဆိုလျှင် ကာလအားဖြင့် (၉) လတိုင်တိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီသည် နိုင်ငံတော်ကိုအုပ်ချုပ်ရန်နှင့် ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် စစ်မှန် သောစိတ်ရင်းစေတနာမရှိသည့်အပြင် ၎င်းတို့ မိသားစု၊ လူတစ်စု၏ အကျိုး စီးပွားကိုသာ ရှေးရှုကာနိုင်ငံသားများအပေါ် တရားဥပဒေမဲ့ ဖမ်းဆီး ညှင်းဆဲ သတ်ဖြတ်ကာ လူသားများပေါ် ထိခိုက် နာကျင်စေသည့် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် လျှက်ရှိသည့် အတွက် ပြည်သူများသည် သေကြေပျက်ဆီးမှုများ၊ ထိခိုက်နာကျင်မှုများနှင့် ကြီးစွာသော ဒုက္ခအလုံးစုံကို ကြုံတွေ့ ခံစားနေရကြောင်း ရေးသားဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသည့် ဝဏ္ဏမောင်လွင်သည် လည်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ကို တာဝန်ယူသည့်အချိန်မှစတင်၍ စစ်ကောင်စီကိုဆန့်ကျင်သည့် ဝန်ထမ်းများအား ဖိနှိပ်လျှက် ရှိပြီး၊ ၎င်း ၏ လက်အောက်ခံ ဘက်တော်သားဝန်ထမ်းများနှင့် အတူ နိုင်ငံတကာမျက် နှာစာတွင် စစ်ကောင်စီ၏ အကျိုး စီးပွားကာကွယ်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူ့ဘက်မှ ရပ်တည်၍ အကြမ်းမဖက် အာ ဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်သည့် Civil Disobedience Movement (CDM) တွင် ပါဝင်ခဲ့သော ပြည်ပရောက် မြန်မာသံတမန်များ ကို အလုပ်မှထုတ်ပစ်ခြင်း၊ သံတမန် နိုင်ငံကူးလက်မှတ်များ ဖျက်သိမ်းခြင်း၊ အမည်မည်းစာရင်းသွင်းခြင်းနှင့် သတင်းထောက်လှမ်းခြင်းများ ကို ပြုလုပ်ခဲ့ပြီး၊ ပြည်တွင်းရှိ CDM ဝန်ထမ်းများ အပေါ်တွင်လည်း ဖိနှိပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင် စေခြင်းနှင့် အကျဉ်းကျစေခြင်း များကို စစ်အာ ဏာ ရှင် အလိုကျဆောင်ရွက်လျက်ရှိကြောင်း NUG က ထုတ်ပြန်သည်။

