ဂန့်ဂေါတွင် ဦးမြို့သိန်း၊ မောင်သားထွန်း၊ ဦးလှဆောင်၊ ဦးတင်မောင်ဝင်း၊ နောင်နောင်နှင့် မှိုင်း ဝေ အပါအဝင် ၆ ဦးကို စစ်တပ်က သတ်ဖြတ်၊ အရာတော်တွင် LGBT လူငယ် ကျော်ကျော်ထွေး သတ်ဖြတ်ခံရ

အကြမ်းဖက်စစ်ကောင်စီတပ်များက မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ဦးမြို့သိန်း၊ မောင်သားထွန်း၊ ဦးလှဆောင်၊ ဦးတင်မောင်ဝင်း၊ နောင်နောင်နှင့် မှိုင်းဝေ အပါအဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် LGBT လူငယ် ကျော်ကျော်ထွေးလည်း သတ်ဖြတ်ခံရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် ဖြတ်သန်းရာ လမ်းတလျှောက် ရမ်းသန်းပစ်ခတ်ခြင်းများကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့သလို အခြားပြည်သူ ၅ ဦးကို အကြောင်းမဲ့သတ်ဖြတ်ပြီး အချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။နိုဝင်ဘာလ ၂၃ ရက်တွင် စိန်ဒူးရွာအကျော်၌ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ အုတ်ဖိုတွင် အလုပ်လုပ်နေသည့် အသက် ၅၃ နှစ်အရွယ် ဦးမြို့သိန်း လက်နက်ကြီး ထိမှန်သေဆုံးသွားကြောင်း၊ နိုဝင်ဘာလ ၂၆ ရက်တွင် မောက်လင်းရွာရှိ ကျွဲ၊ နွားကျောင်းနေသည့် အပြစ်မဲ့ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် မောင်သားထွန်းအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း PDF-Gangaw ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ကျန် ပြည်သူ ၄ ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုကာ မောက်လင်းရွာ စစ်ရှောင်တဲမှ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်တွင် တောင်တလုတ်လယ်ကွဲ-ရွာမြင်တောင်ကုန်း၌ ဖမ်းဆီးခံ အပြစ်မဲ့ပြည်သူများထဲမှ ဦးလှဆောင်-၅၃နှစ်၊ ဦးတင်မောင်ဝင်း-၄၉နှစ်၊ နောင်နောင်-၃၂နှစ်နှင့် မှိုင်းဝေ-၂၈နှစ်တို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ဖိုးပြူး-၂၂ နှစ်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လေ့ရှိသူ LGBT လူငယ် ကျော်ကျော်ထွေး သတ်ဖြတ်ခံရကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လူငယ်ကျော်ကျော်ထွေးသည် နေအိမ်မှ ပျောက်ဆုံးသွားပြီး ၉ ရက်အကြာ နိုဝင်ဘာလ ၂၃ ရက်တွင် ၎င်း၏ ရုပ်အလောင်းကို ဝါရောင်းကျေး ရွာနှင့် ကျောက်ပြောက်ကျေးရွာကြားတွင် ပြန်လည် တွေ့ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အလောင်းမှာ ပုံပျက်နေပြီဖြစ်သော်လည်း မိခင်ဖြစ်သူမှာ သူမ၏အငယ်ဆုံးသား‌လေးကို ချက်ချင်းမှတ်မိခဲ့ပြီး ၎င်းနှင့်အတူပါသွားသော ဆိုင်ကယ်တစ်စီး၊ ဆွဲကြိုး (၁) ကုံး၊ ဖုန်း(၁)လုံးနှင့် ငွေ(၂)သိန်းတို့ကို အလောင်းနှင့်အတူ မတွေ့ရကြောင်း မိသားစုက အတည်ပြုကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန် ကြားရေးက သတင်းဖော်ပြသည်။

ကိုကျော်ကျော်ထွေး အသတ်ခံရခြင်းနှင့် ပတ်သက်၍ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကလည်း တရားမျှတမှုရရှိစေရန် စုံစမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အားကိုးစရာမလိုဘဲ ပြည်သူ့အင်အားစုများက တရားမျှတမှုရရှိစေရန် ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း မြို့နယ် ပအဖ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s