ထို့ပြင်ပြည်ပရှိ မြန်မာသံရုံးများအားစစ်ကောင်စီ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ပြည်သူများ ခံစားနေရသည်ကို ကိုယ်ချင်းမစာ သ တင်း အချက်အလက်အမှားများကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ အစိုးရများထံသို့ ချွင်းချက်မရှိ ဝါဒ ဖြန့်ချိပေးရန် ညွှန်ကြားစေခိုင်းလျက်ရှိကြောင်း၊ ထိုနည်း တူစွာ ပြည်ပရှိ မြန်မာသံရုံးများ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များအပေါ် တရား ဥပဒေ နှင့် ကိုက်ညီခြင်းမရှိသော အမိန့်နှင့်ညွှန်ကြားချက်များ ချမှတ်ခြင်း၊ အမည်ပျက် စာရင်းများ သွင်းစေခြင်း နှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်မှုမရှိဘဲ စစ်ကောင်စီ၏ အကျိုးစီးပွားအတွက်သာ ရှေးရှုဆောင်ရွက်ရန် စေခိုင်းညွှန်ကြားမှုများကြောင့် ပြည်ပ ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် အခက်အခဲများ ရင်ဆိုင်နေရပါကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံက ကတိကဝတ်ပြု၍ လေးစားလိုက်နာ ကျင့်သုံးခဲ့သော အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် ပြည်တွင်းရှိ တည်ဆဲဥပဒေများကိုချိုးဖောက်ကာ ကြီးလေးသော ပြစ်မှုများကိုကျူးလွန်လျက် မြန်မာ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးနေကြောင်း၊ နိုင်ငံတကာမျက်နှာစာ တွင် လည်း မြန်မာနိုင်ငံက စောင့်ထိန်းလိုက်နာခဲ့သော ကတိကဝတ်များကို လေးစားလိုက်နာနိုင်ခြင်း မရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ အနေဖြင့် စစ်ကောင်စီကိုအစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံရန် ဆန္ဒမရှိသည်ကို သိသာထင်ရှားစွာ တွေ့မြင်နေရပြီး ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများ၏ လက်ဝယ်သို့ နိုင်ငံတော်အာဏာ မူလအတိုင်း ပြန်လည်ရောက်ရှိသည့် အခါ၌ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ဝဏ္ဏမောင်လွင်အပါအဝင် ၎င်း၏ ဘက် တော်သားဝန်ထမ်းများ၊ စစ်ကောင်စီမှ တိုးမြှင့်ပေးထားသည့် ရာထူးများနှင့် အခွင့်အရေး များကို ရယူလျှက် စစ်အာဏာရှင် အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့် ပြည်သူ့ဘက် တော်သား CDM ဝန်ထမ်းများအပေါ် ဖိအားပေးအရေးယူသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အနေဖြင့် မတရား လုပ်ရပ်များကို ရပ်တန်းက ရပ်ရန် နှင့်‌ ၎င်းတို့ကို ပြည်သူအပေါ် သစ္စာဖောက်ဖျက်မှုဖြင့် ကြီးလေးသောပြစ်ဒဏ်များ ချမှတ် အရေးယူသွားရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း NUG က သတိပေးထားသည်။

ပြည်ပရောက် မြန်မာသံတမန်များအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် စစ်အာဏာရှင်၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နေကြသည့် သံ တမန်များအဖြစ်မှ ရုန်းထွက်ကြရန်၊ မိမိတို့၏ နိုင်ငံတော်နှင့် အနာဂတ်မျိုးဆက်သစ်များ၏ ရှေ့ရေးကို လေးနက်စွာရှေးရှုလျက် အကြမ်းဖက် စစ်ကောင်စီကို ကိုယ်စားမပြုဘဲ ပြည်သူများနှင့်အတူ ရပ်တည်ကြရန်၊ “ပြည်သူသာအဓိက၊ ပြည်သူနှင့် အတူ” ဟူသောစကားလုံးများကို စာ ရွက်ပေါ်တွင် မထားကြဘဲ လက်တွေ့ဖော်ဆောင် ပြသကြရန်၊ နိုင်ငံတကာတွင် ပြည်သူဘက်မှ ရပ်တည်နေသည့် သံတမန်များ အဖြစ် မိမိကိုယ်ကို လိပ်ပြာ သန့်သော အသိတရားဖြင့် ရပ်တည်ကြရန် တိုက်တွန်းလျက် နိုင်ငံနှင့်ပြည်သူများအတွက် သံတမန်ကောင်း ပီသစွာ တရားသော ဓမ္မဘက်သို့ အချိန်မှီကူးပြောင်းကာ ပြည်သူများနှင့်အတူ အမြန်ဆုံး လက်တွဲညီညီ ပူးပေါင်း ၍ စစ်အာဏာရှင် စနစ် အမြန်ဆုံး အဆုံး သတ်ရေး ဆောင်ရွက်ကြရန် နောက်ဆုံးအကြိမ် အဖြစ် သတိပေး အပ်ကြောင်း NUG က ဆိုသည်။

ပြည်သူနှင့် အတူ ရပ်တည်သည့် မြန်မာသံတမန်များ ကို အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ အနေဖြင့် အစဉ်လက်ကမ်းကြိုနေမည်ဖြစ်ပါကြောင်း နှင့် ပြည်ပရောက် မြန်မာသံတမန်များ အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သို့လည်းကောင်း၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ချက်သမ္မတနိုင်ငံ၊ ယူကေ နိုင် ငံတို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်ရုံးများသို့ လည်းကောင်း၊ ဆက်သွယ်နိုင်ပါကြောင်း NUG က ကြေညာ သည်။ khit thit

နှစ်ဖက် တပ်ဖွဲ့များထံ အကြောင်းကြား၍ မင်းတပ်-မတူပီလမ်းကို သွားလာနိုင်ဟု ဒေသခံများပြော

ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခြောက်လကျော် ခရီးအသွားအလာ မရှိသည့် မင်းတပ်-မတူပီ ကားလမ်းမကို ယခုချိန်တွင် နှစ်ဖက် တပ်ဖွဲ့များထံ အကြောင်းကြား၍ သွားလာနိုင်သည်ဟု ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။‘

’အခုတော့ နှစ်ဖက် အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားလာရင် အန္တရာယ်မရှိဘူး။ ကျွန်တော်တို့လည်း ဈေးတင် မရောင်းချင်ဘူး။ ဒါ ပေမဲ့ ခရီးက နှစ်ဆ ဖြစ်သွားတယ်။ ဆီကုန်တာလည်း နှစ်ဆနီးပါး ကုန်တော့ ဈေးတွေ တက်သွားတယ်။ အခု ဒီလမ်းကြောင်း အဆင်ပြေရင် မတူပီအတွက် ကုန်ဈေးနှုန်းတွေလည်း ပုံမှန် ပြန်ဖြစ်သွားမှာပါ” ဟု အဆိုပါ ကုန်သည်က ပြောသည်။

မင်းတပ်-မတူပီ ကားလမ်း ခြောက်လကျော်ကြာ ပိတ်ထားသည့်အတွက် မတူပီမြို့သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ပခုက္ကူ-ဂန့်ဂေါ-ရေဇွာဘက်ခြမ်း လမ်းကို အသုံးပြု နေရခြင်းကြောင့် မိုင် ၂၀၀ ကျော် ပိုဝေးပြီး ကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။မတူပီ- မင်းတပ် လမ်းကိုအသုံးပြုမည်ဆိုပါက ခရီးသည်တင် ကားနှင့် ကုန်ကားများ အနေဖြင့် မတူပီအခြေစိုက် စစ်ကောင်စီ ဗျူ ဟာတွင် စာရင်းပေးသွင်းရပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ထံ အကြောင်းကြား၍ သွာလာနိုင်သည်ဟု ဆိုသည်။

”ပြီးခဲ့တဲ့ အပတ်က ပခုက္ကူကနေ မတူပီ နာရေးကူညီမှုအသင်း ကားတစ်စီး လူနာတင်ပြီး မတူပီကို ဒီလမ်းကို အသုံးပြုပြီ ပြန်ရောက် လာကြတယ်။ ဒီနေ့ မနက်လည်း မတူပီကနေ ကားခြောက်စီး ဆင်းသွားကြတယ်” ဟုလည်း မတူပီ မြို့ပေါ် ဒေသခံတစ်ဦးက ပြောသည်။ မတူပီ- မင်းတပ်လမ်းသည် ၁၀၄ မိုင်သာ ကွာဝေးပြီး ပခုက္ကူ-ဂန့်ဂေါ-ရေဇွာဘက်ခြမ်း လမ်းထက် ခရီးမိုင် ၂၀၀ ကျော် သက်သာမည် ဖြစ်သည်။ mizzima

ဒီပဲယင်းနှင့်ကနီတွင် တိုက်ပွဲများဆက်ဖြစ်၊ ယာတဲများမီးရှို့ခံရပြီး ဒေသခံများ ထွက်ပြေးနေရ


စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ကနီမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသ ခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က တောင်ယာတဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာပြည်သူတွေရဲ့ တောင်ယာတဲတွေကို နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့ ဆပ်ပြာကျင်းရွာက လူတွေရဲ့ တောင်ယာကို တောတက်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင် အ‌ခြေချနေထိုင်တဲ့ တဲစုလို့‌ ပြောရမယ်ဗျ။ အဲလူနေထိုင်တဲ့ တဲတွေကို မီးရှို့သွားတာ။ မီးလောင်တဲ့အထဲ စက်ဘီး၊ ဆိုင်ကယ်၊ လယ်ထွန်စက်၊ စားနပ်ရိက္ခာတွေ အကုန်ဆုံးရှုံးသွားတယ်တယ်။ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသား သိန်းငါးဆယ်ကျော်လည်း သူတို့ယူသွားကြတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် တောင်ယာတဲနေအိမ် ဘယ်နှလုံး မီးရှို့သွားတာကို အတိကျမပြောနိုင်သေးဘဲ တဲ ၃ လုံးကို မီးရှို့သွားတာတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် ညောင်လှရွာကို နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေ ချပေးခဲ့ပြီး အဲဒီရဟတ်ယာဉ်တွေနဲ့အတူပါလာတဲ့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ရွာသား ၂၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတပ်သားတွေနဲ့ အနီးက ရွာတခုဖြစ်တဲ့ ဆည်ကြီးရွာမှာ ရောက်ရှိတပ်စွဲနေတဲ့ စစ်ကောင်စီ တပ်သား အင်အား ၁၅၀ လောက်နဲ့ ရွှေဘို မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်သား ၅၀ လောက် သေဆုံးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရထားတယ်လို့ ရွှေဘို မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ လတ်တလောမှာတော့ စစ်ရေးအခြေအနေ တင်းမာနေပြီး အသေးစိတ်တွေကို မသိရသေးဘူးလို့ ဒေသခံတယောက် ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးကျေးရွာမှာ တပ်စွထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းပေါ်မှာတည်ရှိတဲ့ နတ်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ချင်တွင်းမြစ်အနောက်ဘက်ကမ်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့  ပစ်ခတ်နေတာတော့ ၄ ရက်မြောက်ရှိနေပြီဗျ။ ဒီကောင်တွေ အထက်က ဆုန်လာမဲ့ ကျောက်မော်တော်ကို ကာကွယ်ရေးလာလုပ်တဲ့သဘောပဲဗျ။ ကျနော်တို့က မြစ် အနောက်ဘက်ကမ်းကနေ ပစ်တယ်။ သူတိုကလည်း လက်နက်ကြီးတွေ ပြန်ပစ်တာတွေ ရှိတယ်။ ၂၈ ရက်နေ့က ည ၇ နာရီအချိန်လောက် ဒီကောင်တွေ ကျနော်တို့စခန်းရှိတဲ့ ငါဖျတ်ရွာဆိပ်ကမ်း အထိ တက်လာတယ်။ အဲလိုတက်လာလို့ ကျနော်တို့ အပြန်အလှန်တိုက်ပွဲ ၂ နာရီလောက် ဖြစ်လိုက်သေးတယ်။ အကျဆုံးကတော့ ကျနော်တို့ဘက်က မရှိဘူး။ သူတို့ဘက်ကတော့ ဘယ်လောက်ကျမယ်ဆိုတာတော့ အတိအကျ မပြောနိုင်ဘူးဗျ။ ဒီနေ့ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်ဗျ။ လက်ရှိအချိန်အထိ နှစ်ဖက်တင်းမာနေဆဲပဲလို့ ဒေသခံပြည်သူကာကွယ်ရေးတပ်မတော်အဖွဲ့ရဲ့  ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အခုလို ချင်းတွင်းမြစ် အရှေ့ဘက်၊ အနောက်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်နေတာ ကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ မုဌေါကျေးရွာ၊ ငါဖျတ်နဲ့ ပန်းဆိုင်း ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ DVB

« Older Entries Recent Entries »